မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့က နာရေး ပြုလုပ်နေသော နေအိမ်တစ်လုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး ၁၁ ဦးသေဆုံးကာ လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော ရွာခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးရက်လည်နေ့အဖြစ် ပြုလုပ်နေချိန် နံနက် ၈ နာရီခန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
နာရေးရက်လည် ဧည့်ခံကျွေးမွေးနေခြင်းဖြစ်ပြီး လူစည်ကားချိန်ဖြစ်သည့်အတွက် အထိအခိုက်များ သည်ဟု ဒေသခံများက ဆိုသည်။
“မနက် ၈ နာရီ ရက်လည်ဆိုတော့ လူများနေတဲ့အချိန်ဖြစ်သွားတယ်။ လူအုပ်တည့်တည့်ထဲ ကျသွားတာ ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အခင်းဖြစ်နေရာမှာပင် ၁၀ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၀ ခန့်အတွင်းမှတစ်ဦး ဩဂုတ် ၉ ရက်နေ့ သေဆုံးသွားသဖြင့် သေဆုံးသူ ၁၁ ဦးရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သေဆုံးသူများ၏ အမည်၊ အသက်နှင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ဒရုန်းဖြင့် တိုက်ခိုက်ခံရသော လမ်းလယ်ကျစ်ကျေးရွာသည် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ များဖြစ်နေသည့် ခုနစ်မိုင်ကျေးရွာတောင်ဘက် နှစ်မိုင်နီးပါးအကွာတွင်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည်။
သပိတ်ကျင်းနယ်အတွင်းမှ ခုနစ်မိုင်ချမ်းသာ၊ ခြောက်မိုင် စခန်းသာနှင့် လေးမိုင်ကံသာ ကျေးရွာတို့တွင် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ တပ်ဆိုင်ထားကြပြီး နေ့စဉ်တိုက်ပွဲများဖြစ်နေသည်။
ယခုရက်ပိုင်း လေးမိုင်ကျေးရွာအနီး ရွှေမွေးချောင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်တပ်က လေကြောင်းနှင့် ဒရုန်းများအသုံးပြုပြီး နေစဉ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ဩဂုတ်လ၊ ၂ ရက်နေ့ နံနက်တွင် ရွှေတူးဖော်မှုဖြင့် အများစု အသက်မွေး ကြသော ချောင်းကြီးရွာကိုလည်း လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး သေဆုံးသူ ၇ ဦးရှိပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။
ချောင်းကြီးရွာ၊ လေကြောင်းတိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင်များ ရှိနိုင်မည့်နေရာ ကို တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ယခင်ကလည်း အလားတူ တိုက်ခိုက်ခံရဖူးကြောင်း ချောင်းကြီးဒေသခံများက ပြောသည်.
ထိုနေ့နံနက်ဗုံးကြဲခံရသည့်အတွက် ထိခိုက်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်နေချိန် နံနက်၊ ၁၁ နာရီ ကျော်ခန့်တွင် လေတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ အထိအခိုက်များခဲ့သည်။
ယင်းနေ့ နံနက် ရှစ်နာရီကျော်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာသာမက မိုးကုတ်မြို့အနောက် ပိုင်း ကျပ်ပြင်ရပ်ကွက်တို့ကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မိုးကုတ်တွင် သေဆုံး သူ ၁၂ ဦးရှိခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့သည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ကို ဇူလိုင်လ ၂၂ ရက်နေ့က စစ်တပ်က ပြန် သိမ်းပိုက်ခဲ့ပြီးနောက် တစ်မြို့နယ်လုံးကို ပြန်ထိန်းချုပ်ရန် ကြိုးပမ်းနေရာ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး နှစ်ဖက်အကျအဆုံးများရှိနေသည်။
ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း လေတပ်က ယခုနှစ် မတ်လမှ စတင်ကာ မကြာခဏဗုံးကြဲခဲ့၍ သေဆုံးသူ ဆယ်ချီရှိခဲ့သည်၊ အများအပြားနေရပ်စွန့် ထွက်ပြေးခဲ့ကြရသည်။



