ချင်းပြည်နယ်မှ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းတို့ကို သိမ်းပိုက်ထားသည့် ချင်းညီနောင်အဖွဲ့ (CB) သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ကချင်လက်နက်ကိုင်တပ် KIO/KIA တို့နှင့် KIO/KIA ဌာနချုပ်၊ လိုင်ဇာတွင် ဇူလိုင်လ၊ တတိယ သီတင်းပတ် အတွင်းက သီးခြားစီတွေ့ဆုံခဲ့ကြပြီး မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့ (CB) သည် ၂၀၂၁၊ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အင်အားကြီး ချင်းလက်နက်ကိုင်တပ်ဖြစ်သည်။ ဒေသတွင်းချင်းလူမျိုးစု လက်နက်ကိုင်တပ်များ စုပေါင်းထားသည့် ထိုတပ်ဖွဲ့သည် ရခိုင်တပ်၊ အာရက္ခတပ်တော် AA ၏ မဟာမိတ်တပ်လည်းဖြစ်သည်။
အခြားတဖက်တွင် ကချင်လက်နက်ကိုင်တပ် KIO/KIA နှင့် အာရက္ခတပ်တော် AA တို့သည်လည်း မဟာမိတ်များဖြစ်ကြသည်။
ကချင်တပ် KIO/KIA ၏ မူဝါဒအကောင်အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ ဖိတ်ကြားချက်အရ KIO/KIA ဌာနချုပ်ရှိရာ မြန်မာ-တရုတ် နယ်စပ် လိုင်ဇာတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖွဲ့ကြား ရှေ့ဆက်အတူလက်တွဲလုပ်ဆောင်ရန် အဓိကဆွေးနွေးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ CB ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။
“KIA နဲ့ CB(ချင်းညီနောင်) နဲ့ ဘယ်လိုချိတ်ဆက်ကြမလဲ။ ဘယ်လိုအလုပ်တူ ရှေ့ဆက်လုပ်ကြမလဲ။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုခြေလှမ်း လှမ်းစရာ တွေရှိလဲ။ ဘယ်လိုပူးပေါင်းကြမလဲဆိုတာတွေပဲ အဓိကထား ဆွေးနွေးဖြစ်ကြတာပါ” ဟု ဆလိုင်းယောမန်က Myanmar Now ကို ပြောသည်။
တွေ့ဆုံပွဲအတွင်း KIA နှင့် ချင်းညီနောင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အချက်အလက်အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း “ တကယ်လက်တွဲလုပ်ဆောင်ရင်းနဲ့ အရွေ့တွေဖြစ်လာတယ်၊ ရလဒ်တွေပေါ်လာရင်တော့ ပြည်သူတွေ သိလာရမှာပါ” ဟု ဆလိုင်းယောမန်ကပြောသည်။
နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသော ချင်းလက်နက်ကိုင် အင်အားစုများဖြစ်သည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU) ၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေး တပ် (မတူပီ) တပ်မဟာ ၁နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ပါဝင် ဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့မှာ အာရက္ခတပ်တော် AA နှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်ထားသည်။
နိုင်ငံအနောက်မြောက်ပိုင်း တောင်တန်းဒေသ ချင်းပြည်နယ်မှ မြို့နယ် ကိုး ခုအနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းတို့ကို သိမ်းပိုက်ထားပြီး ၎င်းတို့၏ မဟာမိတ် AA က ပလက်ဝ မြို့ကို သိမ်းပိုက်ထားသည်။
ကျန်မြို့နယ်များအနက် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်တို့တွင်သာ စစ်တပ်က ခြေကုပ်ယူ ထားပြီး တွန်းဇံမြို့နယ်ကို သက်တမ်းရင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်မတော်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ထို့ပြင် KIA နှင့် CB တွေ့ဆုံစဉ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပွတ်တိုက်မှုများနှင့် ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်တပ်ဘက် နယ်မြေစိုးမိုးမှုလျော့နည်းလာသော်လည်း ချင်းအမျိုးသားတပ်မတော် ဦးဆောင်သည့် ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်အဖွဲ့ကြား ပွတ်တိုက်မှုများ ယမန်နှစ်ကစပြီး ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး သွေးမြေကျသည်အထိ ဖြစ်ခဲ့ရသည်။
“နှစ်ဦးနှစ်ဖက် ပြေလည်စေလိုတဲ့အကြောင်း သူတို့ရဲ့သမိုင်းနဲ့ယှဉ်ပြီးမှ ပါဝင်ကူညီ စေ့စပ်ဆွေးနွေး အဖြေရှာတဲ့ အပိုင်းမှာလည်း ကူညီနိုင်တဲ့ဘက်ကနေ ကူညီလိုတဲ့အကြောင်းပေါ့ အဲဒီလိုမျိုး ပြောပါတယ်” ဟု ဆလိုင်းယောမန်က ပြောသည်။
ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ရည်ရွယ်သည့် ချင်းအမျိုးသားတပ်မတော် ကို ၁၉၈၈ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး KIA နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIO, KNU, KNPP နှင့် CNF တို့စုဖွဲ့ထားသည် K3C အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီး စစ်တပ်ကို ခုခံတော်လှန်နေသည်။
ချင်းညီနောင်၏ လိုင်ဇာ ခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့်တွေ့ဆုံခဲ့ပြီး တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ချင်းညီနောင်နှင့် တွေ့ဆုံမှုတွင် သမ္မတ အပြင်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီတို့နှင့် ချင်းညီနောင် ကိုယ်စားလှယ်အဖွဲ့ဝင်များ အတူတွဲရိုက်ထားသည့် ဓါတ်ပုံကို ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ချင်းအမျိုးသားအဖွဲ့ချုပ်မှ ဆလိုင်းတင်မီထွဋ်က လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
“ အချိန်ကိုက်တယ်ပဲပြောရမလား၊ သမ္မတကြီးရော၊ ပြည်ထောင်စုဝန်ကြီးတွေရော စုံစုံလင်လင်နဲ့ ဆိုတော့ မိတ်ဆက်ကြတယ်၊ စကားပြောကြတယ်ဆိုတာထက် ပိုပြီးမှ ရှည်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး၊ တော်လှန်ရေးအကြောင်း ၊ အရွေ့တွေ၊ သဘောသဘာဝတွေ ပြောဖြစ်ကြတယ်။ ရင်းရင်းနှီးနှီး ပါပဲ။ ရိုးရိုးသာမန်မိတ်ဆက်တာထက် ပိုတယ်ပေါ့လေ” ဟု ဆလိုင်းယောမန်က ပြောသည်။
လိုင်ဇာခရီးစဉ်အတွင်း ပညာရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အခြေခံအဆောက်အဦ များ လည်ပတ်နေသည့် အခြေအနေများကိုလည်း လေ့လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။



