မြန်မာ- ထိုင်းနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေး၊ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိ သော ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် အနီးတဝိုက်ကို ယမန်နေ့၊ (ဩဂုတ်လ၊ ၁၀ ရက်နေ့) ညပိုင်း တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး KNU တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင် ကျွမ်းခဲ့သည်ဟု ထိုဒေသနေထိုင်များထံက သိရသည်။
ည ၈ နာရီအချိန်ခန့်တွင် လေယာဉ်ဝဲသည့် အသံကြားရပြီး KNU ဌာနချုပ် တည်ရှိသည့် သေ့ဘေထနှင့် မော်ပယ်ခို့ ရွာကြားရှိ KNU စစ်ရေးပြကွင်းအနီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KNU ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ဗုံးကြဲ တိုက်ခိုက်မှုကို မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီနေရာက (လေယာဉ်) ကွေ့လို့မရဘူးပေါ့။ ကွေ့ရင် ထိုင်းဘက်ကို နည်းနည်းလေး ဝင်ကိုဝင်ရမယ်။ ညက လေယာဉ်လမ်းကြောင်းက ဘယ်လိုလာလဲတော့ မသိဘူး။ ရဲဘော်တစ်ယောက်က ပေါင်မှာ ထိတယ်။ ဆေးရုံရောက်နေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
လှေဆိပ်အနီး စျေးဆိုင်တန်းရှိ ဓာတ်ဆီသိုလှောင်ထားသည့် နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“ ဗုံးကြဲတဲ့ အသံကြားတော့ ကပျာကယာနဲ့ ပြေးတော့ သူက ဓာတ်ဆီတွေဘာတွေ ရောင်းတယ်လေ။ အဲဒီ မီးထလောင်တာပဲ။ ဗုံးကျလို့ ဘာလို့ မဟုတ်ဘူး။ ဆင်းပြေးကြလို့ ဓာတ်ဆီ လောင်သွားတာ။ သူ့အိမ် တစ်ခြမ်းလောင်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ကရင်ဒေသခံအများအပြားလည်း ညတွင်းချင်း သောင်ရင်းမြစ်ဖြတ်ကူးကာ တိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုမှာ ပြင်းထန်သောကြောင့် မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်မှပင် ကျယ်လောင် သောပေါက်ကွဲသံများကြားခဲ့ရသည်၊ ထိခိုက်သေဆုံးမှုများ ရှိ မရှိ Myanmar Now အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
KNU ပြန်ကြားရေးတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်ထားသော်လည်း ယနေ့ မွန်းလွဲ အချိန်အထိ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
လေကြောင်းတိုက်ခိုက်ခံရသည့် နေရာတွင် KNU ဌာနချုပ်အပါအဝင် KNU ၏ လက်နက်ကိုင်တပ်များ ဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့၏ ဌာနချုပ်များ အခြေစိုက်သည့် နေရာလည်းဖြစ်သလို KNU ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်တွင် ပါဝင်နေသည်။

၂၀၂၁၊ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဌာနချုပ် သုံးခုထက်မနည်း ရှိသော အဆိုပါ တပ်မဟာ (၇) နယ်မြေတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ဒရုန်းတိုက်ခိုက်မှု အနည်းငယ်သာရှိကာ ယခု ပမထဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၇) ဌာနချုပ်နယ်မြေ၊ ကလိုယော်လေးဒေသကို အာဏာသိမ်း စစ်တပ်က Y 12 အမျိုးအစား ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသ အခြေစိုက် ကရင်သတင်းဌာန (ကေအိုင်စီ) က ယမန်နေ့ ( ဩဂုတ်လ၊ ၁၀ ရက်နေ့) ညက သတင်းထုတ်ပြန်ထားသည်။
လာမည့် ဩဂုတ်လ၊ ၁၂ ရက်နေ့သည် (၇၅) နှစ်မြောက် ကရင့်အာဇာနည်နေ့ဖြစ်ရာ တပ်မဟာ (၇) နယ်မြေ အတွင်း လေကြောင်းရန်သတိပေးထားပြီးဖြစ်ပြီး Y12 လေယာဉ်ဖြင့် ခြောက် ကြိမ်၊ ဗုံးအလုံးရေ ၂၀ လုံး ခန့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကာလနှင့် နီးကပ်နေပြီဖြစ်၍ စစ်ရေးအရ ဖိအားပေးခြင်းဖြစ်ပြီး ထိုဒေသကို ယခင်ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လေ့ ရှိသည်ဟု ပြောသည်။
“ထူးခြားတယ်လို့တော့ မမြင်ပါဘူး။ သူတို့ကတော့ ဌာနချုပ်လို့တော့ မြင်နေတာပေါ့။ ဌာနချုပ်တော့ နာမည်တော့ အဲဒီလိုမျိုးပေါ့။ သူတို့က ရွေးကောက်ပွဲလုပ်မယ် ဘာလုပ်မယ်ဆိုတော့ ဖိအားပေးတာမျိုးလား။ သူတို့ လုပ်ရမယ့် အလုပ်ပဲလေ။ အရင်ကတော့ ဒရုန်းပဲပေါ့” ဟု ၎င်းက ဆက်ပြောသည်။
သို့သော်လည်း ကရင့်အာဇာနည်နေ့ပြုလုပ်မည့် ရက်ဝန်းကျင်တွင် ဗုံးကြဲ တိုက်ခိုက်မည်ဟု သတင်းကြို ရရှိထားပြီးဖြစ်ရာ ဒေသတွင်း လေကြောင်း သတင်းပေးမှုများ ဆက်တိုက်လုပ်နေသည်၊ ကရင့် အာဇာနည် နေ့ကိုလည်း အကျဉ်းချုံး၍သာ ပြုလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“နက်ဖြန် အာဇာနည်နေ့ကတော့ သာမန်အချိန်ကတော့ စစ်ရေးပြပုံစံနဲ့ လုပ်တာပေါ့။ နောက်ပိုင်းမှာတော့ အကျဉ်းပဲပေါ့ ဟောပြောပွဲတွေဘာတွေပဲ မထင်တဲ့ နေရာမှာပဲ လုပ်ကြတာပေါ။ အရင်ကလို စစ်ရေးပြပွဲတွေ၊ အခမ်းအနားတွေနဲ့ မလုပ်ဖြစ်တာက ကြာပြီ” ဟု ၎င်းက ဆက်ပြောသည်။
KNU တွင် အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၇) ခုရှိပြီး ကရင်၊ မွန်၊ ပဲခူးအရှေ့ခြမ်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ရေးလှုပ်ရှားသည်။
စစ်တပ်အာဏာသိမ်းမှုကို KNU က လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို လက်နက်ကိုင် ခုခံလိုသူများကို စစ်သင်တန်းများပေးကာ ထွက်ပြေးလာသူများကိုလည်း ခိုလှုံခွင့်ပေးခဲ့သည်။
KNU၏ တပ်မဟာအများစုက လက်နက်ကိုင်ခုခံတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော်လည်း ဌာနချုပ်များရှိသော တပ်မဟာ (၇) က လက်နက်ကိုင်တိုက်ပွဲဝင်မှုတွင် ၂၀၂၄ နှစ်ကုန်ပိုင်း မှ ပါဝင်လာသည်။
တပ်မဟာ (၇) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ ရက်နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသကို ဖာပွန်ခရိုင် တပ်မဟာ (၅) လက်အောက်ခံတပ်များနှင့်အတူ ပူးပေါင်းသိမ်းယူ ခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။
တပ်မဟာ (၇) နယ်မြေရှိ အမှတ် (၃၁) ခြေလျင်တပ်ရင်း၊ အခြေစိုက်ရာ ပွိုင့် ၁၂၄၈ စခန်း (ခေါ် ) ပူးလူးတူ ၊ ခလယ်ဒေး၊ မော်ဖားသူ၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး၊ တာလယ်ဗျူဟာ၊ မော်ဖိုးခီး (မော်ဖိုးကေ) စခန်း၊ မော်ကွီးလုနှင့် လေးဝေါ် စသည့် စစ်တပ်စခန်း ရှစ် ခုတို့ကို သိမ်းပိုက်ထားသည်ဟု KNU က ယခုနှစ်၊ မေလ အတွင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ တွင်လည်း နှစ်ဆန်းပိုင်းမှ စတင်ပြီး ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ထိုင်း- မြန်မာနယ်စပ်အနီး KNU တပ်မဟာ (၇) နယ်မြေတွင် KNUနှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်နေပြီး လေတပ် က အပြင်းအထန် ပစ်ကူနေသည်။
KNU အနေနှင့် ၎င်း၏ အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်တပ်တပ်စခန်းများ မရှိစေရဆိုသည့်မူကို ချထားသဖြင့် တပ်မဟာ (၇) သည် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU အဆင့်မြင့် အရာရှိတစ်ဦးက မတ်လအတွင်းက Myanmar Now ကို ပြောထားသည်။



