ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ သင်္ဃန်းညီနောင်ရွာကို ပြန်သိမ်းပိုက်ရန် စစ်တပ်က စစ်ကြောင်း လေးကြောင်း ထိုးလာနေပြီး လမ်းတစ်လျှောက် တိုက်ပွဲများ ဖြစ်နေကာ တော်လှန်ရေးပူးပေါင်းတပ်များ အထိုင်နေရာများမှ ဆုတ်ခွာသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံက သိရသည်။
ကော့ကရိတ်မြို့အရှေ့မြောက်ဘက် မျဉ်းဖြောင့်တိုင်းလျှင် ၁၃ မိုင်အကွာတွင် တည်ရှိပြီး မြဝတီမြို့ အနောက်ဘက် ခြောက်မိုင်ခန့်သာကွာဝေးသော စစ်ဗျူဟာအခြေချ (စဗခ) အခြေစိုက်သည့် သင်္ဃန်းညီနောင်ကျေးရွာကို ကရင်အမျိုးသားအစည်း အရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ က ယမန်နှစ် ဧပြီလအတွင်း သိမ်းပိုက်ထားခြင်းဖြစ်သည်။
စစ်ရေးအရ ဗျူဟာကျပြီး နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိသော ထိုကျေးရွာကို ပြန်လည် ထိန်းချုပ်ရန် ယခုရက်ပိုင်း ရွာအရှေ့ဘက် နှင့်တောင်ဘက်တို့မှ စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ် ဆင်လာခြင်းဖြစ်သည်။
ရွာအရှေ့ဘက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနောက်ဘက် မြို့အထွက်ရှိ အမှတ် (၂၇၅) ခြေလျင် တပ်ရင်း (ခလရ) မှ စစ်ကြောင်း တစ်ကြောင်း၊ ကော့ကရိတ်မှ စစ်တပ်သည် အာရှလမ်းသစ်မှ တစ်ကြောင်း ၊ ဒေါနတောင်ကျော်လမ်းဟောင်းမှ တစ်ကြောင်း ၊ ကော့ကရိတ်မြောက်ဘက် နဘူးရွာ ဘက်မှ တစ်ကြောင်းဖြင့် ချီတက်လာနေခြင်း ဖြစ်သည်ဟု တော်လှန်ရေးရင်းမြစ်များက ဆိုကြသည်။
“အောက်က စစ်ကြောင်း သုံးကြောင်းအထက် တက်လာတာ။ တပ်မတွေ ပါတယ်။ ၂၇၅ ကလည်း တစ်ကြောင်းထွက်လာတယ်ပြောတယ်။ နှစ်ဖက် ညှပ်လိုက်သလိုဖြစ်နေတယ်” ဟု တော်လှန်ရေးတပ် များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်လုပ်နေသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်တပ်ကို ခွာစစ်ဆင်သည့် ပုံစံဖြင့် လက်ရှိတွင် တိုက်ခိုက်နေ ကြောင်း ၎င်းက ဆက်ပြောသည်။
တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ် လူငယ်အမျိုးသားတစ်ဦးကလည်း တော်လှန်ရေးတပ်များ၏ နောက်တန်းအထိုင်နေရာများကို သင်္ဃန်းညီနောင်ခွင်မှ ရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“ကျွန်တော်သိသလောက်က ဆုတ်ထားတယ်။ အကုန်မဟုတ်သေးဘူး။ နောက်တန်းအင်အားလောက် ပြောင်းရွှေ့ထားတယ်။ တိုက်ခိုက်ရေးအဖွဲ့တွေတော့ ရှိသေးတယ်။ အရပ်သားတွေလည်း ပြောင်းရွှေ့နေ ကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်ဘက်တွင် ကရင်လူမျိုးတပ်ဖွဲ့ဝင်များ ဦးဆောင်ချီတက်လာနေ ကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောသည်။
စစ်တပ်ဝါဒဖြန့်သူများကမူ ကော့ကရိတ်မှ ချီတက်လာသည့် စစ်ကြောင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်မှ (DKBA) မှ ခွဲထွက်လာသော ဗိုလ်ဘိနှင့် ဗိုလ်ဒါးဝင်းတို့ ဦးဆောင်သည့်တပ်အချို့ ပါဝင်ကြောင်း ၊တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးကြသည်။
ယနေ့ ညနေ လေးနာရီခွဲခန့်တွင် သင်္ဃန်းညီနောင်ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့်သူများက ရေးသားနေကြသည်။
ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော DKBA လိုက်ပါလာသည်၊ သင်္ဃန်းညီနောင်ကျေးရွာကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီ ဆိုသော အချက်များနှင့် ပတ်သက်ပြီး KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန် အထိ အကြောင်းမပြန်သေးပါ။

“ဆုတ်တာတော့ဟုတ်တယ်။ အာရှလမ်းမပေါက်သွား ပြီလို့ကြားတယ်။ ဘာကြောင့်၊ ဘယ်လို ပေါက်သွား တယ်ဆိုတာတော့ မသိရသေးဘူး။ ကော်ဘရာတို့ ၊ KNU တို့က ထုတ်ပြန်လာမှပဲ သေချာ သိရမှာ။ တိုက်ပွဲ ကတော့ ဆက်ဖြစ်နေပါတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် လူငယ်အမျိုးသား သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဗိုလ်ကြီးဇင်ယော်ကလည်း မြဝတီ အခြေစိုက် စစ်ကော်မရှင်၏ ခလရ (၂၇၅) တပ်တွင် KNU ၏ တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် စစ်စခန်းများ မှတဆင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသည့် စစ်သားများ ပြန်ရောက်နေကြောင်းဆိုသည်။
နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီးနောက် ပြန်လာသည့် စစ်သည်များကို သင်္ဃန်းညီနောင်သို့ ဦးတည်သည့် စစ်ကြောင်းတွင် သုံးနေကြောင်း ၎င်းရသည့် သတင်းများကို အခြေခံ၍ ပြောသည်။
“မြဝတီဘက်ကနေ BGF (ကရင်ပြည်နယ်နယ်ခြားစောင့်တပ်) တွေပါတယ်လို့ သိရတယ်။ ၂၇၅ မှာလည်း ထိုင်းဘက်ကနေ မြဝတီကို ရောက်နေတဲ့အဖွဲ့တွေရှိတယ်။ အဲဒီမှာလည်း အင်အား ၁၀၀၀ လောက်ရှိတယ် ။ ကော့ကရိတ်ဘက်မှာလည်း အင်အား ၁၀၀၀ လောက်ဆိုတော့ အင်အား ၂၀၀၀ သုံးနိုင်ချေရှိတယ်။ အခု ကတော့ ဟိုဘက် ဒီဘက် ၂ ဘက်ညပ်တိုက်မယ့်ပုံစံမျိုးမြင်ရတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာတွင်ရွေးကောက်ပွဲကို အပိုင်း (၁) အနေနှင့် ကျင်းပမည်ဟု ဩဂုတ်လ ၂၀ ရက်နေ့တွင် ၎င်းတို့လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က တစ်ဆင့် ကြေညာထားသည်။
စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၂ မြို့နယ် ကျင်းပရန် လျာထားပြီး ကရင်ပြည်နယ်ထဲမှ ဘားအံ ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်တို့ ပါဝင်သည်။
CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ကော့ကရိတ်မှ မြဝတီ အထိ အာရှလမ်းသစ်တစ်ကြောလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ် ကြောင်း မှတ်ချက်ပေးသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ဘက်ကလည်း စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီမည်ဟု ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းဌာနများကို ပြောထားသည်။
KNU ၏ တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က စတင်ပြီး မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရွာရှိ စစ်တပ်၏ ခြေမြန်တပ်ရင်း များဖြစ်သည့် ခမရ ၃၅၅ ၊ ၃၅၆ နှင့် ၃၅၇ တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
စစ်တပ်၏တပ်ရင်း သုံးရင်းကို တစ်ခုပြီးတစ်ခု သိမ်းပြီးနောက် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ် သည် သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ (စဗခ) ကို စစ်ဆင်တိုက်ခိုက်ခဲ့သည်။
၂၀၂၄ နှစ် ဧပြီလ ၅ ရက်နေ့တွင် စစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ တပ်မိသားစုဝင်များအပါအဝင် တပ်ဖွဲ့ဝင် ၆၁၇ ဦးသည် KNU ထံ လက်နက်ချခဲ့ရာ သင်္ဃန်းညီနောင်တစ်ခုလုံး KNU လက်သို့ ကျရောက်သွားသည်။
လက်လွှတ်လိုက်ရပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကော်မရှင်တပ်သည် သင်္ဃန်းညီနောင်ဝန်းကျင်သို့ စစ်ကြောင်းများထိုး၍ ပြန်လည် ချဉ်းကပ်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် ယခုနှစ် နှစ်လယ်မှစတင်ကာ နိုင်ငံအလယ်ပိုင်း၊ ကချင်၊ ရှမ်းမြောက်တို့ကို အလုံး အရင်း စစ်ကြောင်းထိုးနေသလို နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်အတွင်း ထိုးစစ်များ ပြုလုပ်နေသည်။
စစ်တပ်သည် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့သည်။



