အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလဲ၊ ကလေးနှင့် တမူးနယ်တွင် စစ်ရှောင် ၆ သောင်းကျော် စားနပ်ရိက္ခာ အခက်ကြုံ

ပုလဲ၊ ကလေး နှင့် တမူးနယ်များမှ စစ်ကြောင့် ပြေးလွှားတိမ်းရှောင်ရသူ ခြောက်သောင်းကျော်သည် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာပြတ်လပ်၍ အခက်အခဲများ ကြုံတွေ့နေရသည်။

နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ ၊ ကလေး နှင့် တမူးမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော် ရှိလာပြီး စစ်ရှောင်ကာလ နှစ်လခန့် ကြာမြင့်လာသောကြောင့် စားနပ်ရိက္ခာ နှင့် ဆေးဝါးအခက်အခဲများရှိလာသည်ဟု အဆိုပါဒေသရှိ စစ်ရှောင်ကူညီသူများက ပြောသည်။ 

ကလေး-တမူးလမ်းပိုင်းတလျှာက် ကလေးမြို့နယ်မြောက်ပိုင်း ကျေးရွာ ၂၀ ခန့်နှင့် တမူးမြို့နယ်ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် ပြီးခဲ့သည် ဇူလိုင်လဆန်းကတည်းက တိုက်ပွဲနှင့် စစ်ကြောင်းထိုးမှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ထို့အတူ ပုလဲမြို့နယ်တွင် ကျေးရွာ ၃၀ ဝန်းကျင်သည်လည်း ဇူလိုင်လ ၂ ရက်နေ့ ကန့်ဒေါင့်ရွာ စခန်းသိမ်း တိုက်ပွဲမှသည် ဇူလိုင်လကုန်တွင်း တကျော့ပြန်စစ်ကြောင်းများကို စစ်ဘေးရှောင်နေကြရသည်မှာ နှစ်လ ကျော် ကြာလာပြီဖြစ်သည်။ 

“အဓိကကျတဲ့ ဆန်နဲ့ ဆီကို ပြည့်မီအောင် မထောက်ပံ့နိုင်ဘူးဗျ။ တော်တော်လေး ညည်းကြတယ်။ ရက်က ကြာလာတော့ စားရေးသောက်ရေး တော်တော်ကျပ်တည်းလာတယ်” ဟု ပုလဲမြို့နယ်တွင်း စစ်ဘေးရှောင် ကူညီရေးလိုက်ပါဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ 

ယင်းသို့ စားနပ်ရိက္ခာအခက်အခဲများကြောင့် အချို့စစ်ဘေးရှောင်မိသားစုများသည် ဝင်ငွေရနိုင်ရန် နေရာ ရွှေ့ပြောင်းပြီး စစ်ဘးရှောင်နေသည်များလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။

“လယ်ယာ သူရင်းငှားအလုပ်ပဲ ဖြစ်ဖြစ် ၊ နောက် ရွာတွေထဲ အလုပ်တစ်ခုခုဖြစ်ဖြစ် ရနိုင်တဲ့ ရွာတွေနား ပြောင်းရွှေ့သွားကြတာမျိုးတွေ ရှိလာတာပေါ့” ၎င်းက ပြောသည်။ 

စစ်ဘေးရှောင်များသည် သီးသန့် စစ်ဘေးရှောင်စခန်းများအဖြစ် ရှောင်ခြင်းမျိုးမဟုတ်ဘဲ အသိမိတ်ဆွေ ရှိသည့်ကျေးရွာများတွင် နေထိုင်သကဲ့သို့ အများစုမှာ တောတောင်များထဲတွင်သာ သွားရောက် နေထိုင် ကြရသည်။ 

“စစ်ကြောင်းဝေးသွားလို့ ရွာထဲအရဲစွန့်ဝင်ပြီး အိမ်က ရိက္ခာလေးသွားယူသေးတယ်။ စစ်ကြောင်းက အိမ် က စပါးတွေ တင်း ၁၅ဝ လောက် သယ်သွားတယ်” ဟု ပုလဲမြို့နယ် ၊ မင်းတိုင်ပင် အနီးကျေးရွာ တစ်ရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

၎င်းတို့ မိသားစုအနေဖြင့် ဆွေမျိုးများရှိသည့် ကျေးရွာသို့ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ပိုင်ဆိုင်သည့်  ယာခင်းအချို့သည် စစ်ကြောင်းမကြာခဏဖြတ်သည့် နေရာတွင်ရှိသည့်အတွက် လုပ်ကိုင်စားသောက် မရသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။ 

စစ်ဘေးရှောင်များအနေဖြင့် လတ်တလော အခက်အခဲများအပြင် နေအိမ်များ မီးရှို့ခံရခြင်း ၊ အိမ်ရှိပစ္စည်းများ ယူဆောင်ခံရခြင်းကြောင့် ရေရှည်အတွက်လည်း ပိုမိုအကျပ်အတည်းဖြစ်နိုင်ကြောင်းလည်း အရပ်ဘက်စစ်ဘေးရှောင်ကူညီရေး အခြားတစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့ဆို ဆန်လေးဆီလေး ရဖို့ အလှူရှင်မရဘူးလားဆိုပြီး ဖုန်းတွေဆက်ကြတယ်။ မစားရလောက်အောင်ထိ မဖြစ်သေးပေမဲ့ ဝေမျှစားနေကြရတဲ့ အခြေအနေပေါ့။ ကျွန်တော်တို့ ဘက်ကလည်း အလှူရှင်ရှာရတာ ခက်လာတာအမှန်ပဲ” ဟု ၎င်းက ဆက်ပြောသည်။

ကလေးမြို့နယ်တွင်  ကလေး-တမူး ကားလမ်းမကြီးတလျောက် ကလေးမြို့နယ်မြောက်ပိုင်းကျေးရွာများ ဖြစ်သည့် နန်းဟံနွဲ့ ၊ ကံသာယာ ၊ ကြံစက်ကုန်း ၊ ကံကြီး ၊ မော်လိုက်ကလေး၊ စခန်းကြီး ၊ နန်းစောင်းပု (ရွာသစ်) ၊ နန်းစောင်းပု (ရွာဟောင်း) ၊ ရာဇဂြိုဟ်၊ ၅၇ မိုင် ၊ ဆည်ကြီး၊ ကြိုးကြာကွင်း ၊ ပြည်တော်သာ ၊ ပျဉ်ခုံကြီး ၊ ပျဉ်းတောဦး ၊ လက်ပံချောင်း ၊ အင်ဒိုင်းကြီး ၊ အင်ဒိုင်းလေးနှင့် ကြက်ဖနက်ကျေးရွာများ အပါအဝင် ရွာပေါင်း ၂၀ ခန့် စစ်ဘေးရှောင်နေကြရသည်။

“ခုက စားနပ်ရိက္ခာလိုအပ်ချက်အပြင် ဆေးဝါးလည်း လိုနေတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ စစ်ရှောင်ရင်း ပြေးလွှားရင်း ခိုက်မိတာ ၊ နောက်ပြီး လက်နက်ကြီးကြောင့် ထိခိုက်တာတွေ အရပ်သားတွေမှာ ရှိနေတယ်။ အဲဒီလူတွေက မြို့ပေါ်လည်း သွားမကုရဲဘူး။ မြေပြင်မှာလည်း ဆေးဝါးက မရှိဘူးဖြစ်နေတာ” ဟု ကလေးမြို့နယ် ဒေသခံတစ်ဦးကလည်း ပြောသည်။

ကလေးမြို့နယ်မြောက်ပိုင်း ကလေး-တမူး လမ်းပိုင်းမကြီးတွင် ဇူလိုင်လကတည်းက ကလေးမြို့နယ် နန်းစောင်ပုကျေးရွာ နှင့် တမူးမြို့နယ်တွင်း နန်းမွန်တား နှင့် ရန်ငြိမ်းအောင် ကျေးရွာများအနီးတွင် ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီး မြေပြင်စစ်ကြောင်းများသည်လည်း လက်ရှိအချိန်အထိ အတက်အဆုတ် လုပ်ကာ ဖိအားပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

တမူးမြို့နယ်တွင်လည်း အာရှလမ်းမကြီးဟု နာမည်ကြီးသည့် ကလေး-တမူးလမ်းတလျှောက် တမူး မြို့နယ်တောင်ပိုင်းကျေးရွာများဖြစ်သည့် နန်မွန်းတား၊ ခမိတ်၊ ပွတ်သာ၊ ရန်ငြိမ်းအောင်၊ ခွမ်မွန်းနွံ၊ ဖိုင်လင်း၊ ကနန် ၊ ဘုတ်ကန်၊ မင်းသမီး၊ ပန်းသာနှင့် ရန်လင်းဖိုင် ရွာများ အပါအဝင် ၁၀ ရွာကျော် စစ်ဘေးရှောင်နေကြရသည်။ 

ပုလဲမြို့နယ်တွင်မူ မဲဇရပ်၊ ညောင်ရင်းကုန်း၊ သရက်ကန်၊ တလိုင်းကန်၊ ဦးနှောက်၊ သာယာကုန်း၊ အင်းကန်၊ ကျောက်ဖျာကန်၊ ကိုင်းတွင်း၊ စပါးစေ့၊ မြကုန်း၊ ကုက္ကိုကုန်း၊ ကြောင်သန်း၊ လက်ပုကန်၊ နှောကန်၊ အိုးဘို၊ မင်းတိုင်ပင်၊ ငှက်ပျောတော ၊ သပြေကုန်း ၊ ဇီးဖြူကုန်း၊ အင်မထီး ၊​ချောင်းဦး နှင့် လုပ်သားရွာများ အပါအဝင် ရွာပေါင်း ၃၀ ခန့် စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

ယခုနှစ် ဇူလိုင်လကုန်မှ စ၍ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က တကျော့ပြန် စစ်ကြောင်းများ ထိုးနေသည်၊ တိုင်းအတွင်း မြို့နယ် ၃၇ မြို့နယ်အနက် ၁၅ မြို့နယ်ထက်မနည်းကို စစ်ကြောင်းထိုးခံနေရပြီး ဒေသခံ ထောင်ချီ ထွက်ပြေးနေရသည်။

စစ်တပ်သည် စစ်ကိုင်းတိုင်းထိုးစစ်နှင့်အတူ လက်နက်ကိုင်ခုခံသူတို့ အားကောင်းရာဒေသကို ဖြတ်တောက် ရေးလုပ်ရန် ယခင်လဆန်းမှစတင်၍သယ်ယူပို့ဆောင်ခွင့် ထပ်တိုးကန့်သတ်လိုက်သည်။

မန္တလေးမြို့မှတဆင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ဆေးဝါးနှင့်ကုန်စည်အများအပြားကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများသို့ တင်ပို့ရာတွင်  မန္တလေးမြို့ စွယ်တော်ကားကြီး ကွင်းအတွင်းရှိ အကောက်ခွန်ရုံးတွင် စစ်ဆေးပြီးမှ ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် ဒေသအသီးသီးသို့ သွားခွင့်ပြုသည်ဟု သိရသည်။

ထိုဖြတ်တောက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ကုန်စည်ဈေးနှုန်းများလည်း မြင့်တက်နေသည့်အပြင်  ဒေသခံ အများစုမှာလည်း စစ်ရှောင်နေကြရပြီး အဓိက ပင်မလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးကိုပင် ကောင်းစွာ မလုပ်နိုင်ပေ။ 

Related Articles

Back to top button