သေဆုံးသွားသူ၏ ရုပ်အလောင်းကို အရေးပေါ်ကုသမှု ခံယူနိုင်ရန် ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ပေးခဲ့သည့်ဖြစ်ရပ်ကို ကြားဖူးပါသလား။ ထိုအဖြစ်အပျက်မှာ ဟောလိဝုဒ်၊ ဘောလိဝုဒ်ရုပ်ရှင်များထဲက ဇာတ်ဝင်ခန်းမဟုတ်ပေ။
မကြာသေးမီက နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် တွေ့ခဲ့ရသည့် မြင်ကွင်း ဖြစ်သည်။
ထိုနေရာတွင် လေးနှစ်ကြာ ချုပ်နှောင်ခံနေရသည့် မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဦးအောင်ကျော်ဦးသည် ဝမ်းဆက်တိုက်လျှော၊ သွေးအန်၊ ချောင်းဆိုးသည့် ဝေဒနာများ အလူးအလဲ ခံစားရပြီး ဇွန်လ ၂၇ ရက်နေ့ နံနက်က သေဆုံးသွားသည်။ သေဆုံးပြီး နှစ်နာရီခန့်အကြာတွင် ထောင်အရာရှိတို့က လွှတ်တော်ဥက္ကဋ္ဌ၏ရုပ်အလောင်းကို လူနာတင်ယာဉ် ရှိရာသို့ တွန်းသွားကြစဉ် ဓာတ်ပုံမှတ်တမ်းယူထားကြသေးသည်။ အကြောင်းမသိသူတို့ကမူ ဘီးတပ်ကုလားထိုင်ပေါ်ရှိ ဆေးပုလင်းချိတ်ထားသော ဦးအောင်ကျော်ဦးမှာ ကျန်းမာရေးအခြေအနေ လွန်စွာဆိုးဝါးသဖြင့် ခေါင်းငိုက်စိုက်ကျိုးကျနေသည်ဟု ယူဆကြမည်ဖြစ်ကြောင်း ထိုအခြေအနေကိုသိရှိသည့် ထောင်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“သူက အရေးကြီးပုဂ္ဂိုလ်ဆိုတော့ အရေးပေါ်အချိန်ကျမှ ဆေးရုံထုတ်တယ်ပေါ့။ လမ်းမှာ သေဆုံးတယ်ဆိုတဲ့ ပုံမျိုးဖြစ်အောင် လုပ်လိုက်တာ။ ဒါပေမယ့် (ဆေးရုံကို) ပို့ကတည်းက လူက အသေကြီးပို့လိုက်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဝန်ထမ်းက ဆက်ပြောသည်။
အာဏာသိမ်းစစ်ဗိုလ်ချုပ်များက ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့်တိုင် ထောင်များကို ငရဲခန်းအသွင် ဆက်လက် အသုံးချလျက်ရှိရာ ယခုနှစ်အတွင်း အထင်ကရ နိုင်ငံရေး အကျဉ်းသားများကို ညှဉ်းဆဲ၊ သတ်ဖြတ်မှု ကျူးလွန်နေသည့် နေရာတစ်ခုမှာ လွှတ်တော်ဥက္ကဋ္ဌ သေဆုံးခဲ့သည့် အိုးဘိုထောင်ဖြစ်သည်။
အရေးပေါ်လို့ မအော်ရတော့ပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဦးအောင်ကျော်ဦးသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း သူ၏ မဲဆန္ဒနယ်မြေဟောင်း ပုသိမ်ကြီးမြို့နယ်တွင်ပင် ဆက်လက်အနိုင်ရခဲ့သည်။

သို့သော် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်တော့မည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သူ့ကို ဖမ်းဆီးကာ ထောင် ငါး နှစ် ချကာ နေအိမ်ကိုပါ ဖျက်ဆီးခဲ့သည်။ ဆီးချိုနှင့် သွေးတိုးရောဂါကြောင့် အစားအသောက် အနေအထိုင် ဆင်ခြင်သူ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် အိုးဘိုထောင် တိုက်ဝန်း ၁၊ အခန်း ၁ ၌ ချုပ်နှောင်ခံရစဉ် နှလုံးရောဂါစတင်ဖြစ်ပွားခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသား မိသားစုများကို ကူညီနေသူ မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
ဆေးစစ်ရန်လိုအပ်သည်ဟူသော ထောင်ဆရာဝန်၏မှတ်ချက်ကြောင့် ယခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ထောင်အာဏာပိုင်တို့က သူ့ကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဇွန်လ ၅ ရက်နေ့က ထပ်မံ ပို့ဆောင်ချိန်တွင် ဆရာဝန်တို့က သူ့ကို ဆေးရုံတွင် ညအိပ်နေထိုင်စေရန် ပြင်ဆင်ခဲ့သည်ဟု ဦးကျော်က ဆိုသည်။
“ဆရာဝန်တွေက နှလုံးစက်တပ်ဖို့ ပြောနေတာ၊ စက်မတပ်ခင် ၂၄ နာရီစောင့်ကြည့်ရမှာမလို့ ဆေးရုံမှာ ညအိပ်ရမယ်၊ ပြီးရင် စက်တပ်လို့ရပြီလို့ ဆရာဝန်တွေက ထောင်ဝန်ထမ်းကို ပြောတာ။ ထောင်ဝန်ထမ်းတွေက ထောင်ကို (ဖုန်း) လှမ်းဆက်တော့ မရပါဘူး တဲ့၊ ဆေးရုံပြသခွင့်ပဲ အမိန့်ပါတာ၊ ဆေးရုံတက်ရောက် ကုသခွင့်မပါဘူး တဲ့။ အဲဒါနဲ့ စက်မတပ်လိုက်ရဘဲ ထောင်ကို ပြန်ခေါ်သွားရတာ”ဟု ဦးကျော်က ပြောသည်။
ဇွန်လ ၂၆ ရက်နေ့ညတွင် ဦးအောင်ကျော်ဦး အသည်းအသန်ချောင်းဆိုးကာ နှလုံးရောဂါဖောက်လာသည်။ အချုပ်ဆောင် တာဝန်ကျ ဝန်ထမ်းများဖြစ်သော ဒုတိယတပ်ကြပ် သန်းမိုး၊ တပ်သား ဆန်းမင်းနိုင်တို့က စကားပြောစက်များချို့ယွင်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် အထက်သို့ တင်ပြခြင်းမရှိခဲ့ဟု ထောင်ဝန်ထမ်းက ပြောသည်။
“သူတို့ (ဝန်ထမ်းနှစ်ဦး) ပြန်ကြည့်တဲ့အချိန်မှာ ဦးအောင်ကျော်ဦးက အိပ်နေတယ်ပေါ့။ သက်သာသွားပြီတဲ့။ မနက် ၃ နာရီလောက်မှာ ချောင်းတွေဆိုး၊ သွေးတွေ အန်တယ်။ ဝမ်းတွေလျှောတယ်။ အဲဒီချိန်ကျမှ သူတို့က သတင်းပို့တာ။ အစောင့်နှစ်ယောက်က သတင်းမပို့တော့ ကင်းမှူးတွေလည်း မသိဘူး”ဟု ထောင်ဝန်ထမ်းက ပြောသည်။
အကျဉ်းသားတစ်ဦး အရေးပေါ်အခြေအနေ ဖြစ်လျှင် တာဝန်ကျအစောင့်ဝန်ထမ်းများသည် ကင်းမှူးတာဝန်ကျသူထံ ကနဦး သတင်းပို့ရမည်၊ ထို့နောက် ကျန်းမာရေးမှူး ရောက်လာရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် အဆောင်တံခါး သော့ဖွင့်နိုင်ရေးအတွက် ထောင်ပိုင်၏ ခွင့်ပြုချက်ရရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတတ်သည်။
နံနက် ၅ နာရီခန့်တွင် ထောင်အာဏာပိုင်များ ရောက်ရှိလာချိန်တွင်မူ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တုတ်တုတ်မျှမလှုပ်တော့ပေ။ ရုပ်အလောင်းကို အရာခံအဆင့်ရှိ ဝန်ထမ်း မိုးကိုထူး မောင်းနှင်သည့် လူနာတင်ကားဖြင့် သယ်သွားသည်ဟု ၎င်းက ပြောသည်။
“Drip ပုလင်းတွေ ချိတ်၊ ဆေးရုံကို အရေးပေါ်ထွက်တဲ့ပုံစံမျိုး လုပ်တယ်။ ဓာတ်ပုံတွေရိုက်ပြီးမှ (ကား) ထွက်တာ။ ဆေးရုံကို အချိန်မီပို့တာ လမ်းမှာသေတဲ့ ပုံစံမျိုး လုပ်တာ၊ လမ်းမှာပဲ ဆုံးသွားတယ်လို့ လုပ်တာ”ဟု ၎င်းက ပြောသည်။
ဇွန် ၂၈ ရက်နေ့ စစ်တပ် ဝါဒဖြန့်သတင်းစာတွင် လွှတ်တော်ဥက္ကဋ္ဌ သေဆုံးကြောင်း သတင်းဖော်ပြထားသည်။ အသက်ရှူခက်ခဲ၊ အမောဖောက်လာသဖြင့် ထောင်ဆေးရုံအုပ် ဒေါက်တာ မိုးဟိန်းက သွားရောက်ကြည့်ရှုခဲ့သည်၊ မန္တလေးဆေးရုံသို့ အရေးပေါ်ပို့စဉ် ထောင်ဆရာဝန် ဒေါက်တာ သက်ထွန်းဦး အနီးကပ်လိုက်ပါသွားသည်၊ ၇ နာရီခွဲခန့်တွင် သေဆုံးသည်၊ နံနက် ၁၀ နာရီခန့်တွင် မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဇင်မင်းနှင့်အဖွဲ့က ရင်ခွဲစစ်ဆေးပြီးနောက် နှလုံးသွေးကြောပိတ်ရောဂါကြောင့် သေဆုံးကြောင်း မှတ်ချက်ပြုသည်ဟု စစ်တပ်က ဆိုသည်။
ထောင်ဝန်ထမ်းကမူ ထောင်အာဏာပိုင်များအပြစ်လွတ်စေရန် ထိုသို့ လိမ်လည်ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဆေးရုံတာဝန်ခံက လုပ်ပိုင်ခွင့်မရှိတော့ဘူး။ တပ်က အုပ်ချုပ်တော့ ဆရာဝန် ကောင်းခြင်း၊ ဆိုးခြင်းဟာ ထောင်ပိုင်လက်ထဲမှာပဲဖြစ်သွားတာ။ ဆရာဝန်က ထောင်နဲ့ အဆင်ပြေအောင် နေပေးရတယ်။ နေပေးရတော့ အလောင်းကို ပုလင်းကြီး ချိတ်ပေးလိုက်ရတာပေါ့” ဟု သူက ရှင်းပြသည်။

ထိုနေ့က နိုင်ကျဉ်းမိသားစုများကို ကူညီသူ ဦးကျော်လည်း လွှတ်တော်ဥက္ကဋ္ဌ ဆေးရုံတင်ရသည်ဟူသော သတင်းကြောင့် ဆေးရုံသို့ သွားရောက် စုံစမ်းခဲ့သည်။
“နှလုံးရုံမှာ မရှိဘူး။ မေးကြည့်တော့လည်း ဘာမှ မသိဘူး။ အရေးပေါ်ဆောင်မှာလည်း မရှိဘူး။ နောက်မှ ရင်ခွဲရုံကို ရောက်နေပြီ”ဟု ဦးကျော်က ဆိုသည်။
ရုပ်အလောင်းကို မိသားစုလက် မအပ်ဘဲ ထောင်အာဏာပိုင်များက သင်္ဂြိုဟ်လိုက်သည်ဟု သတင်းအရင်းမြစ်နှစ်ဦးလုံးက ပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က မန္တလေးအိုးဘိုအကျဥ်းထောင်သို့ ထောင်ပိုင်အဖြစ် ပြောင်းရွှေ့လာခဲ့သူ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်လက်ထက် ပြောင်းလဲသွားသည့် စည်းကမ်းများအနက် တစ်ခုမှာ အကျဉ်းသား အရေးပေါ် ဆေးရုံတင်ရန်လိုအပ်ကြောင်း လူသိရှင်ကြားပြောခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်၊ သတင်းပေါက်ကြားပါက ထောင်တွင်း ဆူပူမှုဖြစ်မည်စိုး၍ ထိုစည်းကမ်းချက်ထုတ်ခြင်းဖြစ်သည်ဟု ထောင်ဝန်ထမ်းက ရှင်းပြသည်။
“အရင်တုန်းက ‘အရေးပေါ် ‘လို့ အဆောင်ကနေ အော်လိုက်တာနဲ့ ဆေးမှူးက တိုက်ရိုက်လာတာ။ အခုက စက်နဲ့ အရင်ပေါက်ရတယ်၊ ‘အရေးပေါ် ‘ ဆိုတာကိုတောင် မပြောရဘူး”ဟု ထောင်ဝန်ထမ်းက ဆိုသည်။
ထောင်ဘူးဝမှာ ဝိုင်းရိုက်ကြပြီ
လွှတ်တော်ဥက္ကဋ္ဌ ကွယ်လွန်သွားသည့် ဇွန်လတွင် ထောင်ပိုင် ဦးသိန်းဇော်မောင်၏ နှိပ်ကွပ်မှု နောက်တစ်ခု ရှိသေးသည်။

ဇွန်လ ၁၂ ရက်နေ့က မန္တလေးမြို့ အနောက်ဘက် မိုင် ၈၀ အကွာရှိ မုံရွာထောင်မှ အိုးဘိုထောင်သို့ အကျဉ်းသား ၁၅၀ ပြောင်းရွှေ့လာရာ ထိုအထဲတွင် မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအချို့လည်းပါဝင်သည်။ မုံရွာထောင်တွင်း အစာငတ်ခံသပိတ်တွင် ပါဝင်ခဲ့ခြင်း၊ အခြားသူများကို စည်းရုံးနိုင်စွမ်းရှိခြင်းတို့ကြောင့် ကိုဝေမိုးနိုင် ပြောင်းရွှေ့ခံရခြင်းဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
မော်တော်ယာဉ်များပေါ်မှ ဆင်းသည်နှင့် ၎င်းတို့ကို အိုးဘိုထောင်အရာရှိများ ဦးစီးသည့် လူ ၅၀ ခန့်က ဝိုင်း၍ ရိုက်နှက်ကြသည်။ ရိုက်ပွဲတွင် ပါဝင်ခဲ့သူများမှာ ထောင်မှူးကြီး မြင့်ထွန်း၊ ထောင်မှူးများဖြစ် သော ဒုတိယကြီးကြပ်ရေးမှူး ရန်နိုင်ဦး၊ ဒုတိယကြီးကြပ်ရေးမှူး မြတ်စိုးသူ၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိသူ ထောင်ပိုင်လေး ကျော်လွင်ဦး၊ ဒုတိယကြီးကြပ်ရေးမှူး စိုးသူရ၊ တပ်ကြပ်ကြည်ဝင်းမောင်၊ ဒုတိယတပ်ကြပ် ရန်နိုင်စိုး၊ ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိသူ ထောင်မှူး ဆန်းမင်းတို့ ဖြစ်သည်။
“ဝန်ထမ်းတပ်ကြပ် ကြည်ဝင်းမောင်ကနေ တုတ်နဲ့ ဝင်ရိုက်တယ်။ ပြီးတော့ ဘူးထဲကိုခေါ်သွားတယ်။ ဘူးထဲရောက်တော့ အကုန်လုံးကို ခေါင်းငုံ့၊ ခေါင်းငုံ့ဆိုပြီးတော့ စီပြီးရိုက်တာ” ဟု ထောင်ဝန်ထမ်းက ပြောသည်။

ကိုဝေမိုးနိုင်သည့် လူကောင်ထွားပြီး ခြေချင်း၊ လက်ထိပ် ခတ်ခံထားရသဖြင့် ကားပေါ်မှအဆင်းတွင် လှုပ်ရှားရခက်ခဲနေခဲ့သည်ဟု သိရကြောင်း သူနှင့်ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အမြန်ဆင်းခိုင်းတယ်။ ခြေချင်းတွေနဲ့ရော၊ လက်တွေနဲ့ရောဆိုတော့ သူ့ခန္ဓာကိုယ်ကြီးနဲ့ အမြန်ခုန်မဆင်းနိုင် ဘူး။ ဆဲပြီးတော့ မြန်မြန်ဆင်းဖို့ပြောတော့ ဝေမိုးနိုင်နဲ့ အပြန်အလှန်စကားများတာကို သူတို့ကို ပြန်ပြောတယ်ဆိုပြီးတော့ ဝိုင်းရိုက်ကြတာ”ဟု ၎င်းက ပြောသည်။
ကိုဝေမိုးနိုင်သည် ၂၀၂၁ ခုနှစ်က သူ၏ဇာတိ မုံရွာမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နေ့စဉ်နီးပါးဦးဆောင်ခဲ့သူဖြစ်ပြီး ဒေသခံတို့က သူ့ကို ‘ပန်ဒါ’ဟု ချစ်စနိုးခေါ်ဆိုကြသည်။ ဒေသခံအများအပြား လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက် ၎င်းတို့က စစ်တပ်နှင့်ရဲကို ရှောင်ရှားကာ လမ်းပေါ်တွင် ရုတ်တရက်ပေါ်လာပြီး အပြေးအလွှား ဆန္ဒပြရသူများ ဖြစ်လာသည်။
ထိုနှစ် ဧပြီလ ၁၅ ရက်နေ့က မြို့ထဲတွင် ထိုသို့ လှုပ်ရှားချီတက်စဉ် အရပ်သားအသွင်ယူထားသော စစ်အရာရှိများက သူ့ကို ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးသွားကာ ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လူသတ်မှု စသည့် အမှုပေါင်း ၁ဝ မှု ဖွင့်ပြီး ထောင် ၇၄ နှစ်ချထားသည်။
ထောင်တွင်းဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စက်တင်ဘာလ ၉ ရက်နေ့ တွင် အစာအငတ်ခံဆန္ဒပြကြရာ ရက်သတ္တတစ်ပတ်အကြာတွင် သီးသန့်အချုပ်ဆောင်တွင် ရှိနေသော ကိုဝေမိုးနိုင်လည်း ပူးပေါင်းခဲ့သည်။ ဆန္ဒပြသူ ၅၀ ကျော် ရှိလာရာ ထောင်အာဏာပိုင်တို့က ၎င်းတို့ သိမ်းဆည်းထားသည့် ပစ္စည်းများ၊ မိသားစုများ ပို့လာသည့် ပစ္စည်းများ၊ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုတို့နှင့် ပတ်သက်သော တောင်းဆိုချက်များ လိုက်လျောခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း စတင် ဦးဆောင်ခဲ့သူ ၁၄ ဦးကို ဒဏ်ခတ်ရန် ထောင်အရာရှိတို့က စီစဉ်ခဲ့သည်။
ကိုဝေမိုးနိုင်၊ ချောင်းဦးမြို့ သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့က ၎င်းတို့ကိုသာ အရေးယူရန် တောင်းဆိုခဲ့သော်လည်း အရေးယူမည့်စာရင်းမှ ချန်လပ်ခံခဲ့ရသည်ဟု အထက်ပါ မိတ်ဆွေအမျိုးသမီးက ပြောသည်။
“သူ့အနေနဲ့ကလည်း သီးသန့်ထားထားတဲ့အတွက်ကြောင့် တခြားသူတွေနဲ့စာရင် ပေါ့ပါးသက်သာနေတဲ့ အနေအထား ရှိနေတဲ့အတွက် တခြားသူတွေအတွက် ဝင်တောင်းဆိုတာတွေလုပ်တယ်”ဟု ထိုအမျိုးသမီးက ပြောသည်။
ထောင်အာဏာပိုင်တို့က ထောင်ပြောင်းချိန်တွင် ဝိုင်းဝန်းညှဉ်းပန်းကြခြင်းမှာ ထိုဖြစ်ရပ်ကြောင့် ဖြစ်နိုင်ကြောင်း သူက ကောက်ချက်ချသည်။
“အရင်ထောင်ရဲ့ အားပေးပံ့ပိုးမှု၊ မှတ်ချက်သတင်းစကားမပါဘဲ ဒီကိစ္စ(ရိုက်နှက်နှိပ်စက်မှု)ဖြစ်မလာဘူး။ သူပါတဲ့ကားကို အရင်ဆုံး ဘူးဝရှေ့ကို ထိုးခိုင်းပြီးတော့ စကားမများ များအောင်၊ မခံချင်အောင် လုပ်ပြီး တွယ်လိုက်တာ” ဟု သူက ပြောသည်။

ကိုဝေမိုးနိုင်တို့ကို ထောင်ဘူးဝမှ ပေ ၁၀၀ ကျော်ကွာသည့် ဝိမုတ္တိဆောင်သို့ သုံးသုတ်ခွဲ၍ ပို့လိုက်ကြသည်။ လူ ၅၀ ခန့်အထိ ဆံ့သည့် အခန်း သုံးခန်းရှိသော ထိုအဆောင်သို့မပို့ဆောင်မီ ဘူးဝအဆောင်တွင်း စတင် ရိုက်နှက်ကြသူ ငါး ဦးထဲတွင် တပ်ကြပ်ကြည်ဝင်းမောင်၊ ဒုတိယတပ်ကြပ် ရန်နိုင်စိုးနှင့် ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိသူ ထောင်မှူး ဆန်းမင်းတို့ ပါဝင်သည်ဟု သူက ဆက်ပြောသည်။
ထို့နောက် တန်းစီး၊ စည်းကမ်းထိန်းရာထူးရယူ၍ ထောင်အာဏာပိုင်များအလိုကျ ဆောင်ရွက်နေကြသော ထောင်မကြီးအကျဉ်းသား ၂၅ ဦးနှင့် ထောင်ဝန်ထမ်းအသစ် ၂၅ ဦးခန့်က ရာဘာတုတ်၊ ရာဘာပတ်ထားသည့် သံတုတ်၊ သံပိုက်များဖြင့် အဆက်မပြတ် ဝိုင်းရိုက်ကြသည်။
အဆောင်ကူးလမ်းတလျှောက် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိသူ ထောင်ပိုင်လေး ကျော်လွင်ဦးက ဦးဆောင်၍ ရိုက်နှိက်ကြခြင်းဖြစ်သည်။ ထို့အပြင် ထောင်မှူးကြီး မြင့်ထွန်း၊ ထောင်မှူးများဖြစ် သော ဒုတိယကြီးကြပ်ရေးမှူး ရန်နိုင်ဦး၊ ဒုတိယကြီးကြပ်ရေးမှူး မြတ်စိုးသူ၊ ဒုတိယကြီးကြပ်ရေးမှူး စိုးသူရတို့ကလည်း ကိုယ်တိုင်ကိုယ်ကျပါဝင် ရိုက်နှက်ခဲ့သည်ဟု Myanmar Now ၏ သတင်းရင်းမြစ် ထောင်ဝန်ထမ်းက ပြောသည်။
“ခေါင်းငုံ့ထားဆိုပြီးတော့ ကုန်းကုန်းကြီးသွားခိုင်းပြီးတော့ နောက်ကနေ တအုန်းအုန်းနဲ့ အဆောင်ထဲ ရောက်တဲ့အထိ ဝိုင်းရိုက်ကြတာ။ ဝေမိုးနိုင်က ထောင်ဘူးဝအဝင်မှာကတည်းက ခေါင်းကွဲသွားတာ”ဟု ၎င်းက ပြောသည်။
“ထောင်ပိုင်ကလည်း (ဝေမိုးနိုင်က) ဆဲတယ်ဆိုတော့ ရိုက်ကွာဆိုပြီး ရိုက်ခိုင်းတာ”
သတိမေ့သွားသည့် ဝေမိုးနိုင်ကို ဒုတိယကြီးကြပ်ရေးမှူး စိုးသူရ တာဝန်ယူကွပ်ကဲသည့် သီးသန့်တိုက် အမှတ် ၁ ရှိ အဆောင် (၁) သို့ ပို့ခဲ့သည်။ ထောင်ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးဟိန်းက အခြေအနေကို လာရောက်ကြည့်ရှုစဉ် ကိုဝေမိုးနိုင်ကို ပြင်ပဆေးရုံသို့ ပို့ရမည်ဟု မှတ်ချက်ပြုသော်လည်း ထောင်ပိုင် ဦးသိန်းဇော်မောင်က ငြင်းပယ်လိုက်သည်။
“ထောင်ပိုင်က အပြင်ဆေးရုံပို့လို့မဖြစ်ဘူး၊ ထောင်တွင်းမှာပဲ ရအောင်ကုမယ်၊ အပြင်မှာဆိုရင် ရုတ်ရုတ်သဲသဲနဲ့ သိသွားမှာစိုးလို့”ဟု ထောင်ဝန်ထမ်းက ပြန်ပြောပြသည်။
၎င်း၏ မိတ်ဆွေတစ်ဦးကလည်း ကိုဝေမိုးနိုင် ဦးခေါင်းနှင့် မျက်ခုံးကွဲသွားခဲ့ပြီး လက်ဖျံရိုးလွဲသွားသည်ဟု သိရကြောင်း၊ ထောင်တွင်းဆေးရုံတွင်လည်း ကုသမှုကို တစ်ရက်ပြည့်အောင် မပေးခဲ့ကြောင်း ပြောသည်။
သံလုံး၊ သံပိုက်ကို ရာဘာသားဖြင့် ဖုံးအုပ်ရိုက်နှက်သောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ထိခိုက်သွားဖွယ်ရှိသည့် အခြားအကျဉ်းသား ၁၀၀ ကျော်၏ ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာတို့ကို ဆေးလိမ်းပေးခဲ့သည်ဟု သိရသည်။
ရိုက်နှက်ရာတွင်ပါဝင်သည့် ပင်မဆောင်အကျဉ်းသား ၂၅ ဦးမှာ ထောင်ပိုင်၏ သက်တော်စောင့်များဖြစ်သည်ဟု ထောင်ဝန်ထမ်းကဆိုသည်။
ဦးသိန်းဇော် ရောက်လာသည့် တစ်နှစ်ကျော်ကာလအတွင်းမှာ အကျဉ်းသားများကိုသာမက ထောင်ဝန်ထမ်းများကို ဖိနှိပ်သည်ဟု သိရသည်။ သူ၏ လက်ရွေးစင်လူမိုက်များကို အချုပ်ဆောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းများ၊ အကျဉ်းသားများ အဝင်အထွက် စာရင်း မှတ်တမ်းတင်ခြင်း၊ X-Ray စက်နှင့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ကိုင်စေသည်။
ထို့အပြင် အိုးဘိုထောင်အတွင်း မူးယစ်ဆေးဝါးသွင်း၍ အကြီးအကျယ် ငွေရှာသည့်အလုပ်ကို လုပ်ကိုင်သူ ရှစ် ဦး ခန့်ရှိရာ ထိုသူများမှာ ၎င်း၏ လက်ရွေးစင်အကျဉ်းသားများနှင့် ဝန်ထမ်းများ ဖြစ်သည်ဟု ထောင်ရှိဝါရင့်အကျဥ်းဦးစီးဝန်ထမ်းတစ်ဦးက Myanmar Now ကိုပြောဆိုသည်။
“ထောင်ပိုင်က ဝန်ထမ်းကိုသာ အရေးယူတာ၊ သူမွေးထားတဲ့သူတွေကိုတော့ လွှတ်ပေးထားတာ” ဟု ထောင်ဝန်ထမ်းက ဆိုသည်။
ဦးသိန်းဇော်မောင်သည် ရာဇဝတ်သား ၃၅ ဦးကို တုတ်၊ လေးခွ၊ လျှပ်စစ်တုတ်များ တင်ဆင်ပေးထား၍ ကိုယ်ရံတော်အဖြစ် မွေးထားသလို ဖိနှိပ်မှုများတွင် အသုံးပြုနေသူဖြစ်သည်။
ဦးသိန်းဇော်မောင် ရောက်ရှိလာစဉ်ကတည်းက ထောင်တွင်း ဆေးရုံတွင် ကုသမှုခံယူနေရသူများကို အချုပ်ဆောင်သို့ ပြန်ပို့လိုက်သည်၊ နေထိုင်မကောင်းသူ အကျဉ်းသားကို အချိန်မီကုသနိုင်ရန် စီစဉ်မပေးဘဲ နောက်ဆုံးအချိန်ရောက်မှသာ မန္တလေးဆေးရုံသို့ ပို့ပေးနေရာ သူ့လက်ထက် သေဆုံးသည့် အကျဉ်းသား ၄၀ ထက်မနည်းရှိသည်ဟု ထောင်တွင်း သတင်းအရင်းမြစ်က ပြောသည်။
“သူ့လက်ထက်မှာ အကျဉ်းသား သေဆုံးမှုလည်း အများဆုံးပဲ”ဟု ၎င်းက ပြောသည်။
အများစုမှာ မန္တလေးဆေးရုံသို့ ပို့စဉ် လမ်းမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အိုးဘိုထောင်တွင် အကျဉ်းသား တစ်သောင်းဝန်းကျင် ရှိပြီး ထိုအထဲမှ ၁,၂၀၀ ခန့်မှာ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည်ဟု သိရသည်။ ထင်ရှားသည့် နိုင်ငံရေးအကျဥ်းသားများအနက် မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည်လည်း လုံလောက်စွာဆေးကုသမှုမရခဲ့ခြင်းအတွက် ယမန်နှစ်က ထောင်တွင်းမှာပင် ကွယ်လွန်သွားခဲ့သည်။

၂၀၂၃ခုနှစ်က အိုးဘိုထောင်မှ ပြန်လွတ်လာသူ အကျဥ်းသားတစ်ဦးဖြစ်သူ ကိုစိုး*က ထောင်အာဏာပိုင်များသည် အကျဉ်းသားများကို စည်းရုံးနိုင်မည့် နိုင်ငံရေးအကျဥ်းသား ဆိုလျှင် ပြင်းပြင်းထန်ထန်ရိုက်နှက်ကာ ဦးချိုးလေ့ရှိသည်ဟု ဆိုသည်။ အကျဉ်းသားများကို ရေဖြင့် ကနဦးဖြန်းပက်ပြီးခါမှ လက်မရွံ့ရာဇဝတ်သားတို့က ဝိုင်းဝန်းရိုက်နှက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“တန်းစီး ကိုယ်တိုင်ကလည်း ရိုက်တယ်။ နောက် အဆောင်ခွဲတယ်။ မခွဲခင် တိုက်လိုဟာမျိုးကို မပို့ခင် ထောင်ဘူးဝ မှာ ပုံစံထိုင်ရသေးတယ်။ မထိုင်တဲ့သူဆိုရင်လည်း မထိုင်လို့ဆိုပြီး ဝိုင်းကြိတ်တာ” ဟု ကိုစိုးက ပြောသည်။
“ထောင်ဘူးဝ ဆိုတာက နေရာ ထောင်အာဏာပိုင်တို့ပေးသည့် ရာထူး) ရထားတဲ့သူတွေရဲ့ ရိုက်နှက်တဲ့ နေရာတစ်ခုလိုဖြစ်နေတာ”
၂၀၂၁၊ သြဂုတ်လ ၈ ရက်နေ့ ညပိုင်းက အိုးဘိုထောင်အတွင်း အာဏာရှင်ဆန့်ကျင်ရေး သီချင်းများ သီဆိုခဲ့ကြရာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ကို ထိုညမှာပင် လူရာနှင့်ချီဝိုင်း၍ တုတ်များဖြင့် ဝိုင်း၍ ရိုက်နှက်၊ ကုန်းသီးများဖြင့်ထုနှက်ခဲ့သည်၊ ရိုက်နှက်ခံရသူများ တိုက်ပိတ်ခံလိုက်ကြရသည်ဟု ၎င်းက ပြန်ပြောပြသည်။
“ဆေးခန်းပြဖို့ နေနေသာသာ၊ သွေးသံရဲရဲနဲ့ ရှိနေတဲ့သူတွေကို အကုန်လုံးကို နှစ် ယောက် အလွန်ဆုံးပဲ နေလို့ရတဲ့အခန်းထဲမှာ ငါး ယောက်လောက် စုပြုံထည့်ထားတာ။ သွေးညှီနံ့အပြည့်နဲ့”ဟု ကိုစိုးက ပြောသည်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်လည်း ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါဝင် လေးဦး သေဒဏ်ပေးခံရပြီး တစ်လပြည့်သည့် ၂၀၂၂ ဇူလိုင်လအတွင်းက ဆန္ဒပြကြသော နိုင်ငံရေးအကျဉ်းသားများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခံခဲ့ရသည်ဟု ထိုထောင်တွင် လေးနှစ်ကျော် အကျဉ်းစံခဲ့ရသူတစ်ဦးက ပြန်ပြောပြသည်။
“ကိုဂျင်မီ လပတ်လည်မှာ ပါတဲ့သူတွေ အကုန်လုံးကို မှောက်ခိုင်းပြီး ပူလီကြိုးတွေနဲ့ ရိုက်တာရှိတယ်၊ သတင်းစာကို အထပ်လိုက် သေချာလိပ်ထားတာတွေနဲ့ရိုက်တယ်။ ရိုက်လိုက်ရင် အတွင်းဒဏ်ရာ မပေါ်ဘဲနဲ့ တစ်ခုခုဖြစ်မယ့်ဟာမျိုးရိုက်တာ။ မရိုက်ခင် သံခြေချင်းခတ်ထားတယ်”ဟု ၎င်းက ဆိုသည်။
ခိုး၊ ဆိုး၊ လု၊ နှိုက်အပါဝင် ရာဇဝတ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေသူတို့လည်း ထောင်ဝန်ထမ်းများနှင့်အတူ ပါဝင်ရိုက်နှက်ကြသည်။ ရိုက်နှက်ခံရသူအရေအတွက် မည်မျှရှိသည်ကို မသိရပေ။
နိုင်ငံရေးအကျဥ်းသားများတွင် စစ်တပ်၏ စစ်ကြောရေးစခန်းတွင် ရရှိလာသည့် ဒဏ်ရာများ ရှိတတ်သော်လည်း ထောင်တွင် သင့်လျော်သည့် ဆေးကုသခွင့် မရပေ။ ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ၎င်းတို့၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် အသက် ၂၆နှစ်အရွယ် မဝတ်ရည်အောင်မှာ စစ်ကြောရေးစခန်းတွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မေးမြန်းစဉ် ရရှိလာသော ဒဏ်ရာဒဏ်ချက်များကြောင့် အင်းစိန်ထောင်တွင် ဇွန်လ ၂၀ ရက်နေ့က သေဆုံးခဲ့သည်ဟု ထုတ်ပြန်ကြေညာထားသည်။

နိုင်ကျဉ်းဟောင်း ကိုစိုးက အိုးဘိုထောင်အတွင်း ဒဏ်ရာရနေသူကို ဖေးမခွင့် ပိတ်ပင်ခံထားရသည်ဟု ပြောသည်။
“ရိုက်ပြီးတော့ တိုက်ထဲကို ထည့်လိုက်ရင် ဆေးပေးမရတော့ဘူး။ ပရုတ်ဆီ တစ်ဘူးလေးပေးဖို့ကို မလွယ်ဘူး။ CCTVကနေ အမြဲစောင့်ကြည့်နေတော့ ဘယ်သူမှ သွားမပေးရဲဘူး”ဟု ၎င်းက ပြောသည်။
“တစ်ခုခုဖြစ်လို့ ဆေးခန်းပြမယ်ဆိုရင်တောင် ပါရာစီတမောလောက်ပဲ ပေးတာ၊ ဘာရောဂါလာလာ”
အကျဉ်းထောင်များတွင် အခြေအနေဆိုးများ ဖြစ်ပေါ်နေသော်လည်း ကိုယ့်ကိုယ်ကိုယ် “ယာယီသမ္မတ” ရာထူး အပ်နှင်းထားသော အာဏာသိမ်းစစ်ခေါင်းဆောင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်များတွင် ဒီမိုကရေစီ ဟူသော စကားလုံး ပါဝင်လေ့ရှိသည်။
“လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲပြီးလို့ရှိရင် … ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်သွားမှာဖြစ်ပါတယ်” ဟု သူက ပြောဆိုကြောင်း ၎င်းတို့၏ စက်တင်ဘာလ ၆ ရက်နေ့ ရက်စွဲတပ် ဝါဒဖြန့်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဤအတောအတွင်း နိုင်ကျဉ်းတို့သည် လွတ်ရက်စေ့သည့်နေ့ဖြစ်သောကြောင့် ထောင်ဝန်ထမ်းက လာရောက်ခေါ်ဆောင်လျှင်လည်း ထိုနေ့ အိမ်ပြန်ရရေးမှာ မသေချာပေ။ သြဂုတ်လ ၇ ရက်နေ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည် သာယာဝတီထောင်မှ ပြန်လွတ်ရမည့်နေ့ ဖြစ်သည်။ လွှတ်မည့်ဟန်ပြပြီး အကျဉ်းခန်းထဲမှ ထုတ်လာသော သူ့ကို အာဏာပိုင်တို့က ထောင်ပြင်ပသို့ ထွက်ခွင့်မပြုဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲကာ အကျဉ်းခန်းထဲ ပြန်ထည့်ခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့သည့် ၄ နှစ်အတွင်း လွတ်ရက်စေ့သဖြင့် သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ရသဖြင့် ပြန်လွှတ်ပေးမည့်ဟန်ပြုပြီး ထောင်ဘူးဝမှာပင် ချက်ချင်းဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်လိုက်သူ ၇၄ ဦး ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ကျဉ်းအရေအတွက် ၁၁၁,၂၆ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(*လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားသည်။)



