အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်း ကျေးလက်စာသင်ဝိုင်း ဗုံးကြဲခံရပြီး ကလေး ၁ ဦးသေ၊ ကလေးများအပါအဝင် ၇  ဦး ဒဏ်ရာရ

သပိတ်ကျင်းနယ်ထဲမှ ကျေးရွာတစ်ခုတွင် မူလတန်းကလေးငယ်များ၏ စာသင်ဝိုင်း ဗုံးကြဲပစ်ခတ် ခံရပြီး ညအချိန် ထပ်ဗုံးကြဲခဲ့စဉ် ကလေးတစ်ဦး သေဆုံးပြီး ကလေး ခြောက်ဦးနှင့် ဆရာမတစ်ဦးတို့ ဒဏ်ရာရ သည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ ၈ ရက်နေ့) တွင် လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးတစ်ဦး သေဆုံးပြီး ကလေးခြောက်ဦးနှင့် ဆရာမတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သပိတ်ကျင်းမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးက ဗုံးများကြဲချခဲ့သည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ဝိုင်းတွင် စာသင်နေကြသည့် မူလတန်းအရွယ် ကလေး ခြောက်ဦးနှင့် ဆရာမတို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့နောက် ည ၁၁ နာရီကျော်ခန့်တွင် အဆိုပါရွာကို စစ်လေယာဉ်က နောက်တစ်ကြိမ်လာရောက်ပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့စဉ် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

“ကလေးလေးတွေကို စာသင်ပေးနေတဲ့ စာသင်ဝိုင်းလေးပဲ။ အဲ့ဒီစာသင်ဝိုင်းကိုဗုံးကြဲတာ၊ ကလေးချည်းပဲ ခြောက်ယောက်၊ ဆရာမရောဆို ခုနစ်ယောက် ထိတယ်။ ညခင်းပိုင်းလည်း ထပ်လာပစ်တယ်။ ညပိုင်း ပစ်တာကတော့ ကလေးတစ်ယောက်၊ တစ်ခါတည်း ဆုံးသွားတယ်။ ကလေးတွေက မူလတန်းအရွယ် ကလေးလေးတွေပဲ”ဟု ကျောက်ဖြူရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါဒေသ၏ စီမံအုပ်ချုပ်ရေးတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး MDY-PDF ကလည်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုအကြောင်း ထုတ်ပြန်ထားပြီး၊ နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ခုနစ်ဦး ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ပါ ဓာတ်ပုံများတွင် ထိခိုက်ဒဏ်ရာရရှိထားသည့်ကလေးများသည် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးများဖြစ်သည်ကို တွေ့ရသည်။

ကျောက်ဖြူရွာသည် ရွာငယ်တစ်ခုဖြစ်ပြီး လေတပ်က မကြာခဏ တိုက်ခိုက်လေ့ရှိသော ချောင်းကြီးရွာ၏ မြောက်ဘက် ကပ်လျက်တွင် တည်ရှိကာ တော်လှန်ရေးတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်နေသည့် နေရာများနှင့် အလှမ်းဝေးသည်။

 စာသင်ဝိုင်း အပျက်အစီးအချို့နှင့် ဒဏ်ရာရထားသော ကလေးငယ်တစ်ဦး။ (ဓာတ်ပုံ- MDY-PDF)

ကျောက်ဖြူရွာအတွင်း လှုပ်ရှားသော တော်လှန်ရေးအဖွဲ့များ၏ တည်နေရာများကိုလည်း စစ်ကော်မရှင် က သိရှိပြီးဖြစ်သော်လည်း  ထိုတပ်ဖွဲ့များနှင့် ဝေးသည့် ကလေးစာသင်ဝိုင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

ဟု သပိတ်ကျင်းဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရုံးနေရာဆိုလည်း (သတင်း) ပေါက်ပြီးသား။ အခြားနေရာတွေလည်း တူတူပဲ၊ အခု ကြဲတဲ့နေရာ က တော်လှန်ရေးအဖွဲ့တွေနဲ့ မဆိုင်တဲ့နေရာကို တိုက်ခိုက်တာ”ဟု သူက ဆိုသည်။

သပိတ်ကျင်းမြို့နယ်အတွင်း လေးမိုင်၊ ခြောက်မိုင်နှင့် ခုနစ်မိုင်ကျေးရွာ၊ သပိတ်ကျင်းမြို့တို့အနီးဝန်းကျင် တွင်သာ တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေသည်၊ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်သိမ်းပြီးနောက် စစ်တပ်က ထိုးစစ်အရှိန်မြှင့်လာသည်။

“ သပိတ်ကျင်းမြစ်ကြောင်းနားတစ်လျှောက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ လေး၊ ငါး၊ ခြောက်မိုင်၊ ခုနစ်မိုင်တွေက  ရန်သူ့တပ်တွေနဲ့ တော်လှန်ရေးတပ်တွေက ဆိုင်ထားသလိုဖြစ်နေတော့ တစ်ခါတစ်ခါ တိုက်ပွဲတွေရှိတယ်။ ဇရပ်ကွင်းနားမှာလည်း တိုက်ပွဲဖြစ်တယ် ကြားတယ်” ဟု နိုင်ငံအလယ်အပိုင်းတွင် စစ်ရေးလှုပ်ရှားသော စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။ 

အဆိုပါ ထိုးစစ်နှင့်အတူ စစ်ကော်မရှင်တပ်က အရပ်သားများနေထိုင်သည့် သပိတ်ကျင်းမြို့နယ် ကျေးရွာ များအထိ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု တော်လှန်ရေးအဖွဲ့နှင့် ဒေသခံများက ပြောကြသည်။ 

ထိုသို့ အရပ်သားပစ်မှတ်များ ဦးတည်တိုက်ခိုက်မှုများကြောင့် သပိတ်ကျင်းမြို့အရှေ့ဘက် ကျောက်ဖြူ ကျေးရွာ အထက်ဘက် မန္တလေး -မြစ်ကြီးနားကားလမ်းဘေးမှ ဇရပ်ကွင်းရွာ၊ မြောက်ဘက် ကပ်လျက် လမ်းလယ်ကျစ်ကျေးရွာများမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကော်မရှင်တပ်သည် သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းနေကာ သပိတ်ကျင်းမြို့အရှေ့ဘက် မိုးကုတ်မြို့ဘက်ကိုလည်း စစ်ကြောင်းထိုးနေသည်။

ငါန်းဇွန်ဗုံးကြဲမှု သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စက်တင်ဘာလ ၅ ရက်နေ့ညတွင် လူနေကျေးရွာအတွင်း Y12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးအလုံးရေ ဆယ်ချီကြဲချခဲ့ရာ အမျိုးသမီးကြီးတစ်ဦး ထိတ်လန့်သေဆုံးခဲ့သည် ဟု ရွာခံများထံက သိရသည်။ 

ငါန်းဇွန်နယ်တွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် သားကျင်ကျေးရွာအနီး မိုင်းထိကာ စစ်တပ်ဘက်မှ အရာရှိအဆင့်တစ်ဦး ထိခိုက်သေဆုံးခဲ့ရာ အနီးနားမှ ၎င်းတို့ကျေးရွာကို ထောက်ပံ့ပို့ဆောင်ရေး လေယာဉ်ဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  သားကျင်ရွာသားတစ်ဦးက ပြောသည်။

“သားကျင်ရွာနားမှာက သူတို့ (စစ်တပ်) မိုင်းထိပြီးတော့ သုံးပွင့်ဗိုလ်ကျတယ်တဲ့။ အဲ့ဒီမှာ စစ်ကြောင်း ဆက်မသွားနိုင်ဘဲနဲ့ နောက်ဆုတ်ပြီးတော့ ရွာထဲကို Y12 နဲ့ ဗုံးကြဲတာ၊ အလုံး ၅၀ ကျော်တယ်”ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲမှုများကြောင့် ရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“လူအသေအပျောက်ကတော့ ဗုံးထိတာ မဟုတ်ဘဲနဲ့ အမျိုးသမီးကြီးတစ်ယောက် ဗုံးကွဲတာတွေကိုလန့်ပြီး ဆုံးသွားတယ်၊ တခြားအထိအခိုက်တော့မရှိဘူး။ စစ်ကြောင်းလာပြီဆိုတော့ ရွာသူရွာသားတွေက ညနေ ၃ နာရီလောက်ကတည်းက ကြိုရှောင်နိုင်ခဲ့ကြတယ်”ဟု ထိုရွာသားက ပြောသည်။

ယခင်လအတွင်း သားကျင်၊ ဖောင်းကတော၊ ရွာသစ်၊ တောင်ရဂိုရ်၊ မြောက်ရဂိုရ် စသည့်ကျေးရွာများ တလျောက် စစ်ကြောင်းထိုးဝင် ရောက်လာခြင်းဖြစ်ပြီး၊ ဖောင်းကတောရွာကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါကျေးရွာဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိဘဲ၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှုအချို့ ရှိခဲ့သည်။

လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် စစ်ကော်မရှင်က နိုင်ငံအလယ်ပိုင်းတွင် ကာလအတော်ကြာ စစ်ကြောင်းထိုးမှုများ ငြိမ်နေခဲ့ရာမှ ယခုလများအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှ ဒေသအများအပြားတွင် စစ်ကြောင်းများ ပြန်လှုပ်ရှားလာခဲ့ရာ ငါန်းဇွန်ဒေသလည်း အပါအဝင်ဖြစ်သည်။

Related Articles

Back to top button