အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာများအား စစ်တပ်ထိုးစစ်ဆင်နေ၍ TNLA နှင့် တိုက်ပွဲ ဆက်ဖြစ်နေ

နောင်ချိုမြို့မှ ဂုတ်တွင်းတံတားကို ဖြတ်ပြီး ကျောက်မဲမြို့သို့ ဦးတည်နေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် မြို့ကိုထိန်းချုပ်ထားသည့် TNLA တို့နှင့် ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာ၊ ပင်တိန်ကျေးရွာများ အနီးတွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့မှ ဂုတ်တွင်းတံတားကို ဖြတ်ပြီး ကျောက်မဲမြို့သို့ ဦးတည်နေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် မြို့ကိုထိန်းချုပ်ထားသည့် TNLA နှင့် ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာ၊ ပင်တိန်ကျေးရွာများ အနီးတွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

နောင်ပစ်ရွာသည် ကျောက်မဲမြို့ဘက်အခြမ်း ဂုတ်တွင်းလမ်းအဆင်းထိပ်တွင်ရှိသည့် ရှမ်းရွာကြီး တစ်ရွာဖြစ်ပြီး ကျောက်မဲမြို့အနောက်ဘက် မိုင်းတင်းရွာအထိ တောလမ်းမှ သွားနိုင်သည်။

“နောင်ပစ်က ကျောက်မဲမြို့အနောက်ဘက် မိုင်းတင်းလမ်းကို ပေါက်တော့ အဲဒီဘက်ကြောက TNLA ခံစစ်ပြင်ထားတဲ့ နေရာတွေကို စစ်ကြောင်းလိုက်ထိုးနေတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု မြေပြင် စစ်ရေးအခြေအနေ သိရှိသည့် ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

နောင်ချိုမှ ဂုတ်တွင်းချောင်းကို ဖြတ်၍ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင် တပ်မ ၁၁ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် နောင်ပိန်ရွာအား သိမ်းပိုက်ပြီးနောက် အနီးအနားရှိ ပင်တိန်ရွာ၊ မက်မန်းကုန်းသာရွာတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်။

“စစ်တပ်က ကာလမ်းကနေလည်း ထိုးမယ်၊ ကျောက်မဲမြို့ အနောက်ဘက်ကနေလည်း ပတ်ဝင်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

TNLA တပ်ဖွဲ့၏ အခိုင်အမာ တည်ဆောက်ထားသည့် စခန်းများအား ကျော်လွှားနိုင်ရန် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများအား အဓိက အသုံးပြုပြီး မြေပြင်ထိုးစစ် အလုံးအရင်းကို အသုံးပြု တိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရ သည်။

“တောင်ခမ်းထိုးစစ်ပုံစံအတိုင်းပဲ အခု စစ်တပ်တိုက်နေတဲ့ ပုံစံက။ မနိုင်တော့ရင် လေယာဉ်နဲ့ လာပစ်တယ်၊ ပြီးမှ ဒရုန်းနဲ့ ကင်းထောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ” ဟု မြေပြင်တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲများတွင် စစ်တပ်က အဆိပ်ငွေ့ဗုံးများကို ထပ်မံအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု TNLA နှင့် နီးစပ်သူများကဆိုသည်။ 

နောင်ပိန်ရွာသည် ကျောက်မဲမြို့နှင့် ၁၇ မိုင်အကွာတွင်ရှိသည်။ နောင်ပိန်ရွာနှင့် ကျောက်မဲမြို့ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပင်တိန်ရွာ၊ မက်မန်းကုန်းသာရွာ၊ ခိုက်တုန်ဟုန်းရွာ၊ နားအိုက်ခမ်းရွာ၊ စခန်းသာရွာ၊ ခိုးမုန်းကျေးရွာများရှိသည်။

နောင်ပိန်ရွာအား စစ်တပ်က ထိန်းချုပ်ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပင်တိန်၊ မက်မန်းကုန်းသာရွာ၊ ခိုက်တုန်ဟုန်းရွာတို့အား ထိုးစစ်ဆင်နိုင်ရန် လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းအထန်တိုက်ခိုက်နေသည်။

နောင်ပိန်နှင့် ကျောက်မဲကြားရှိ ကောင်းမူလျှံရွာ၊ ပင်တုံရွာရှိ TNLA တပ်စခန်းနှစ်ခုအား စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က သိမ်းပိုက်ထားနိုင်သည်ဟု စစ်တပ်ဝါဒဖြန့်သူများက မျှဝေနေကြသည်။

တိုက်ပွဲနှင့် ပတ်သက်၍ TNLA ဘက်က အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် မက်မန်းကုန်းသာရွာအတွင်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ လင်မယားနှစ်ဦး သေဆုံးခဲ့ရာ ရက်အတော်ကြာအထိ အလောင်းကောက်ယူနိုင်ခြင်း မရှိခဲ့ဟု အကူအညီ ပေးနေသူများက ဆိုသည်။

စစ်တပ်က နောင်ပိန်ရွာအား သိမ်းပိုက်ပြီးသော်လည်း ဒေသခံရွာသားများအား နေရပ် ပြန်ခွင့်မပြုသေးသဖြင့် နောင်ပိန်ရွာခံ အများစုမှာ အနီးအနားရှိ ပုံးဝိုး၊ ဟဲကွီ စသည့် ကျေးရွာတို့တွင် စစ်ဘေး တိမ်းရှောင်နေကြသည်။

နောင်ချိုမြို့အား စစ်တပ်ကသိမ်းပြီး ရက်အနည်းငယ်အကြာ ကျောက်မဲမြို့နယ်အတွင်းရှိ ပင်တိန်၊ ပင်တီး၊ ဇီပင်၊ ကျောင်းကုန်းရွာများအား လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုများ ကြောင့် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ပင်တိန်၊ ပင်တီး၊ နောင်ပိန်၊ ဇီပင်၊ စခန်းသာ၊ ခိုက်တုန်ဟုန်း ကျေးရွာများမှ ဒေသခံများနှင့် ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့များမှ နောင်ပိန်ရွာသို့ စစ်ဘေး တိမ်းရှောင်လာသည့် ဒေသခံ နှစ်သောင်းကျော်သည် နီးစပ်ရာရွာများနှင့် လားရှိုး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ ထပ်မံ တိမ်းရှောင်နေ ရသည်။

စစ်တပ်နှင့် TNLA တို့၏ ဩဂုတ်လ ၂၇ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ စစ်တပ်နှင့် အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်ဘက်က ထိုမြို့များကို တိုက်ယူနိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ကိုသာ ပေးမည်ဟု ဆိုခဲ့၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။

သီပေါနှင့် ကျောက်မဲမြို့များသည် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့များဖြစ်သည်။

ကျောက်မဲမြို့ပေါ်တွင် ရပ်ကွက် ခြောက်ခု ရှိပြီး လူဦးရေ ငါးသောင်းကျော် နေထိုင်သည်။ ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်။

ဩဂုတ်လ ၂၇ ရက်နေ့ ဆွေးနွေးပွဲအပြီး ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်တပ်က TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့အား လေကြောင်းမှ ခြောက်ကြိမ် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ကျောက်မဲမြို့နယ် ပန်သပြေရွာမှ သီလရှင် တစ်ပါးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါနှင့် ကျောက်မဲမြို့ရှိ  မြို့ခံ ထက်ဝက်ကျော်သည် နီးစပ်ရာ ကျေးရွာများနှင့် လားရှိုး၊ မန္တလေးမြို့များသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့၏ ယနေ့ (စက်တင်ဘာလ ၉ ရက်နေ့) ထုတ်ပြန်ချက်တွင် ကျောက်မဲမြို့နယ်၌ စစ်တပ်နှင့် TNLA တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ဩဂုတ်လ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း အရပ်သား ၂၉ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

တိုက်ခိုက်မှုများကြောင့် နောင်ပိန်ကျေးရွာအပါအဝင် နောင်ချို-ကျောက်မဲလမ်းမကြီး ပေါ်ရှိ ကျေးရွာများမှ အရပ်သားပြည်သူ ၈၆,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဖော်ပြသည်။

Related Articles

Back to top button