အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်ထုတ် လက်နက်များ အထူးရင်သပ်ရှုမောရဟု စစ်တပ်ထိန်းချုပ် သတင်းစာ မြှောက်ပင့်

တရုတ်နိုင်ငံ စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည့် တင့်ကားအသစ်များ၊ ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းနှင့် မြန်နှုန်းမြင့် တိုက်လေယာဉ်များကို မြင်တွေ့ခဲ့ရပြီး အံ့ဩဘနန်းဖြစ်ရကြောင်း စစ်ကော်မရှင် ထိန်းချုပ်သတင်းစာက မြှောက်ပင့်ရေးသားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည့် စစ်လက်နက်များကို မြင်တွေ့ရသည်မှာ အထူးပင် ရင်သပ်ရှုမောရကြောင်း စစ်ကော်မရှင်ထိန်းချုပ်ထားသည့် သတင်းစာဆောင်းပါး တစ်ပုဒ်တွင် ယနေ့ (စက်တင်ဘာလ ၉ ရက်နေ့)  မြှောက်ပင့်ရေးသားထားသည်။

ထိုစစ်ရေးပြအခမ်းအနားတွင် တင့်ကားအသစ်များ၊ ခေတ်မီလေကြောင်းနည်းပညာကို ကိုယ်စားပြုသည့် ဆန်းသစ်သည့်ဒီဇိုင်းနှင့် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ ပဲ့ထိန်း ဒုံးကျည်များ၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် တန်ပြန်တိုက်ခိုက်နိုင်သည့် ဒရုန်းများ၊ မောင်းသူမဲ့ယာဉ်များကို ပြသခဲ့ရာ ထို “ခေတ်မီလက်နက်များကြောင့် အထူးပင်ရင်သပ်ရှုမောကြရသည်” ဟု ရေးသားထားသည်။

စစ်ရေးပြ အခမ်းအနားတွင် တရုတ်နိုင်ငံက ပြသခဲ့သည့် ကြီးမားသော မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည် DF-61(ဓာတ်ပုံ − AFP)

ထို့ပြင် ဝေဟင်မှပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည် JingLei-1 အမျိုးအစား၊ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် Ju Lang-3 အမျိုးအစားနှင့် မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည် Dong Feng-61 နှင့် Dong Feng -31 အမျိုးအစားတို့ကိုလည်း ထိုစစ်ရေးပြ အခမ်းအနားတွင် ပြသခဲ့သည်။ ထိုအချက်သည် “တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြည်တွင်းထုတ်ခေတ်မီလက်နက်များကို ဖွင့်ဟပြခဲ့ခြင်းလည်းဖြစ်သည်” ဟု စစ်ကော်မရှင် ထိန်းချုပ် သတင်းစာက ဆိုသည်။

ယူကရိန်းကို ကျူးကျော်စစ်တိုက်နေသည့် ရုရှားသမ္မတဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်၊ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၊ အီရန်သမ္မတ မာဆက်ပီဇီရှ်ကီရန်၊ ကာဇက်စတန်သမ္မတ ကတ်ခ်ဆန်ဂျိုးမာ့တ်တိုးကာရာ့ဖ်၊ ကာဂျစ်စတန်သမ္မတ ဆာဒေရာဂျာဗာရော့ဗ် စသည့် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ခေါင်းဆောင်များနှင့်အတူ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်လည်း အဆိုပါ စစ်​ရေးပြ အခမ်းအနားသို့ တက်ရောက်ခွင့်ရခဲ့ကြောင်းလည်း ရေးသားထားသည်။

စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရပုံ။

စစ်ကော်မရှင်ခေါင်းဆောင်၏ အဆိုပါ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရွေးကောက်ပွဲတွင် အကူအညီများပေးရန်၊ ဖွံဖြိုးရေးလုပ်ငန်းများအတွက် ဆက်လက်ကူညီမည့် ကတိကဝတ်နှင့် အသိအမှတ်ပြုမှုများ ရရှိခဲ့သည်ဟုလည်း စစ်ကော်မရှင်ထိန်းချုပ် သတင်းစာက ဝါဒဖြန့်သည်။

၂၀၂၁ အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ခေါင်းဆောင်အား သံတမန်ရေးအရ အသိအမှတ်မပြုခဲ့ကြပေ။ အလားတူ ဒေသတွင်း အာဆီယံနိုင်ငံခေါင်းဆောင်များကပါ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ စစ်ကော်မရှင်ခေါင်းဆောင်အား တက်ရောက်ခွင့် ပိတ်ပင်ထားသည်။ထိုအခြေအနေတွင် စစ်ခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး ရုရှားနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို ပြသခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံသို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရုရှားသမ္မတ ပူတင်နှင့်သူ့အကြား မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်မည်ဟု လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်ကကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ဗျာဒိတ်တော်ပေးခဲ့သည်ဟု ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်နှင့် အတူတွေ့ရသည့် စစ်ခေါင်းဆောင်

ထို့ပြင် ပူတင်ဦးဆောင်မှုကြောင့် ယူကရိန်းစစ်ပွဲတွင် ရုရှားအောင်မြင်မည်ဟု ယုံကြည်သည်ဟု ပြောဆိုခဲ့ပြီး ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မြှောက်ပင့်ခဲ့သည်။

စစ်ခေါင်းဆောင်၏ ယခု တရုတ်နိုင်ငံ ခရီးစဉ်သည်ကိုလည်း အောင်ပွဲအဖြစ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာက ဝါဒဖြန့်သည်။ “တရုတ်နိုင်ငံနှင့် နီးကပ်ရင်းနှီးသည့် ဆက်ဆံရေးအတွက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိစေခဲ့သည်ဟု သုံးသပ်ရှုမြင်နိုင်ပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာပင်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

တရုတ်နှင့် မြန်မာ နှစ် နိုင်ငံသည် ဆွေမျိုးပေါက်ဖော် နိုင်ငံများအဖြစ် စစ်အာဏာရှင်အဆက်အဆက်က ပုံဖော်ရေးသားခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အေးအတူပူအမျှ အိမ်နီးချင်းကောင်းဆက်ဆံရေးရှိသည်ဟု ဝါဒဖြန့်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တွန်းလှန်မှုများ ပေါ်ပေါက်လာပြီး တရုတ်နိုင်ငံသည် စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ကျောထောက်နောက်ခံပေးလာသည်။

၂၀၂၄ သြဂုတ်လဆန်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်များ သိမ်းပိုက်ခဲ့ခြင်း၊ ၂၀၂၃ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များကို တရုတ်က ဖိအားပေးခဲ့ပြီး သိမ်းပိုက်ထားသည့် မြို့များမှ ပြန်ဆုတ်ပေးရန် ရာဇသံပေးခဲ့သည်။

ထိုတိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများသို့ ကုန်စည်စီးဆင်းမှု ကန့်သတ်မှုများ တရုတ်က ပြုလုပ်၍ ဆက်တိုက် ဖိအားပေး ခြိမ်းခြောက်နေခဲ့သည်။ ထို့နောက် စစ်ကော်မရှင်တပ်သည် တရုတ်၏နောက်ကွယ်မှ ဖေးမမှုဖြင့် လားရှိုးမြို့ကို သေနတ်တစ်ချက် မဖောက်ရဘဲ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကော်မရှင်ကို အနောက်နိုင်ငံများ စီးပွားရေးပိတ်ဆိုမှုများ ပြုလုပ်ထားပြီး ဒေသတွင်းနိုင်ငံအအချို့က ဖယ်ကြဉ်ထားကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး မတ်လ ၃ ရက်နေ့တွင် ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကို ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်နှင့် ရှေ့ဆက်သွားမည်ဟု ပြောဆိုခဲ့သည်။

Related Articles

Back to top button