အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပွင့်ဖြူတွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် အရပ်သားများအပါအဝင် ၉ ဦးကို စစ်တပ်သတ်ဖြတ် 

မကွေးတိုင်းတွင် စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်က ပွင့်ဖြူမြို့နယ်ထဲ စက်တင်ဘာလ ပထမပတ်က စစ်တပ်စစ်ကြောင်းထိုးစဉ် အရပ်သား ကိုး ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

မကွေးတိုင်းတွင် စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်က ပွင့်ဖြူမြို့နယ်ထဲ စက်တင်ဘာ ပထမပတ်က စစ်တပ်စစ်ကြောင်းထိုးစဉ် အရပ်သား ကိုး ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ 

ပွင့်ဖြူမြို့နယ် အခြေစိုက် ဝါစိုက်ပျိုးရေးတပ်၊ စကုအခြေစိုက် အမှတ် ၁၀ ခြေလျင်တပ်ရင်း (ခလရ)နှင့် ပြည်သူ့စစ်များပါသော စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၁၅၀ နီးပါးဖြင့် ပွင့်ဖြူမြို့အနောက်ပိုင်း မုန်းချောင်း ဝဲ၊ ယာရှိကျေးရွာများကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကြောင်းထိုး စီးနင်းခဲ့ခြင်းဖြစ် သည်။

ထိုစစ်ကြောင်းဝင်ရောက်စဉ် ကျေးရွာများတွင် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူများအနက် မုန်းချောင်း တောင်ဘက် မကြီးစုရွာတွင် နှစ် ဦး၊ လေးအိမ်စုရွာတွင် တစ် ဦး၊ မုန်းချောင်းမြောက်ဘက် မဒဲရွာတွင် ခြောက် ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသိရသည်။ 

သေဆုံးသူများသည် လူလတ်ပိုင်းအရွယ် အသက် ၄၀ ကျော် ၅၀ ဝန်းကျင်အရွယ်အမျိုးသားများဖြစ်ပြီး အရပ်သားပြည်သူများဖြစ်သည်ဟုဆိုသည်။ 

စက်တင်ဘာလ ၃ ရက်နေ့က ဝါစိုက်ပျိုးရေးတပ်အပြင်ဘက် ကျစ်ကိုင်းရွာ စစ်ဆေးရေးဂိတ်မှထွက်လာသည့် စစ်ကြောင်းသည် မကြီးစုရွာကို စီးနင်းဝင်ရောက်စဉ် ရွာထဲကျန်ရစ်သည့် အမျိုးသား နှစ် ဦးကို စစ်တပ်က ဖမ်းဆီးရမိသွားခြင်းဖြစ်ကြောင်းသိရဿည်။ 

ညဘက်တွင် ထိုရွာမှစစ်ကြောင်းပြန်မထွက်မီ ၎င်းတို့ နှစ် ဦးကို စစ်တပ်ကပစ်သတ်ပြီးနောက် နေအိမ်များထဲထည့်ပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကပြောသည်။ ရွာမှစစ်တပ်ထွက်သွားပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် တော်လှန်ရေး အင်အားစုများ နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် မီးလောင်ထားသည့် နေအိမ်များထဲတွင်  ရုပ်အလောင်းများကို တွေ့ခဲ့ရခြင်းဖြစ်သည်။ 

မီးလောင်တဲ့အိမ်တွေထဲမှာ (အလောင်းတွေကို) တွေ့ရတယ်။ပုဆိုးစကြည့်ပြီးတော့အတည်ပြုရတာ။ တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ” ဟု ၎င်းက ဆက်ပြောသည်။ 

ထို့ပြင်စစ်ကြောင်းဝင်ခဲ့ရာ မကြီးစုရွာအနီး လေးအိမ်စုရွာမြောင်းထဲတွင်လည်း လည်ပင်ကို လှီးဖြတ် သတ်ထားသည့်အမျိုးသားရုပ်အလောင်းအား တွေ့ရှိခဲ့ရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသဖြင့် မည်သူ မည်ဝါအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။  

ထိုစစ်ကြောင်းသည် မုန်းချောင်းမြောက်ဘက် ညောင်ပင်ဝိုင်း၊ ထူးပေါက်၊ ထန်းတော၊ မဒဲစသည့် ကျေးရွာများကိုဆက်လက် စစ်ကြောင်းထိုးစီးနင်းစဉ် အရပ်သား ၁၂ ဦး ဖမ်းဆီးရမိခဲ့သည်။ 

၎င်းတို့အနက် အသက် ၄၀ အရွယ် မဒဲရွာခံ ကိုသူရကို တာဝါတိုင်နေရာအနီးတွင် လက်ပြန်ကြိုးတုပ် ပြီးဦးခေါင်းကို ပစ်သတ်ခဲ့သည်။ 

စစ်တပ်က ဓါးစာခံ ၁၁ ဦးကို မိုင်းကွင်းထဲဖြတ်ခိုင်းစဉ် ငါး ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ ကနီရွာမှာ ကိုတင်ခိုင်စိုး၊ ကိုသန်းမင်း၊ မဒဲကုန်းရွာမှ ကိုဖိုးဇော်၊ ကိုဝင်းဇော်ဖြိုးနှင့် အင်းကုန်းရွာမှ ကိုဖိုးတိုးတို့ ဖြစ်ကြောင်းသိရသည်။ 

လက်နက်အင်အားသာလွန်သည့် စစ်တပ် စစ်ကြောင်းရန်ကို တားဆီးဟန့်တားနိုင်ပြီး ရပ်ရွာလုံခြုံရေး အတွက် တော်လှန်ရေးအင်အားစုများက မိုင်းကိုအားကိုးရပြီး စစ်တပ်ကထိုမိုင်းကွင်းများကို ဖြတ်သန်း ရန်အတွက် ဖမ်းဆီးခံအရပ်သားများကို လူသားဒိုင်းသဖွယ်အသုံးချ‌လေ့ရှိသည်။ 

စစ်ကြောင်းသည် စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းတွင်  ပြည်သူ့စစ်များဖြင့်အခြေစိုက်ထားရာ ပွင့်ဖြူမြို့ အနီး ကျောင်းကုန်းရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၎င်းကဆိုသည်။ 

စစ်တပ်ပြန်လည်ဆုတ်ခွာသွားသော်လည်း ရွာထဲရှင်းလင်းရေးများလုပ်နေဆဲဖြစ်သည့်အတွက် မုန်းချောင်းဝဲယာရှိကျေးရွာပေါင်း တစ်ဒါဇင်ထက်မနည်းမှထောင်နှင့်ချီသည့်ဒေသခံများ နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်တိမ်းနေရဆဲဖြစ်သည်ဟု ပကဖ တာဝန်ရှိသူက ဆက်ပြောသည်။ 

“အဓိကတော့ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရလိုအပ်ရင်လိုအပ်သလိုအသိပေးတဲ့အခါ လိုက်နာကြဖို့အရေးကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူထိရင်တော်တော်ရင်နာစရာကောင်းတယ်။ အဲ့ဒါကြောင့် ဂရုတစိုက်လိုက်နာပေးကြပါ”ဟု ၎င်းက တိုက်တွန်းသည်။ 

နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲလုပ်ရန်ပြင်နေသည့် စစ်တပ်သည် ဇူလိုင်လကစပြီး နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့တွင် စစ်ရေးလှုပ်ရှားမှုများ တကျော့ပြန်ခေါင်းထောင်လာသလို ရှမ်းမြောက်၊ ကယား (ကရင်နီ) နှင့် ကရင်ပြည်နယ်တို့တွင် လက်လွှတ်ဆုံးရှုံးထားရသည့် မြို့များ၊ အရေးပါသည့်လမ်းပိုင်းများကို အင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ် ထားသည်။ 

မကွေးတိုင်းတွင်လည်း ပခုက္ကူမှထွက်လာသော ယာဉ်အစီးရေ ဆယ်ချီပါဝင်သည့် ကားတန်းဖြင့် မေလက စတင် စစ်ကြောင်းထိုးခဲ့ရာ နှစ်လကျော်အကြာတွင် ပေါက်မြို့သို့ရောက်ရှိခဲ့ပြီး လက်နက် လူအင်အားဖြည့်တင်းနိုင်ခဲ့သည်။ 

အင်အားဖြည့်တင်းပြီးနောက် ကပစ ၂၄ သည် ပေါက်နှင့် ထီးလင်း နယ်စပ်သို့ စစ်ကြောင်းထိုးလာပြီး ကပစ ၂၄ ၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် နတ်ထိပ်စခန်းကို စက်တင်ဘာလဆန်းတွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ ကပစ ၂၄ သည် အရည်ကြိုစက်ရုံအဖြစ်လည်ပတ်နေပြီး အလူမီနီယံ ချောင်းများကို အခြားလက်နက်စက်ရုံများသို့ ဖြန့်ဖြူးပေးနေသည့် စက်ရုံဖြစ်သည်။  

နတ်ထိပ်စခန်းကို စစ်တပ်ဘက်က အင်အားအများပြားဖြင့်စစ်ကြောင်းထိုးသလို လေကြောင်းကလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ထိုနေရာမှ ဆုတ်ခွာပေးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရ သည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ မကွေးတိုင်းမြောက်ပိုင်းတွင် သာမက စစ်တပ်ထိန်းချုပ်မှုကောင်းသည့်  မကွေးတိုင်းတောင်ဘက်တွင်ပါ စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှု များ ရှိနေသည်။ 

ဗုံးသီးများထုတ်လုပ်ရာ စက်ရုံဖြစ်သည့် ကပစ ၁၂ မှထွက်လာသော စစ်ကြောင်းသည် သရက်နှင့်မင်းတုန်းမြို့နယ်စပ်ကြားရှိ ကျေးရွာများကို ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုထံကသိရသည်။ 

“ ဦးတည်လှုပ်ရှားတာက တစ်နေရာတည်းဦးတည်လာတာမဟုတ်ပါဘူး။ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဦးတည်လာပြီး ပတ်နေတာ။ တနယ်လုံးပတ်နေတာ။ သရက်မြို့နယ်ထဲက နယ်မြေစိုးမိုးမှု ကတော့ သရက်မြို့နယ်က ၁၀၀ ရာခိုင်နှုန်း စစ်ကောင်စီထိန်းချုပ် ထားတာဖြစ်ပါတယ်။ ရွာတိုင်း ရွာတိုင်းမှာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရှိပါတယ်။ ရွာတိုင်းရွာတိုင်းက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာ”ဟု ထိုဒေသတွင်လှုပ်ရှားသည့် ဗမာပြည်ကာကွယ်ရေးတပ် (USBA) ၏ တာဝန်ရှိသူက ပြောသည်။ 

ဒီဇင်ဘာလကုန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင်  မကွေးတိုင်းမှ မြို့နယ် ၂၅ ခုအနက် ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊  မင်းဘူး၊ သရက်နှင့် အောင်လံမြို့နယ် တို့ ပါဝင်သည်။ 

Related Articles

Back to top button