မြန်မာနှင့် ထိုင်းနယ်စပ် မြဝတီမြို့၊ အမှတ် (၂) တံတား ပိတ်ထားချိန် လမ်းကြောင်းပြောင်းကုန်သွယ်ရန် အဆိုပြုထားသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ်ဂိတ်မှလည်း ထိုင်းကုန်စည်တင်သွင်းမှုများအား ယခုလဆန်းမှ စတင်တင်းကျပ်လိုက်ပြီး ပြည်မဒေသများသို့ ကုန်စည် သယ်ယူခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကော်မရှင်က မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေး တံတားကို ပိတ်လိုက်သလို ကုန်သွယ်ရေးလမ်းမဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်နေရာ မြန်မာနိုင်ငံဘက်သို့ ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းသွားခဲ့သည်။
ထိုလမ်းကြောင်းအစား ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်မှ မြန်မာနိုင်ငံဘက်သို့ ကော့သောင်း-ရန်ကုန်မြို့ ရေလမ်းကြောင်း၊ ရှမ်းအရှေ့ မယ်ဆိုင် – တာချီလိတ် နယ်စပ်ဂိတ် စသည့်နေရာ နှစ်ခုမှ ထိုင်းကုန်စည်များ တင်ပို့ရန် စစ်ကော်မရှင်ဘက်က ထိုင်းနိုင်ငံကို အကြံပြုထားခြင်းဖြစ်သည်။
လက်ရှိ တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် အမှတ် (၁) နှင့် (၂) တံတားနှစ်ခုရှိပြီး အမှတ်(၂) တံတားမှ သွင်းကုန်လိုင်စင်များ လိုသလောက်ချမပေးခြင်းဖြင့် ထိုင်းကုန်စည်များတင်သွင်းမှု တင်းကျပ်ထားပြီး လူအဝင်အထွက်နှင့် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းများ သယ်ယူနိုင်သည့် အမှတ်(၁) တံတားမှလည်း လွတ်လပ်စွာ သယ်ယူခွင့်မရတော့ကြောင်း အမည်မဖော်လိုသည့် တာချိတ်လိတ်နယ်စပ်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုအနေအထားကတော့ (သွင်းကုန်လိုင်စင်) လျှင်လျှင်မြန်မြန်ကျနေတာမျိုးတော့ မရှိဘူးပေါ့။ ပို့ကုန် လုပ်ရင် သွင်းကုန်ရတယ်ဆိုပေမယ့် ပို့ကုန်သာရှိတယ်။ သွင်းကုန်ကို အလျှင်အမြန်မချပေးနိုင်တဲ့ အနေအထားတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
“တစ်ပိုင်တစ်နိုင်ကတော့ အမှတ်(၁) တံတားဆိုတာရှိတယ်။ အဲ့ဒီမှာ လူတစ်ယောက်မှာ ခွင့်ပြုထားတဲ့ သူ့ရဲ့ပမာဏလေးတွေရှိတယ်။ အဲ့ဒါလေးတွေပေးသယ်တယ်။ လွတ်လွတ်လပ်လပ်သယ်ယူခွင့်ကတော့ ကန့်သတ်လိုက်တဲ့ပုံစံမျိုးဖြစ်လိမ့်မယ်”
လက်ရှိတွင် တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ကြက်သွန်နီများတင်ပို့နေပြီး ထိုပို့ကုန်တင်ပို့ရာမှ ရရရှိသည့်ငွေဖြင့် သွင်းကုန်တင်သွင်းရန်လျှောက်ထားရာတွင် ကြန့်ကြာမှုများရှိနေသည်ဟု သိရသည်။
သွင်းကုန်ကန့်သတ်ချက်များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း၊ သံဘောင်၊ ကြွေပြားနှင့် အခြားသောအိမ်ဆောက်ပစ္စည်းပြတ်လပ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်းရပ်ထားရကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် တာချီလိတ်မြို့မှတဆင့် ကျိုင်းတုံနှင့်အခြားဒေသများသို့ ကုန်စည်သယ်ယူခွင့်ကိုလည်း မြို့အထွက် မယ်ယန်းရွာအနီး ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်မှ စစ်ဆေး၍ ကန့်သတ်ပိတ်ပင်နေကြောင်း အမည်မဖော်လိုသည့် တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“တာချီလိတ်ကနေ ပြည်မကို ဘာပစ္စည်းမှပို့လို့မရဘူးဗျ။ ခရီးသည်ဆိုရင် တစ်နိုင်ပဲပါရမယ်။ ပစ္စည်း အဟောင်းဆိုရင် တင်လို့ရတယ်။ အသစ်ဆိုရင်ဘာပစ္စည်းမှတင်လို့မရဘူး။ နောက်ပြီးတော့ ကားဂိတ်တွေ ၊ အဝေးပြေးကားကြီးတွေဆိုရင်လည်း ဒီပစ္စည်းကို လက်မခံတာ။ အရင်တုန်းကဆိုရင် ကားနဲ့ ပစ္စည်းပို့လို့ ရတယ်။ အခုက ပို့လို့မရဘူး” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ထိုင်းနယ်စပ်နှင့် ပြည်မဒေသများသို့ ကုန်စည်ကူးသန်းရောင်းဝယ်သည့် ကုန်သည်ကြီးများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များမှ လုပ်ငန်းများရပ်နားထားရပြီး အခက်အခဲကြုံနေကြောင်း သိရသည်။
ထိုင်းကုန်စည်တင်သွင်းမှု၊ ဖြန့်ဖြူးခွင့်တင်းကျပ်မှုအပေါ် စစ်ကော်မရှင်၏ စီးပွားကူးသန်း ဒုဝန်ကြီး ဦးမင်းမင်းနှင့် ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
စစ်ကော်မရှင်သည် မရှိမဖြစ်လိုသည့် နေ့စဉ်သုံးပစ္စည်းနှင့် ကုန်ပစ္စည်းအချို့ကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုထားပြီး ယခင်က ထိုင်းဘက်မှအလုံးအရင်းနဲ့တင်သွင်းသော ကုန်စည်အားလုံးနီးပါးကို ပိတ်ထားခြင်းကြောင့် တာချီလိတ်-မယ်ဆိုင် နယ်စပ်ကုန်သွယ်မှုကျဆင်းသွားကြောင်း ထိုင်းအခြေစိုက် MGR Online သတင်းဌာနက စက်တင်ဘာလ ၁ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
စစ်ကော်မရှင်၏ ကုန်စည်ပိတ်ပင်မှုများကြောင့် ပြည်တွင်း၌ နိုင်ငံခြားသွင်းကုန် အခြေခံပစ္စည်းများ ရှားပါးပြတ်လပ်ကာ ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာနေသည်။
မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နမိတ်ချင်းထိဆက်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်း စသော ဂိတ် ခြောက်ခုရှိပြီး လျာထားစခန်းများအဖြစ် ဘုရားသုံးဆူ၊ မယ်စဲ့နှင့် ပုံပါကျင်ဆူနယ်စပ်ဂိတ်ဟူ၍ သုံးခု ရှိကြောင်း စီပွားကူးသန်းဌာန၏ စာရင်းများအရ သိရသည်။
ထိုနယ်စပ်စခန်းများအနက် တာချီလိတ်နယ်စပ်နှင့် တနင်္သာရီတိုင်း ကော့သောင်း-ရနောင်းရေလမ်းကို စစ်တပ်က အဓိကထိန်းချုပ်ထားနိုင်သည်။
ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုမူ တိုင်းရင်းသား တော်လှန်ရေးတပ်များက သိမ်းပိုက်မှုများရှိသလို လမ်းပိုင်းအချို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းနေသည်။
စစ်ကော်မရှင်က ထိုင်း-မြန်မာနယ်စပ် ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။




