တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ် ကျေးရွာများ ကို ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်နေ့) တစ်ရက်တည်းမှာပင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာ အရပ်သား လေးဦး သေဆုံး၍ ၁၂ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာကို ဗုံးကြဲခဲ့သည်၊ မွန်းလွဲ ၂ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာအတွင်း Y-12 လေယာဉ်ဖြင့် လည်းကောင်း၊ စဉ့်ကူးနယ် နဂါးမောက်တောင်ပေါ် တိုက်လေယာဉ်ဖြင့်လည်းကောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများနှင့် ဝေးရာ ကျောက်ဖျာကျေးရွာ ဗုံးသီးများ ကြဲချခဲ့မှုကြောင့် ကျေးရွာနေ အရပ်သား လေးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) က ဆိုသည်။
သေဆုံး၊ ထိခိုက်သူများ၏ အမည်၊ အသက်အရွယ်နှင့်ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးပေ။
တချိန်တည်းမှာပင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးကလည်း စဉ့်ကူးမြို့နယ် နဂါးမောက်တောင်ပေါ်သို့ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်၊ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
“ကျွန်တော်တို့မြို့နယ်ထဲမှာ တစ်နေကုန် လေယာဉ်တွေ ဝဲနေတာ။ မနက်ပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်ပိုင်းမှာ တစ်ကြိမ် Y-12 နဲ့ ချတယ်။ ဖိုက်တာကတော့ စဉ့်ကူးထဲချသွားတာ”ဟု သပိတ်ကျင်းမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထောက်ပို့လေယာဉ်သည် ကျောက်ဖျာကျေးရွာအတွင်း လေးကြိမ်ပျံဝဲကာ ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

နံနက် ၉ နာရီခွဲခန့်အချိန်တွင် တိုက်ပွဲများဖြစ်နေသည့် လမ်းလယ်ကျစ်ကျေးရွာကို လည်း Y-12 လေယာဉ် တစ်စီးက အကြိမ်ကြိမ်ပျံဝဲပြီး ဗုံးသီးများကို ၁၁ ကြိမ်ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြော ကြသည်။
“မနက်ပိုင်းကတော့ လမ်းလယ်ကျစ်မှာကြဲတာလို့သိရတယ်။ တစ်ခါကြဲရင် ၃-၄-၅ လုံးကြဲတာ။ အကြိမ် ကြိမ် ဝဲပြီး အကြာကြီးကြဲသွားတာ။ ကျွန်မတို့နဲ့ဆို အဝေးကြီးပေမယ့် အသံတွေကြားနေရတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ကျောက်ဖျာရွာသည် လတ်တလော တိုက်ပွဲများဖြစ်နေသည့် လမ်းလယ်ကျစ်ကျေးရွာ အရှေ့တောငဘက် ၂ မိုင်ခန့်အကွာ၊ မန္တလေး- မြစ်ကြီးနားကားလမ်းပေါ်မှ ကျေးရွာဖြစ်သည်။
နဂါးမောက်တောင်ရှိရာ စဉ့်ကူးနယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့် ၁၅ မိုင်ကွာဝေးသည်။
ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာပင် မိုးကုတ်မြို့အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသော် လည်း ဗုံးမပေါက်ကွဲခဲ့ကြောင်း မြို့ခံတစ်ဦးထံက သိရသည်။
ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာများထွက်သော မိုးကုတ်သည် တအာင်းတပ် (TNLA) ထိန်းချုပ်မြို့ဖြစ်ပြီး စစ်တပ်က ပြန်လည်ရယူရန်ကြိုးပမ်းနေသော မန္တလေးတိုင်း အတွင်းမှ မြို့တစ်မြို့ ဖြစ်သည်။ မိုးကုတ်မြို့ကိုသာမက TNLA ထိန်းချုပ်သော ရှမ်းမြောက်မှ ကျောက်မဲမြို့ကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံး နှစ်လုံးကြဲချခဲ့ပြီး လူအထိအခိုက် မရှိပေ။
အာဏာသိမ်း စစ်ကော်မရှင်သည် တော်လှန်ရေး စိုးမိုးနယ်မြေများအတွင်းသို့ နေ့စဉ် လေကြောင်းတိုက် ခိုက်မှုများလုပ်နေသောကြောင့် အရပ်သားပြည်သူ သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်မြောက်ပိုင်းနေရာအနှံ့အပြားကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ညောင်ပင်သာနှင့် ကျောက်ဖျာရွာတို့မှ ကလေးငယ် နှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ရသည်။
သပိတ်ကျင်းမြို့ စစ်ရေးအခြေအနေ
စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် သပိတ်ကျင်းမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်သည် မြို့အရှေ့ဘက်မှတဆင့် မြို့တောင်ဘက်သို့ ယခင်လဆန်းကတည်းက ထိုးစစ်ဆင်ခဲ့သဖြင့် တော်လှန်ရေး တပ်များ၏ ထိန်းချုပ်နယ်မြေအချို့ကိုပါ လက်လွှတ်နေရသည်။
ရွှေမွှေးချောင်း၊ ရေပူလယ်ကျင်း၊ ယင်းမှတစ်ဆင့် လမ်းလယ်ကျစ်ကျေးရွာအထိ စစ်ကော်မရှင်တပ်များ က အနောက်ဘက်မှ ထိုးဖောက်ဝင်ရောက်နိုင်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယင်းသို့သော စစ်ရေးပြောင်းလဲမှုများကြောင့် လွန်ခဲ့သည့်တစ်နှစ်ကျော်ကာလ ၁၀၂၇ စစ်ဆင်ရေး ကာလ များအတွင်းကသာ စစ်ရှောင်ခဲ့ရသည့် အထက်ပါကျေးရွာများအပြင် ဇရပ်ကွင်းကျေးရွာမှ ဒေသခံတို့ သည်လည်း စစ်ဘေးရှောင်နေရသည်။
ထောင်နှင့်ချီသည့် သပိတ်ကျင်းပြည်သူများသည် တိုက်ပွဲများနှင့်ဝေးရာသို့ ရွှေ့ပြောင်းနေထိုင်ကြရပြီး လေကြောင်း အန္တရာယ်မြင့်မားသောဒေသဖြစ်သည့်အတွက် ကျေးရွာများအတွင်း စုဝေးမနေနိုင်ကြဘဲ တောတောင်များအတွင်း၌သာ နေထိုင်ရသည်။
“စရှောင်ရတာကတော့ တစ်လကျော်လာပြီ။ ရွာထဲကို ဒရုန်းနဲ့ဗုံးကြဲ၊ လေယာဉ်နဲ့ချ၊ လက်နက်ကြီးတွေနဲ့ ပစ်တော့ မနေရဲတော့ဘဲ ပြေးလာကြရတာ”ဟု ဒရုန်းနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် သားတစ်ဦး ဆုံးရှုံးခဲ့ရသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များသည် မိုးကာ၊ သက်ကယ်၊ အင်ရွက်၊ ဝါးတိုင်၊ မျောတိုင်တို့ဖြင့် တဲထိုးနေထိုင်ရသည်။ စားဝတ်နေရေးအတွက် ဒေသတွင်းရှိ တော်လှန်ရေးတပ်များနှင့် အလှူရှင်များက ဆန်နှင့် ငွေကြေးအချို့ ထောက်ပံ့မှုရှိသော်လည်း နေ့စဉ်ဝင်ငွေနည်းပါးသည့်အတွက် ရေရှည်အဆင်မပြေကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးရုံဆေးခန်းဝေးသည့်အတွက် ခက်ခဲကြောင်း ပြောကြသည်။
ရွှေမွှေးချောင်း၊ ရေပူလယ်ကျင်း၊ လမ်းလယ်ကျစ်၊ ဇရပ်ကွင်းကျေးရွာများမှာ လတ်တလော စစ်ရေး ကြောင့် တိမ်းရှောင်ရသည့် ကျေးရွာများဖြစ်ပြီး သပိတ်ကျင်းမြို့နယ်အတွင်းမှ ၆ မိုင်၊ ၇ မိုင်ကျေးရွာ တို့မှ ဒေသခံတို့သည် ကာလကြာရှည် စစ်ရှောင်နေကြရသည်။
သပိတ်ကျင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း သိမ်းပိုက်ရန် ကျန်နေခဲ့သည့် မြို့နယ်တွင်း တွင်းငယ်ရွာအနီးမှ အမှတ်(၁၃) တပ်မတော်တန်းမြင့်ကျောင်း (တကက ၁၃) ၊ ကျောက်ကြီးနှင့် ၇ မိုင်ကျေးရွာတို့မှ လက်ကျန် စစ်တပ်သည် ယမန်နှစ် နိုဝင်ဘာလမှစတင်၍ ပြန်ထိုးဖောက်ရန်ကြိုးပမ်းခဲ့သည်။
ထို့နောက် တော်လှန်ရေးတပ်များနှင့် တပ်ဆိုင်ထားသည့် အခြေအနေမှ ယခုနှစ်၊ နှစ်လယ်ခန့်မှ စပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လဆန်းတွင် စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်သိမ်းပိုက် ခဲ့သည်။
ထိုမှတဆင့် သပိတ်ကျင်းမြို့အရှေ့တောင်ဘက် ၄ မိုင်ရွာ၊ ရွှေမွေးချောင်း၊ ရေပူလယ်ကျင်းရွာတို့အထိ တိုးလာခဲ့ရာ စက်တင်ဘာလ လလယ်ခန့်တွင် လမ်းလယ်ကျစ်ကျေးရွာအနီးအထိ ရောက်လာခဲ့သည်။
သပိတ်ကျင်းထိုးစစ်အတွင်း လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်မှတ်ထားခဲ့ သည့်အတွက် အရပ်သားအများအပြား သေဆုံးထိခိုက်ခဲ့သည်။




