အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ရေစကြို PDF ဟု စွပ်စွဲကာ ဘုန်းကြီးအပါအဝင် သက်ကြီးပိုင်း ၃ ဦးကို စစ်တပ် ဖမ်းဆီး

ရေစကြိုမှလာရောက်ခိုလှုံနေသော သက်တော် ၆၀ ကျော် အရွယ် ဘုန်းကြီးတစ်ပါးအပါအဝင် သုံးဦး ကို စစ်တပ်က ယမန်နေ့က ဘုန်းကြီးကျောင်းတွင် ဝင်ရောက်ဖမ်းဆီး၍ နန်းတွင်းထဲ ခေါ်ဆောင်သွားကြသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၌ ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်နေ့) တွင် စစ်တပ်က ဘုန်းကြီးကျောင်း တစ်ခုကို ဝင်ရောက်စီးနင်းကာ စစ်ဘေးရှောင်များဖြစ်သည့် သက်တော် ၆၂ နှစ်အရွယ် ရဟန်းတစ်ပါး အပါအဝင် သက်ကြီးပိုင်းအမျိုးသားသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) ဟု စွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။

ယမန်နေ့နံနက်အစောပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၃၄လမ်း (၅၅ လမ်းနှင့် ၅၆ လမ်းကြာ) ရှိ ဣစ္ဆာသယအမည်ရ ဘုန်းကြီးကျောင်းအတွင်းသို့  စစ်တပ်နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ကားနှင့် အိမ်စီးကားများဖြင့် ရောက်လာကာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကန်သစ်ကျေးရွာမှ စစ်ဘေးရှောင်လာကြသည့် ဦးနန္ဒောဘာသ (သက်တော် ၆၂ နှစ်) ၊ ဦးညွန့်လှိုင်(ခ)ဦးပို (၆၀ နှစ်) နှင့် ဦးအောင်ကျော်မင်း (ခ) ဦးစောဦး (၄၅ နှစ်) တို့ဖြစ်ကြသည်။

အဆိုပါသုံးဦးသည် အသက်အရွယ်အရ သော်လည်းကောင်း ပုံပန်းသဏ္ဍာန်များအရလည်းကောင်း PDF များ လုံးဝမဟုတ်နိုင်ကြောင်း၊ တိုက်ပွဲနယ်မြေများမှ လာရောက်ခိုလှုံနေထိုင်သူများကို အကြောင်းမဲ့ ရန်ရှာ ဖမ်းဆီးခြင်းသာဖြစ်နိုင်သည်ဟု ချမ်းအေးသာစံမြို့နယ်မှ အသက် ၃၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီအသက်အရွယ်တွေက PDF ဖြစ်ပါ့မလားဗျာ။ သူတို့ဘာသာတောင် လမ်းလျှောက်ရင်တောင် ယိုင်နေမယ့် အသက်အရွယ်တွေ။ နောက်ပြီး ဘုန်းကြီးတစ်ပါးလည်းပါသေးတယ်။ ဒါ..သက်သက်ရန်ရှာ ဖမ်းဆီးတာလို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဦးနန္ဒောဘာသအား လူဝတ်လဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထိုသုံးဦးအား နန်းတွင်းရှိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တွင် စစ်ကြောနေသည်ဟုကြားသိရပြီး အသေးစိတ်မသိရသေးကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဖမ်းဆီးခံရသူများသည် ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သားများသာဖြစ်ကြောင်း ထိုရွာခံများကိုဆက်သွယ်မေးမြန်းပေးမည်ဖြစ်ကြောင်း  Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုကို တုံ့ပြန်ဖြေဆိုသည်။

ထို့အတူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံကိုဝေယံနိုင်က စစ်ရှောင်များသာ ဖြစ်နိုင်ကြောင်း ဆိုသည်။

“ ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေလုံးဝမဟုတ်ဘူးဗျ။ မန္တလေးဘက်ကို စစ်ရှောင်ရင်း အကြောင်းအမျိုး မျိုးကြောင့် ရောက်နေတာဖြစ်နိုင်ပါတယ်။ အကြောင်းစုံ သိရရင်ပြန်ပြောပေးပါ့မယ်”ဟု ပြောသည်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်မည်ဟု တဖွဖွပြောလေ့ရှိသည့် စစ်အုပ်စုသည် ၂၀၂၁ ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို ဆန္ဒပြရုံဖြင့်ပင် သံဃာတော်များပင်မချန် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်၊ ရိုက်နှက် ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခန်းများသို့ ပို့ဆောင်၍ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာအများအပြား ရှိနေသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာ၏ အရှေ့ဘက်တွင်ရှိသော ရွှေစေတီဘုန်းကြီးကျောင်း ဗုံးကြဲခံရရာ သက်တော် ၆၀ အရွယ် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး၊ ဘုန်းကြီးကျောင်းတောင်ဘက်၌ ကောက်စိုက်နေသည့် ကောက်စိုက်သမတစ်ဦး ဗုံးထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်များ ခိုလှုံနေထိုင်ခြင်း မဟုတ်သလို ထိုနေရာအနီးတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်တပ်က ဘုန်းကြီးကျောင်းကို ပစ်မှတ်ထား ဗုံးကြဲခြင်းသာဖြစ်သည်ဟု မြင်းခြံဒေသခံများက Myanmar Now ကို ပြောသည်။

စစ်ကော်မရှင်က သံဃာပင်မချန် ဖမ်းဆီး ၊သတ်ဖြတ် နှိပ်ကွပ်မှုများကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အမည်ခံ(မဘသ)အဖွဲ့အစည်း ကလည်း နှုတ်ဆိတ်နေသည်ကိုတွေ့ရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ချမ်းမြေ့စုရွာရှိ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရပြီးနောက် အပျက်အစီးကြားမှ ရဟန်းတစ်ပါးကို ကယ်ထုတ်နေစဉ်။ (ဓာတ်ပုံ-Nay P Latt)

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာချိန်တွင် ဆန္ဒပြရုံဖြင့် ရက်စက်စွာ ပြုမူသည့် စစ်တပ်ကို ရရာ လက်နက်ဖြင့် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့တွင် အရှိန်အဟုန်မြှင့်လာသည်။ နိုင်ငံတဝန်း မြို့နယ်စုစုပေါင်း၏ ထက်ဝက်နီးပါးကို မအုပ်ချုပ်နိုင်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် ဝန်ခံထားရသည်။

ထိုသို့ နိုင်ငံတဝန်း ပြည်သူတို့၏ ပြောက်ကျားစစ်ဖြင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် ၂၀၂၃ ခုနှစ် မှစ၍ တော်လှန်ရေး အဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကို အားပြု၍ ဗုံးကြဲတိုက်ခိုက်ပြီး ဒုံးကျည်၊ စက်သေနတ်များဖြင့် အရှိန်မြှင့် ပစ်ခတ်နေရာ ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးမှုများ မြင့်တက်လာခဲ့သည်။

အာဏာသိမ်းစစ်တပ်က ထိုသို့လေကြောင်းဖြင့်ဗုံးကြဲသတ်ဖြတ်ရာတွင် တော်လှန်ရေးနယ်မြေများ၌ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများကို ပိုမိုပစ်မှတ်ထားလာသည့်အတွက် ရဟန်းသံဃာနှင့် ကလေးငယ်တို့၏ အသက်များစွာ ဆုံးရှုံးနေရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်တွင်လည်း မတ္တရာမြို့အရှေ့တွင် ဘုန်းကြီးကျောင်း သုံးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ယင်းကျောင်းများတွင် ခိုလှုံနေသည့် စစ်ရှောင်များဖြစ်သည့် သက်လတ်ပိုင်း အရွယ် ဦးဇင်းတစ်ပါး ၊အသက် ၃၀ အရွယ် မငယ်ဆိုသည့်အမျိုးသမီးနှင့် ကိုမောင်လေးဆိုသူတို့ သေဆုံးခဲ့ပြီး သီလရှင်တစ်ပါး၊ ကိုရင်ငယ်တစ်ပါးနှင့် ကိုအောင်ဒင်တို့ သုံးဦးပြင်းထန်ဒဏ်ရာများရရှိ ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း သုံးရက်ဆက်လေကြောင်းတိုက်ခိုက်မှုများတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းတို့၌ သံဃာ၊ ကလေးများ အပါအဝင် ရှစ်ဦး သေဆုံးခဲ့သည်။

ထို့အတူ ဇွန်လ ၂၂ ရက်နေ့ညပိုင်းကလည်း မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အကြားရှိ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ကမကထပြု တည်ဆောက်လှူဒါန်းထားသည့် “မေတ္တာနန္ဒ”ဆေးရုံ ဗုံးကြဲ တိုက်ခိုက်ခံရသည်။

ရဟန်းသံဃာပင်မချန် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများတွင် ယမန်နှစ်ဇွန်လအတွင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံတော်သံဃာ့မဟာနာယက ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အဖြစ် အပျက်သည် ထင်ရှားသည်။

၂၀၁၈ ခုနှစ်က တွေ့ရသည့်   ဦးသောဘိတ (အလင်္ကာကြယ်)။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ထောင်မှလွက်ရက်စေ့ခဲ့သည့် မန္တလေးမြို့မှ နာမည်ကျော် ဆရာတော် တစ်ပါးဖြစ်သည့် ဦးသောဘိတ (အလင်္ကာကြယ်) သည် ယနေ့အချိန်ထိ သေသည်၊ ရှင်သည် မသိရတော့ဘဲ ပျောက်ဆုံးနေသည်။

ဆရာတော်ဦးသောဘိတသည် အာဏာမသိမ်းမီ၂၀၁၈ ခုနှစ် ကတည်းက စစ်တပ်ကို ဝေဖန်မှုများကြောင့် ရန်ငြိုးထားတရားစွဲဆိုခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ဆရာတော် ပျောက်ဆုံးနေခြင်းအတွက် အကျဉ်းထောင်မှအထွက် စစ်တပ်ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု လူအများက ယုံကြည်ကြပြီး ဆရာတော်၏အသက်အန္တရာယ်ကို စိုးရိမ်နေကြသည်။

သို့သော်ဆရာတော်သည် ယနေ့အချိန်အထိ အကျဉ်းထောင်အတွင်းတွင်လည်းရှိမနေ၊ ပြင်ပသို့လည်း ရောက်ရှိမလာဘဲ ပျောက်ဆုံးနေသည်။

နိုင်ငံအနှံ့တွင် စစ်တပ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု များပြားနေချိန်တွင် စစ်အာဏာရှင်ကို တရားဓမ္မဖြင့် ဖျောင်းဖျရန် မဖြစ်နိုင်တော့သဖြင့် ရဟန်းဘဝကိုစွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသည့် သံဃာတော်များလည်းရှိသည်။

ထို့အတူ စစ်တပ်ကိုထောက်ခံကာ လက်နက်ကိုင်ခေါင်းဆောင်နေသည့် သက်န်းဝတ် ဝါသဝ အပြင် ပေါက်ကိုယ်တော်ဆိုသူတို့ကလည်း တော်လှန်ရေးဘက်တော်သားများကို တိုက်ခိုက်နေသည်။

Related Articles

Back to top button