ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများ သည် ကျောက်မဲမြို့နှင့် ၁၀ မိုင်ခန့်အကွာ နားအိုက်ခန်းကျေးရွာအနီး ရောက်ရှိနေကြပြီး တအာင်းတပ် (TNLA) နှင့် တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကော်မရှင် တပ်မ ၁၁ ၊တပ်မ ၅၅ နှင့် ရမခ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၁၉ ရက်နေ့ မှစတင်ကာ ကျောက်မဲမြို့နယ် ထန်းတပင်ကျေးရွာအား စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ထန်းတပင်၊ နောင်ပိန်၊ ပင်တိန်၊ မက်မန်း(ကုန်းသာ) စသည့် ကျေးရွာတို့အား ဩဂုတ်လကုန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ယခုရက်ပိုင်းတွင် စစ်တပ်က ခိုက်တုန်ဟုန်းရွာရှိ TNLA ခံစစ်စခန်းအား သိမ်းပိုက်ခဲ့ပြီး နားအိုက်ခန်းရွာ သို့ ဆက်လက်ထိုးစစ်ဆင်နေရာ TNLA နှင့် တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်ဟု ကျောက်မဲမြို့ခံများ က ပြောကြသည်။
“စစ်ကြောင်းတွေက အလုံးအရင်းနဲ့ ထိုးနေတာ။ အခု နားအိုက်ခန်းဘက် ရောက်လာပြီ။ ဖြည်းဖြည်းချင်း တိုးနေတာ။ TNLA ဘက်ကလည်း ထိုးလိုက် ဆုတ်လိုက်ပဲ” ဟု ကျောက်မဲ ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်၏ ထိုးစစ်ဆင်ခံနေရသော နားအိုက်ခန်းရွာနှင့် ကျောက်မဲမြို့အကြားတွင် စခန်းသာ၊ ခိုမုန်း စသော ကျေးရွာများ ရှိပြီး အဆိုပါလမ်းကြောင်းများအား TNLA က ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
နားအိုက်ခန်းရွာနှင့် သုံးမိုင်အကွာ စခန်းသာကျေးရွာကိုလည်း စစ်တပ်က ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်နေသည်ဟုလည်း သိရသည်။
“စခန်းသာကို ဒရုန်းနဲ့ အရင်ကင်းထောက်ပြီး လိုက်ရှင်းနေတဲ့ ပုံရှိတယ်။ လူကတော့ မရောက်သေးဘူး”ဟု တိုက်ပွဲအခြေအနေသိရှိသည့် ကျောက်မဲမြို့ခံ တစ်ဦးကလည်း ပြောသည်။
နောင်ချိုမြို့ ဂုတ်တွင်းဘေလီတံတားကို ပြင်ဆင်လိုက်ပြီးနောက် ထိုမှတဆင့် အင်အားဖြည့်ထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဂုတ်တွင်းလမ်းပိုင်းအဆင်းရှိ နောင်ပြစ်ကျေးရွာမှ ကျောက်မဲမြို့ အနောက်ဘက် မိုင်းတင်းရွာဘက်သို့ ဆက်ထိုးစစ်ဆင်နေသည်ဟု ဒေသခံများက ဆိုသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် နောင်ပြစ်ရွာတွင် စက်တင်ဘာလ ၁၈ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မြေမြှုပ်မိုင်း ကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား သုံးဦးထိခိုက် ဒဏ်ရာရခဲ့ သည်ဟု ကျောက်မဲမြို့ခံများ ထံက သိရသည်။
“ ပစ္စည်းတွေ ဖောက်ခံရတယ်။ ခိုးခံရတယ်ဆိုတော့ ရွာသားတွေက အိမ်ပြန်ကြည့် ကြတာ လမ်းမှာပဲ မိုင်းထိကုန်တာ။ ခြေထောက်ဖြတ်ရတယ်။ ဒီလထဲ သုံးယောက်ရှိ ပြီထိတာ” ဟု ကျောက်မဲမြို့ခံတစ်ဦး ကပြောသည်။
စစ်တပ်ထိန်းချုပ်ထားသည့် နောင်ပိန်ရွာတွင်လည်း ဒေသခံများ နေရပ်ပြန်ခွင့်မရသေးဘဲ ပစ္စည်းများ ဖောက်ထွင်းခံရသည်ဟူသည့် သတင်းများကြောင့် နောင်ပိန် ရွာခံများက စိုးရိမ်နေကြသည်။
“ စစ်တပ် ဘယ်သူမှ ပေးမဝင်သေးဘူး။ ပစ္စည်းတွေတော့ အကုန်ပြောင်ပြီဗျာ။ စိတ်ညစ်ရတာပေါ့ဗျာ။ အနှစ်နှစ် အလလ ရှာဖွေထားရတာ။ တိုက်ပွဲကလည်း မပြီးနိုင်သေးဘူး” ဟု နောင်ပိန်ရွာခံ တစ်ဦးက ဆိုသည်။
ကျောက်မဲမြို့သို့ စစ်တပ်စစ်ကြောင်းများ နီးကပ်လာချိန် တပြိုင်နက်မှာပင် TNLA က မြို့ခံအချို့အား ဖမ်းဆီး စစ်ဆေးနေသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများကလည်း ပြောကြသည်။
“ အသိတွေထဲက ပါသွားတယ်။ တချို့ပြန်လွှတ်တယ်။ တချို့က ပြန်မလွှတ်သေးဘူး။ ကလေးတွေနဲ့ မိန်းမတွေ ပြန်လွှတ်ပေးတယ်။ အမျိုးသားတွေ ကျန်နေတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦး ကဆိုသည်။
ကျောက်မဲမြို့ခံအချို့ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား ဆက်သွယ်မေးမြန်ရာတွင် ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
TNLA တပ်ဖွဲ့နှင့်နီးစပ်သူများကမူ ကျောက်မဲမြို့တွင် စစ်တပ်၏ သတင်းပေးများ ရောက်နေသဖြင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်ပြီး သတင်းပေး မဟုတ်သူများအား ပြန်လွှတ်ပေးနေသည်ဟု ဆိုသည်။
နောင်ချိုမြို့အား စစ်တပ်က သိမ်းပိုက်ပြီးနောက် ရက်ပိုင်းအတွင်း ကျောက်မဲမြို့နယ် အတွင်းရှိ ပင်တိန်၊ ပင်တီး၊ ဇီပင်၊ ကျောင်းကုန်းရွာများသည် မြေပြင်စစ်ကြောင်း၊ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် စတင်တိုက်ခိုက်ခံထားရသည်။
တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ကျောက်မဲနှင့် ၁၀မိုင်နီးပါး အကွာအထိ စစ်တပ် စစ်ကြောင်းများ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုထိုးစစ်အတွင်း လေကြောင်းနှင့် လက်နက်ကြီးကြောင့် ကလေးငယ်များအပါ အဝင် အရပ်သား ၃၀ နီးပါး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာ ရခဲ့သည်။
သေဆုံးသူအများစုမှာ နောင်ပိန်ရွာတွင် စစ်ဘေးလာရောက်တိမ်းရှောင်ကြသူများဖြစ်သည်ဟု သိရသည်။
စစ်တပ်သည် ကျောက်မဲသာမက နောင်ချိုမြောက်ဘက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာများအား လည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

အဆိုပါစစ်တပ်စစ်ကြောင်းများသည် ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီးမှ မိုင် ၃၀ ခန့်အကွာ ရတနာသိင်္ဂီရွာမှတဆင့် မိုးကုတ်မြို့သို့ ဆက်လက် ထိုးစစ်ဆင်နေရာ TNLA တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်နေ သည်ဟု ဒေသခံများက ဆိုသည်။
“ ရှစ်လပိုင်းကုန်တုန်းက ရတနာသင်္ဂီကို စစ်တပ်သိမ်းပြီးနောက်ပိုင်း ငြိမ်နေတာ အခု ပြန်ဖြစ်နေတယ်။ မိုးကုတ်ဘက်ကို ဆက်ထိုးမယ်ထင်တယ်”ဟု ဟိုခိုရွာ ဒေသခံ တစ်ဦးက ပြောသည်။
ယနေ့ နံနက်တွင် စစ်တပ်ဘက်မှ ယာဉ် ၁၀ စီးကျော်ဖြင့် ရတနာသင်္ဂီရွာဘက်သို့ အင်အား ထပ်မံဖြည့် ထားသည်ဟု ဒေသခံများကို ကိုးကား၍ သိရသည်။ ရတနာသိင်္ဂီရွာသည် မန္တလေးတိုင်း မိုးကုတ်မြို့ နှင့် ၄၇ မိုင်အကွာတွင်ရှိသည်။
နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ အုမ္မခါး၊ သုံးဆယ်၊ ဟိုခိုနှင့် ရတနာသိင်္ဂီ ကျေးရွာနှင့် အဆိုပါ လမ်းပိုင်းများ အား “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ၊ MDY-PDF နှင့် ဒေသအခြေစိုက် PDF တပ်ဖွဲ့များက ပူးတွဲ သိမ်းပိုက်ထားရာ စစ်တပ်က ယခုနှစ် ဩဂုတ်လကုန်တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွေ့ဆုံဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ စစ်တပ်နှင့် အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်က ထိုမြို့များ ကို တိုက်ယူနိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ကိုသာ TNLA ထံ ပေးမည် ဆို၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။
ယခုလကုန်ပိုင်းတွင် TNLA နှင့် စစ်တပ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင်ထပ်မံ ဆွေးနွေးရန် သဘောတူ ထားသည်ဟု TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူများ ထံက သိရသည်။
လက်ရှိတွင် စစ်တပ်၏ ထိုးစစ်များကြောင့် ကျောက်မဲ၊ သီပေါမြို့နယ် အတွင်းမှ လူဦးရေ ၈၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။



