စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို စက်တာဘာလ ၂၀ ရက်နေ့ ညနေတွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ်(၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကချင်နှင့်စစ်ကိုင်းတိုင်းနယ်စပ်မှ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အတွင်း မြို့အရှေ့ ဘက် ကာကင်းစခန်းကုန်း ခြောက် ခု ထက်မနည်း သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ခြောက်ရက်အကြာ အမှတ် (၁) စစ်ဒေသဖွဲ့စည်းမှု လေးနှစ် ပြည့်သောနေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အမှတ် (၁) စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန (MOD) နှင့် ပူးပေါင်းကာ (Central Command and Coordination Committee – C3C) ယန္တရားအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အများစု ပါဝင်သည့် မြို့တွင်းအထိုင်ကင်းအားလုံး မြို့မှ အပြီးသတ်ဆုတ်ခွာသွားပြီးနောက် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့ကို သိမ်းနိုင်လိုက်ကြောင်း၊ SNA တပ်များမှာ မြို့အနောက်ဘက် ကျေးရွာအချို့သို့ ဆုတ်ခွာသွားကြောင်း ကသာခရိုင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ကတည်းက ပြောထား သည်။
“မြို့ကို သိမ်းလိုက်နိုင်တာက မနေ့ညနေ (စက်တင်ဘာလ ၂၀ ရက်နေ့) ညနေပိုင်းမှာ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့တယ်။ လေကြောင်းရန်ကြောင့် ထိန်းထားကြတာ။ ခုတော့ လိုင်းတွေမှာ တော်တော် တက်သွားပြီ။ မြို့ရဲ့ အနောက်ဘက်မှာတော့ စစ်တပ် နဲ့ SNA ရဲ့ အထိုင်နေရာတချို့တော့ ရှိနေသေးတယ် ။ အဲ့ဒီဘက်က တောကလည်း နက်တော့ တော်တော်သတိထားနေရဆဲပဲ” ဟု ၎င်းက ဆိုသည်။
မြို့ကို သိမ်းပိုက်ထားပြီး မြို့လုံခြုံရေး ဦးစားပေးဆောင်ရွက်နေသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ် ဖြစ်သူ တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း ယနေ့ ပြောသည်။
“မနေ့ကတည်းက မြို့ထဲက ရှင်းနေကြပြီ၊ အလောင်းတွေလည်းရတယ်၊ ကိုယ့်ဘက်က ကျတာလည်း ရှိတယ်။ (SNA)သူတို့ဆုတ်သွားတဲ့နောက်တော့ ဆက်မလိုက်သေးဘူး” ဟု ထိုအမျိုးသားက ဆိုသည်။
မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ပြီးနောက် လေတပ်က စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဗုံးကြဲမှုများ သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်၊ မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံ ၂၀၀၀ ကျော်လည်း ယမန်နေ့ညနေက မြို့ပြင်သို့ထွက်နိုင်ခဲ့သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) များက မြို့ခံများကို ကူညီ ကယ်ထုတ်ပေးခဲ့ကြသည်ဟု ဗန်းမောက်(ပအဖ) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့ထဲက စစ်ရှောင်တွေကိုတော့ လောလောဆယ် ဘေးလွတ်ရာကို ရှောင်တိမ်းခိုင်းထားတာပေါ့လေ၊ ဘာလိုလဲဆိုတော့ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ဘေးလွတ်ရာကို ရှောင်တိမ်းခိုင်းထားပါတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။
လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့တွင်းရှင်းလင်းရေးလုပ်နေသလို မြို့နယ် ပအဖ အဖွဲ့က ကော်မတီတစ်ခုဖွဲ့စည်းပြီး မြို့တွင်းရှိ အရပ်သားနေအိမ်များ ထိန်းသိမ်းပေးရန်နှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များရှိရာ ဒေသများသို့ တိမ်းရှောင်ကြသူများရှိသလို စစ်တပ် က လေကြာင်းမှ ဗုံးကြဲမည်ကို ကြောက်ရွံ့ပြီး SNA ထိန်းချုပ်ဒေသများသို့ တိမ်းရှောင်သူများလည်း ရှိသည်ဟု သိရသည်။
“မြို့သိမ်းက အရှေ့ဘက်က ဖြစ်တာဆိုတော့ ပြေးမိ ပြေးရာနဲ့ အနောက်ဘက်ကို ရှောင်ကြတဲ့ ပြည်သူတွေ လည်းရှိတယ် တချို့ကျတော့လည်း တော်လှန်ရေးဘက်ကို ပြေးရင် ဗုံးကြဲမှကြောက်လို့ SNA ရှိတဲ့ဘက် ကို ပြေးကြတာရှိတယ်၊ Non CDM တွေဆိုရင်လည်း အနောက်ခြမ်းဘက်ကို ရှောင်ကြတယ်။ ကိုယ့်ဘက် (တော်လှန်ရေးဘက်) ကို ရှောင်တဲ့ ပြည်သူတွေလည်း တော်တော်များတယ်” ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံးကာ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း အမျိုးသားတစ်ဦး ၊ အမျိုး သမီး တစ်ဦးတို့ လက်နက်ကြီးစ ထိမှန်သည့် ဒဏ်ရာများ ရခဲ့ကြသည်။
ဗန်းမောက်မြို့ရှိ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နသလ) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသောကား တစ်စီးကို တိုက်ခိုက်မီးရှို့ဖျက်ဆီး နိုင်ခဲ့သည်ဟု သိရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်သည် လေကြောင်းမှ ၁၀ ကြိမ် ဗုံးကြဲပြီး ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲသည် အမှတ် (၁) စစ်ဒေသ ကွပ်ကွဲမှုဖြင့် ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်ကာ ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅) ၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာ ခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
G-3 နှစ်လက်၊ Uzi တစ်လက်၊ AK တစ်လက်၊ ကျည်မျိုးစုံ ၁၂၈၇၆ တောင့်၊ ၁၂၀ မမ ဗုံးသီး ၂၈ လုံး၊ ၈၁ မမ ဗုံးသီး ခုနစ်လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ ၁၀၀ လုံး၊ RPG တစ်လုံး၊ မျက်ရည်ယို ဗုံးသီး ၈၃ လုံး၊ 9 Volt ကျည် ၇၀၂တောင့်၊ အီနာဂါဗုံးသီး ၅၁ လုံး၊ နင်းမိုင်း သုံးလုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ခုနစ်လုံး၊ ၉ မမ ကာဘိုင်ကျည် ၁၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
SNA ဗိုလ် တစ်ဦးအပါ အလောင်း ခုနစ်လောင်းအား ရရှိခဲ့ပြီး တော်လှန်ရေးဘက်မှ ခြောက်ဦး ကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ ဆုတ်သွားသော စစ်တပ်နှင့် SNA တပ်များသည် ရွှေချောင်း၊ ပင်းဟင်းခါးနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
စစ်တပ်သည် အင်းတော်မြို့ကျပြီးသည့် ယခုနှစ် ဧပြီလကတည်းက အင်းတော်မြို့၏ အနောက်မြောက် ဘက် ၂၈ မိုင် ကျော် အကွာတွင် ရှိသော ဗန်းမောက်မြို့ လက်မလွှတ်ရရေးအတွက် ဒေသတွင်းလှုပ်ရှား သည့် SNA နှင့် ပူးပေါင်းကာ မြို့ပတ်လည်နှင့်ကျေးရွာများအပါအဝင် တောင်ကုန်းများပေါ်တွင် အထိုင်ချ ကာကင်းများဖြင့် မကြာခဏ အင်အားဖြည့်ကာ စစ်ရေးပြင်ဆင်မှုများ ရှိခဲ့ကြောင်း ကသာခရိုင် ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရွှေအများအပြား ထွက်ရှိသလို သစ်ထုတ်လုပ်မှုများ ရှိနေသည့် ဗန်းမောက်မြို့၌ SNA တပ်များက အဓိက စစ်ရေးလှုပ်ရှားပြီး စစ်တပ်ခြေမြန် တပ်မ (၇၇) အင်အားအချို့ရှိသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဗန်းမောက်တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း မြို့ပေါ်တွင် နေထိုင်သူမှာ ၅၀၀၀ ခန့်သာ နေထိုင်သည်။
ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်လျှင် ကချင်ပြည်နယ်နှင့် ဗမာပြည်မကို ပိုင်းခြားနိုင်ရန် အခြေအနေ ပိုကောင်းလာနိုင်သည်ဟု အာဏာသိမ်းစစ်တပ်မှ CDM လုပ်ထားသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များစာရင်းတွင် ပါဝင်သည့် ဗန်းမောက်မြို့ကို လက်မလွှတ်ရရေး စစ်တပ်က စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်နေပြီး မကြာမီ အပြင်းအထန် ပြန်လည်တိုက်ခိုက်လာနိုင်သည် ဟုလည်း ၎င်းက သုံးသပ်ထားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်တွင် ကသာ၊ ဗန်းမောက် ၊ အင်းတော် နှင့် ထီးချိုင့် မြို့နယ်လေးခု ဖြင့် ဖွဲ့စည်းထားပြီး ကသာတစ်မြို့သာ စစ်တပ်က ထိန်းချုပ်ထားနိုင်တော့သည်။ ထို့အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့၊ အင်းတာ်မြို့နယ် အတွင်းရှိ မော်လူးမြို့တို့ကို NUG အမှတ် (၁) စစ်ဒေသတပ်များက သိမ်းပိုက်ထားသည်။



