(မှတ်ချက်။ စက်တင်ဘာလ ၂၂ ရက်နေ့ညပိုင်း ခင်ဦးမြို့နယ်ပကဖ ထုတ်ပြန်ချက်ကို ဖြည့်စွက်ထား သည်။)
မူးမြစ်အရှေ့ဘက်ကမ်း စစ်ကိုင်းတိုင်း ခင်ဦးမြို့အခြေစိုက်တပ်များမှ ထွက်လာသည့် စစ်တပ်၏ စစ်ကြောင်းတစ်ခုကို ယနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခြောက်ဦး သေဆုံးကာ သုံ့ပန်းနှင့်ခဲယမ်းများ ရရှိခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်များနှင့် ဒေသခံများထံက သိရသည်။
ယနေ့ နံနက်အစောတွင် ခင်ဦးမြို့အတွင်းမှ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခုသည် မြို့အရှေ့ဘက် သုံးမိုင်ကျော်အကွာ မကျီးတုံ (ပျူ) ရွာနှင့် ထိုမှတဆင့် မြို့တောင်ဘက် ရွှေဘိုမြို့နယ်၊ ရွှေဘိုလေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူ)ရွာသို့ စစ်ကြောင်းထွက်လာရာ တော်လှန်ရေးတပ်ဖွဲ့ များက တစ်နေကုန်နီးပါး ကြားဖြတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
မကျီးတုံရွာဘက်လာသော စစ်ကားတစ်စီးကို တော်လှန်ရေးတပ်များ ဝိုင်းဝန်းဖြတ်တောက် တိုက်ခိုက်ခဲ့ ကြစဉ် စစ်သားများက ကားကို စွန့်ခွာထွက်ပြေးကြသည်၊ ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲများဖြစ်ခဲ့သည် ဟု ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ က ပြောသည်။
“မနက်အစောမှာ ခင်ဦးကနေ မကျီးတုံကို ကားနဲ့ အလာမှာ ကျွန်တော်တို့ တပ်တွေ ဝိုင်းတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီကနေ တိုက်ပွဲစပြီးတော့ မကျီးတုံကနေ (တောင်ဘက်) ဘုတ်ကုန်းဘက်ကို ထွက်တဲ့ စစ်ကြောင်းကို ကျွန်တော်တို့ ဆက်တိုက် လိုက်တိုက်ခိုက်ခဲ့တာ”ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ အလောင်း ခြောက် လောင်းခန့်ရရှိခဲ့ကြောင်း ၊ မကျီးတုံဘက်မှ ဘုတ်ကုန်းရွာဘက်သို့အသွား သံဘိုရွာတောင်ဘက် ရေအေးကုန်းရွာအနီး တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။
“ ရေအေးကုန်းရွာအနီးမှာ ကျွန်တော်တို့ပတ်ဝိုက်ပြီးတော့ ချတာ။ အဲဒီမှာ အလောင်းတွေရော၊ လက်နက်တွေရော ကျွန်တော်တို့ ရထားတာရှိတယ်။ အခုကျန်တဲ့ကောင်တွေကတော့ ဘုတ်ကုန်းဘက်ကို ဆုတ်ပြေးသွားပြီ။ ပွဲလည်းပြီးသွားပြီ” ဟု ၎င်းက ဆိုသည်။
မကျီးတုံရွာဘက်မှ တောင်ဘက်စစ်တပ် စစ်ကြောင်းတလျောက် ခြောက် မိုင်ကျော်အကွာ ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ စစ်စခန်းအနီးအထိ လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ရွှေဘိုမြို့ အနီးဝန်းကျင်မှ အခြေစိုက်စစ်တပ်က လက်နက်ကြီးမျိုးစုံဖြင့် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ဟုလည်း သူက ဆက်ပြောသည်။
“တိုက်ပွဲက မနက်အစောကြီးကတည်းက စတာပဲ၊ စက်သေနတ်သံတွေ အဆက်မပြတ်ပဲ။ လက်နက်ကြီး သံတွေလည်း ဆက်တိုက်ပဲ။ စစ်ကြောင်းကို ပိတ်ဆို့ပြီး တိုက်နိုင်လိုက်တယ်လို့ ကြားတယ်”ဟု ခင်ဦး မြို့နယ်တွင်း ကျေးရွာတစ်ခုမှ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

မကြာသေးခင် စက်တင်ဘာလ ၂၀ ရက်နေ့ညကလည်း ရွှေဘိုမြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ကိုးပင် ကျေးရွာအနီးရှိ အမှတ် (၈) လေ့ကျင့်ရေးတပ်တွင်းမှ စစ်ကြောင်းတစ်ခုကလည်း တော်လှန်ရေးတပ်များ ၏ ကင်းများနှင့် မိုင်းကွင်းများကို ရှောင်တိမ်းပြီး ခင်ဦးမြို့သို့ ဝင်ရောက်သွားခဲ့သည်။
“ကျွန်တော်တို့ မသိလိုက်ဘူးဖြစ်သွားတယ်။ အဲ့ဒီရဲ့ ရှေ့ရက်ကလည်း သူတို့ စစ်ကြောင်းတစ်ခု တပ်ခေါက် ထားရတော့ ညအမှောင်ကို အားပြုပြီး မိုင်းရော၊ ကင်းရောကို ရှောင်ပြီး မကျီးတုံ ကနေတဆင့် ခင်ဦးကို တပ်အချိန်းအပြောင်းရော၊ ထောက်ပို့ရော လုပ်သွားတာ။ အခု အဲ့ဒီကနေ ပြန်ခေါက်တဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ”ဟု မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
ယင်းမတိုင်မီ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း အမှတ် (၈) လေ့ကျင့်ရေးတပ်နှင့် ဘုတ်ကုန်းရွာ စစ်စခန်းအတွင်းမှ အင်အား ၇၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းတစ်ခုသည် ခင်ဦးမြို့နယ်၊ မကျီးတုံရွာ သို့ ထွက်လာစဉ် ထိုရွာမရောက်မီ တောင်ဘက် ကပ်လျက်ရှိသော သံဘိုရွာနှင့် အနီးရှိ ကြို့ကန်ရွာတို့အနီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ခင်ဦးမြို့ဧရိယာအတွင်း စစ်တပ်က ပုဂ္ဂလိကဆေးဆိုင်တစ်ခု၊ ရဲစခန်းနှင့် ဆေးရုံတို့တွင်သာ နေရာယူထားပြီး ကျန်နေရာအများစုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်များ လှုပ်ရှားကြသည်။
အာဏာသိမ်း စစ်ကော်မရှင်တပ်သည် ရွှေဘို- မြစ်ကြီးနား လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ယခုနှစ် ဩဂုတ်လမှ စ၍ ကန့်ဘလူ၊ ခင်ဦးမြို့နှင့် ရွှေဘိုမြို့နယ်တို့မှ ဦးတည်စစ်ကြောင်းထိုးမှုများလုပ်နေသည်။
ခင်ဦးမြို့နယ်တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ဘက် တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ စစ်တပ်စစ်ကြောင်းများ ဝင်ရောက် စီးနင်းမှုဒဏ် အကြိမ်ကြိမ်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကြောင်းများကြောင့် ခင်ဦးမြို့နယ် ဒေသခံ နှစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သားများ သတ်ဖြတ်ခံရသလို ရွာအများအပြား မီးရှို့ခံခဲ့ရသော မြို့နယ်လည်း ဖြစ်သည်။
ထို့နောက် ရှမ်းမြောက်၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (MNDAA၊ TNLA နှင့် AA) ၏ “၁၀၂၇ စစ်ဆင်ရေး” စတင် ပေါ်ပေါက်လာပြီးနောက် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ဒေသတွင်း တိုက်ပွဲများငြိမ်သက်သွားရာမှ ယခုနှစ် ဩဂုတ်လအတွင်း တစ်ကျော့ပြန်ထိုးစစ်များ ဝင်လာရာ ခင်ဦးဒေသခံများ အလုံးအရင်းဖြင့် စတင် စစ်ဘေးရှောင်နေကြရသည်။
အထက်ပါ ခင်ဦးနယ်တိုက်ပွဲအတွင်း အရာရှိအဆင့်များနှင့်အတူ တပ်သားအများအပြား သေဆုံး မှုများနှင့် ထိခိုက်မှုများရှိပြီး စစ်ကြောင်း တစ်ကြောင်းလုံး ပျက်ကာ၊ တပ်သား နှစ်ဦး တိုက်ပွဲတွင်းမှာပင် အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ခင်ဦးမြို့နယ် ပကဖက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
MA-3 လေးလက်၊ MA-1 ငါးလက်၊ BA-63/ G3 တစ်လက်၊ ကာဘိုင် တစ်လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်းတို တစ်လက်၊ MA-5/ ပစ္စတိုတစ်လက်၊ MA သံကျည်ဘောက် သုံးခု၊ MA ကော်ကျည်ဘောက် ခြောက်ခု၊ BA-63/ G3 ကျည်ဘောက် သုံးခု၊ MA-5/ ပစ္စတို ကျည်ဘောက် တစ်ခု၊ ရှေ့ထွက်မိုင်း လေးလုံး၊ နင်းမိုင်း နှစ်လုံး၊ 60MM ဗုံးသီး လေးလုံး၊ RPG ဗုံးသီး တစ်လုံး၊ အီနာဂါ နှစ်လုံး၊ ကျည်ကာ ဦးထုပ် ခြောက်လုံး၊ 5.56 ကျည် ၂၈၆ တောင့်၊ 9mm ကျည် ခုနစ် တောင့်၊ ငွေကျပ် ၅,၂၉၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပါရှိသည်။




