အာဏာသိမ်း စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ကျင်းမည့် အထွေထွေရွေးကောက်ပွဲကို မဲမပေးရေး လှုံ့ဆော်သည့် ရွှေပြည်သာသပိတ်ကော်မတီဝင် ကိုရန်နိုင်ကြည်ဝင်း အပါအဝင် လူငယ် နှစ် ဦးကို ရန်ကုန်မြို့ တစ်ဖက်ကမ်း လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးလိုက်သည်ဟု စစ်တပ်ထုတ် သတင်းစာက စက်တင်ဘာလ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
အသက် ၂၃ နှစ်အရွယ် ကိုရန်နိုင်ကြည်ဝင်း (ခ) ကိုရန်နိုင် (ခ) အကြီးကောင်နှင့် အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် (ခ) ကိုရဲထွဋ် တို့ နှစ် ဦးကို ၎င်းတို့ နေထိုင်သည့် လှိုင်သာယာအရှေ့ပိုင်း ၊ ၆ ရပ်ကွက် နေအိမ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့သည့်ဟု စစ်တပ်ထုတ် သတင်းစာက ဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းက CCTV ကင်မရာ တပ်ဆင်သည့် လုပ်ငန်းလုပ်ကိုင်ရာမှ အပြန် ၎င်းတို့နေထိုင်သည့် ကျန်စစ်သား အိမ်ရာအနီးတွင် စစ်တပ်က ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိသားစုနှင့် တွေ့ဆုံခွင့်မရသေးဟု ကိုရန်နိုင်ကြည်ဝင်း၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“စက်မှုဇုန်တွေမှာ သူတို့က CCTV တွေ လိုက်တပ်တဲ့ လုပ်ငန်းလုပ်ကြတာ။ အဲဒီကနေ အပြန်မှာ လမ်းမှာပဲ ကျန်စစ်သားလမ်းမကြီးပေါ်မှာပဲ ကားတွေနဲ့ ပိတ်ပြီးတော့ ရိုက်နှက်ပြီး ဝင်ဖမ်းသွားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
လှိုင်သာယာမြို့နယ်အရှေ့ပိုင်း ရဲစခန်းက အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ထားပြီး မိသားစုက တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းနေကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။
“မိသားစုနဲ့ ဖမ်းခံရတဲ့ လူတွေနဲ့ တွေ့ခွင့်မရသေးတော့ ရှေ့နေငှားခွင့် ပေးမပေးက သူတို့နဲ့ တွေ့ခွင့် မရသေးတော့ ဘာမှ လုပ်လို့ မရသေးဘူး။ စခန်းမှာပဲ ဖမ်းထားပြီးတော့ စစ်နေတုန်းပဲ။ နောက်ဆုံး ထုတ်ပြန်တဲ့ ပုံတွေမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရိုက်နှက်ခံထားရတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ကိုရန်နိုင်ကြည်ဝင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၃ တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကိုရန်နိုင်ကြည်ဝင်းမှာ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ယခု နောက်တစ်ကြိမ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
၎င်း၏ အမြွှာညီအကို တော်စပ်သူ ကိုရန်နောင်ကြည်ဝင်းမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရ ပြီးနောက် ၂၀၂၃ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထပ်ဖမ်းဆီးခံထားရသည်ဟု သိရသည်။
အာဏာသိမ်းမှုကြောင့် ၎င်းတို့ ညီအစ်ကို သုံးဦး၏ဘဝများ တကွဲတပြားဖြစ်သွားရမှုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း Myanmar Now က ရေးသားဖော်ပြခဲ့သည်။
ရွေးကောက်ပွဲဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံရသူ အထက်ပါလူငယ်နှစ်ဦးမှာ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များတွင် နောက်ခံ အနီရောင်တွင် အဝါရောင်စာသားဖြင့် အနက်ရောင် မဲပုံးပေါ်တွင် ကျည်ဆန်ပုံ ပါရှိသည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတမ်းပါ ပိုစတာများ လိုက်ကပ်ခဲ့သည်ဟု စက်တင်ဘာလ ၂၀ ရက်နေ့ စစ်တပ် ထုတ်ပြန်ချက်က ဆိုသည်။
ယခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်လိုက်သည့် အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃ အရ ထောင်ဒဏ် ခုနစ် နှစ် အထိ ချမှတ်နိုင်မည် ဖြစ်သည်။
ထို ဥပဒေပုဒ်မဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အမျိုးသားတစ်ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ခဲ့သည်။
အာဏာသိမ်း စစ်တပ်က ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာ နောက်ဆုံးပတ် က စတင်ပြီး အပိုင်း သုံး ပိုင်းခွဲကာ ကျင်းပသွားမည်၊ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင်၎င်းတို့ ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ်၊ငွေဒဏ်များ အပါအဝင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် အထိ ချမှတ်နိုင်မည်ဖြစ်သည်။



