သတင်း

ရခိုင်ဒေသ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစများ ပုံမှန်ကာကွယ်ဆေး မထိုးနိုင်

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုက်ပွဲ ဖြစ်ပွားလာရာ ကလေးများမှာ လွန်စွာ အရေးကြီးသည့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် အလှမ်းဝေးသွားသည်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်ရှိ မြို့၊ရွာများတွင် ဆေးဝါးအခက်အခဲကြောင့် ကိုယ်ဝန်ဆောင်များနှင့် မွေးကင်းစကလေးများ အခြေခံကာကွယ်ဆေး မထိုးနိုင်သေးသဖြင့် ကျန်းမာရေးအန္တရာယ် ကြီးမားလျက်ရှိသည်။

အာဏာမသိမ်းမီနှစ်များက နိုင်ငံအနှံ့ ပြည်သူ့ဆေးရုံ၊  ဆေးပေးခန်းများတွင် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသော်လည်း  ခုခံစစ်ဖြစ်ပွားသော ဒေသများတွင် အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း  ရပ်ဆိုင်းသွားသည်။

ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍  တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေသခံတို့ ဝန်ဆောင်မှု မရရှိတော့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုတစ်ဦးက ပြောသည်။ 

“ကာကွယ်ဆေးမထိုးရတာ နှစ် နှစ်နီးပါးလောက်ရှိသွားပြီ။ ကလေးတွေအတွက် အရမ်းအန္တရာယ်ရှိတယ်” ဟု သူက ပြောသည်။

ကိုယ်ဝန်သည်များ ဆုံဆို့ကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေး  စုစုပေါင်း လေးကြိမ် ထိုးရမည်ဖြစ်သော်လည်း လက်ရှိတွင် မေးခိုင်ကာကွယ်ဆေး တစ်ခုကိုသာ AA ၏ အစီအမံဖြင့် ထိုးပေးနေသည်ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အလျင်အမြန် သိမ်းပိုက်ခဲ့သော AA သည် ကျန်းမာရေးဌာနဖွဲ့စည်းပြီး ဝန်ဆောင်မှုပေးရန် ကြိုးပမ်းနေသည်။ 

သို့သော်လည်း ကုန်စည်စီးဆင်းမှုနှင့် နိုင်ငံတကာအကူအညီဝင်ရောက်မှု ပိတ်ဆို့ခံနေရသော AA ထိန်းချုပ်နယ်မြေများတွင် ကိုယ်ဝန်သည်များ၊ ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အခြေအနေ မပေးသေးဟု အခြားသူနာပြုဆရာမတစ်ဦးက ပြောသည်။ 

“ဆုံဆို့ကာကွယ်ဆေးမထိုးရင် မိခင်တွေမှာ ကလေးမွေးလို့ ချက်ကြိုးဖြတ်တဲ့အခါ သားအိမ်မေးခိုင်ရောဂါ ရနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကလေးတွေမှာလည်း အဲဒီဆေးတွေကို မထိုးလို့မရပါ။ တစ်ကြိမ်လောက်လည်း ချို့ယွင်းသွားလို့မဖြစ်ပါ။ ကလေးတွေမှာ ချို့ယွင်းချက်တွေ ဖြစ်သွားနိုင်ပါတယ်၊ ဥပမာ- အရိုးပျော့ရောဂါ ဆိုလည်း တစ်သက်တာပါသွားမယ်။ သူ့အတွက် ဆေးကုလို့မရတဲ့ရောဂါတွေလေ”

ဤအခြေအနေကြောင့် ကလေးသူငယ်များ ကျန်းမာရေးအတွက် မိဘများက စိတ်ပူနေကြသည်။

ရခိုင်ပြည်နယ် မြို့အများစုကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလည်ပတ်နေပြီဖြစ်သော AA ထံမှ ကျန်းမာရေးဝန်ဆောင်မှု မျှော်လင့်နေကြောင်း  ကလေးဖခင်တစ်ဦးက ပြောသည်။ 

“ကျွန်တော့သားဆိုရင် မွေးထားတာ တစ်လကျော်နေပြီ။ ဘာ ကာကွယ်ဆေးမှ မထိုးရသေးဘူး။ AA အနေနဲ့ ကာကွယ်ဆေးထိုးနိုင်အောင် နည်းလမ်းရှာပြီးလုပ်ပေးသင့်ပါတယ်”ဟု ထိုအမျိုးသားက ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ကလေးငယ်များအတွက် ကာကွယ်ဆေး ရရှိနိုင်ရန် ဘက်ပေါင်းစုံက ကြိုးစားနေသည်၊ တီဘီလူနာနှင့် HIV လူနာတို့အတွက် ဆေးဝါးအချိန်မီရရှိနိုင်ရန်လည်း  ဆောင်ရွက်နေသည်ဟု ပြောထားသည်။

သို့ရာတွင် မည်သို့လုပ်ဆောင်နေကြောင်း၊ အခက်အခဲများ မည်သို့ ရှိကြောင်း ၎င်းက ထုတ်မပြောပေ။ 

AA အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးဆိုင်ရာသင်တန်းများ ပေးနေသည်ကို တွေ့ရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းတာဝန်ကို လူမျိုးမရွေး ထမ်းဆောင်နိုင်ကြောင်းလည်း ဖိတ်ခေါ်နေသည်။

 ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မွေးကင်းစမှ ၁၈ လအထိ ကာကွယ်ဆေးထိုးရမည့် အစီအစဉ်။


NUG အစိုးရ အစီအစဉ်

အသက်ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ပိုလီယိုသည်လည်း အာရုံကြောစနစ်များ ထိခိုက်ပျက်စီးစေနိုင်ပြီး ခြေလက်များ ပျော့ခွေအကြောသေစေသည့်အပြင် အသက်ကိုပါ ဆုံးရှုံးစေနိုင် သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပိုလီယိုကင်းစင်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ အသွင်ပြောင်း ပိုလီယို ကပ်ရောဂါအသွင်ပြန်ဖြစ်ပွားထားသည်။ 

တော်လှန်ရေးနယ်မြေအများစုတွင်လည်း အဆိုပါကိစ္စရပ်များ ကြုံတွေ့နေရပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်း၍ အသက်ငါးနှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဇူလိုင်လ၊ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များတွင် ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၂၃ အထိ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးဒေသတို့တွင် ငါးနှစ်အောက် ကလေးငယ် သုံးသောင်းကို ကာကွယ်ဆေးထိုးပေးခဲ့သည်ဟု ဆိုသည်။

၂၀၂၄-၂၅ တွင် စစ်ကိုင်း၊ မကွေးဒေသတို့ရှိ ငါးနှစ်အောက်ကလေး နှစ်ထောင်ကို ကာကွယ်ဆေးထိုးရန် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေတွင်မူ  ကလေးများ ပုံမှန် ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။  

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေမှ ဒေသခံအမျိုးသားတစ်ဦးက ၎င်းတို့ဒေသရှိ အသက် ငါးနှစ်အောက် ကလေးများ ကာကွယ်ဆေးထိုးနှံရန်အတွက် မုံရွာမြို့ပေါ် ဆေးရုံ၊ ဆေးခန်းများသို့ စွန့်စားသွားရောက်ရသည်ဟု ဆိုသည်။ 

ကာကွယ်ဆေး တစ်ကြိမ်မျှ မရသော ကလေးများ၊ ကာကွယ်ဆေးအကြိမ် အပြည့်မရသော ကလေးများ ဖျားနာခြင်းနှင့် နောက်ဆက်တွဲရောဂါများ ရနိုင်ခြေ ရှိသည့်အပြင် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည် ဟု ၂၀၂၄ တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့  (UNICEF) ၏ မြန်မာပြည်ရုံးခွဲက ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကာကွယ်ဆေးမရရှိခဲ့သည့် ကလေးဦးရေ အများဆုံးရှိသော နိုင်ငံများထဲတွင် ပါဝင်နေသည်၊  ကလေး ၆၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်မျိုးမျှ မရရှိခဲ့သောကြောင့် ကာကွယ်ဆေးဖြင့် ကြိုတင် ကာကွယ်နိုင်သောရောဂါများ ဖြစ်နိုင်ခြေ အလွန်မြင့်မားစေသည်ဟု UNICEF က  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ 

အသက် ငါးနှစ်အောက် ကလေးငယ်များကို ပြင်းထန်တီဘီ၊ အသည်းရောင်အသားဝါရောဂါ (ဘီ) ၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ တုပ်ကွေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းလျှော၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ရေကျောက် စသည့် ဆက်စပ်သော ကာကွယ်ဆေးများကို သတ်မှတ်အရေအတွက်အတိုင်း ထိုးနှံရန် ကျန်းမာရေးဝန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိန်းကလေးဖြစ်ပါက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးပါ ထိုးပေးရသည်။ 

AA ဆေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဆေးကုသပေးနေသည်ကိုတွေ့ရစဥ်။ (ဓာတ်ပုံ –  APM) 

Related Articles

Back to top button