အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရုရှား၊ ကာဇက်စတန်တို့နှင့် စီးပွားရေး၊ ကာကွယ်ရေး ပူးပေါင်းရန် စစ်ခေါင်းဆောင် ကမ်းလှမ်း  

စစ်ခေါင်းဆောင်၏ ယခုလ ခရီးစဉ်အတွင်း ရုရှားနှင့်ရုရှားအနွယ်ဝင် ကာဇက်စတန်သမ္မတများနှင့် တွေ့ဆုံစဉ် ထိုနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းခဲ့သည်ကို တွေ့ရသည်။

ရုရှားနိုင်ငံနှင့် ၎င်း၏အိမ်နီးချင်း ကာဇက်စတန်နိုင်ငံသို့ရောက်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည်  စီးပွားရေး၊ ကာကွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအား ကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ရုရှားသမ္မတနှင့် စစ်ခေါင်းဆောင် တွေ့ဆုံမှုတွင် မြန်မာ့ရွေးကောက်ပွဲအရေးအပြင် နျူကလီးယားစွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်စွမ်းအင်၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာသင်ကြားရေးနှင့်  ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုများ တိုးမြှင့်ရန် ပါဝင်သည်။ 

စစ်ခေါင်းဆောင်က ၎င်းအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ကျင်းပပြီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ တာဝန်များကို ပြန်လွှဲအပ်သွားမည်ဖြစ်ကြောင်း နှစ်ဖက် တွေ့ဆုံမှုတွင် ထည့်သွင်း ပြောဆိုသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅(World Atomic Week Forum 2025) တက်ရောက်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ကတည်းက ထွက်ခွာသွားခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်တွင် ကာဇက်စတန်သမ္မတနိုင်ငံသို့  အလုပ်သဘောခရီးစဉ်အဖြစ် ဆက်လက်ထွက်ခွာ၍ ကာဇက်စတန်သမ္မတနှင့်တွေ့ဆုံစဉ် စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လိုကြောင်း  စစ်ခေါင်းဆောင်က ကမ်းလှမ်းခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်း၌ ကာဇက်စတန်သမ္မတနန်းတော်တွင် တွေ့ဆုံရာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံကြား အလှမ်းဝေးသော်လည်း ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လိုကြောင်း ပြောသည်။ 

ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍများ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပြီး ၎င်းတို့အနေဖြင့်လည်း Logistic ပိုင်းဆိုင်ရာ လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း  ကာဇက်စတန်သမ္မတက ဆိုကြောင်း သိရသည်။ 

စစ်တပ်ထိန်းချုပ် သတင်းစာ၏ ယနေ့ အယ်ဒီတာ့အာဘော်တွင်လည်း ကာဇက်စတန်သမ္မတအနေဖြင့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်မားနေသည်မှာ ဝမ်းမြောက်စရာဖြစ်ပြီး စီးပွားရေးနှင့် မြန်မာ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအပါအဝင် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် Astana International Financial Center (AIFC)သို့ သွားရောက်ခဲ့သေးသည်။ 

၂၀၁၈ ခုနှစ်က ဖွင့်လှစ်ခဲ့သော ထိုအဆောက်အအုံသည် ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းဖြစ်ပြီး Belt and Road Initiative (BRI)စီမံကိန်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ယခင် ဆိုဗီယက်ပြည်ထောင်စု ရုရှားအနွယ်ဝင် ကာဇက်စတန်သည် အာရှအလယ်ပိုင်းဖြစ်ပြီး ရုရှားနိုင်ငံ၏ အနောက်တောင်ဘက် နယ်မြေကပ်လျက်တည်ရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က ကာဇက်စတန်သမ္မတနန်းတော်တွင် နှစ်နိုင်ငံအဖွဲ့များ တွေ့ဆုံကြစဉ်။ (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတကာက ဖယ်ကြဉ်ထားသော စစ်အုပ်စုအား တရုတ်နိုင်ငံက သတိကြီးကြီးထားခဲ့ပြီး အကန့်အသတ်ဖြင့်သာ ထိတွေ့ဆက်ဆံခဲ့သည်။

သို့သော် မကြာသေးမီ အချိန်က တရုတ်သည် စစ်အုပ်စုကို ပြောင်ပြောင်တင်းတင်း ထောက်ခံခဲ့ပြီး  တရုတ်သမ္မတကိုယ်တိုင် စစ်ခေါင်းဆောင်အား လက်ခံတွေ့ဆုံခဲ့သည်။ ယခုနှစ်များတွင် စစ်ခေါင်းဆောင်သည် ရုရှားသမ္မတသာမက တရုတ်နိုင်ငံသမ္မတတို့အား တစ်ကြိမ်ထက်မက တွေ့ဆုံခွင့်ကို ရရှိထားသည်။

စစ်ခါင်းဆောင်၏ ရုရှားခရီးစဉ်တွင်  ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြား‌ရေးဝန်ကြီး ဦးသန်းဆွေ၊ စစ်ကော်မရှင်ဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့ လိုက်ပါသွားကြသည်။ 

စစ်ခေါင်းဆောင်အနေဖြင့် ရုရှားသို့ အကြိမ်ကြိမ်သွားရောက်နေခြင်းမှာ နျူကလီးယား နည်းပညာကို စီးပွားရေးနှင့်လဲလှယ်လိုသည့်အတွက် သွားရောက်နေခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။ 

“ သူကတော့ နျူကလီးယားဓာတ်ပေါင်းဖို အရမ်းလိုချင်နေတာပေါ့။  နျူကလီးယားဓာတ်ပေါင်းဖို ရမယ် ဆိုရင် ဘာပဲလုပ်ရလုပ်ရပေါ့။ စီးပွားရေးနဲ့ပတ်သက်ပြီးလဲမယ်ဆိုရင် လဲမယ့်သဘောရှိတာပေါ့။ ဖြစ်နိုင်ခြေ ရှိနိုင်တာက Offshore တွေက ရေနံနဲ့သဘာဝဓာတ်ငွေ့မှာဆိုရင်  Long-term  Contract တွေ ပေးနိုင်တာပေါ့။ နောက်တခြား လိုအပ်တဲ့သတ္တုပေါ့။ တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့နေရာတွေကတော့ မလွယ်နိုင်ဘူး။ မထိန်းချုပ်နိုင်တာက ပင်လယ်ပြင်လုပ်ကွက်တွေပေါ့။ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို လုပ်ပိုင်ခွင့်တွေ ပေးကောင်းပေးနိုင်တယ်ပေါ့” ဟု ထိုအမျိုးသားက ဆိုသည်။​

မြေရှားကဲ့သို့သော သတ္တုမျိုးဆိုပါကလည်း အိန္ဒိယနှင့်တရုတ်ကို ညှိယူရမည့်အခြေအနေ ရှိနိုင်သဖြင့် မဖြစ်နိုင်ကြောင်း၊ နယ်မြေကွာဝေးသော ရုရှားအနေဖြင့်လည်း မဟာမိတ်လှမ်းဖွဲ့ခြင်းသဘောဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

“ သူတို့အချင်းချင်းကတော့ ပုလဲနံပ သင့်တယ်ပေါ့။ အင်အားယူတာပေါ့။ ဒုတိယကမ္ဘာစစ်တုန်းက ဝင်ရိုးစွန်းနိုင်ငံဖွဲ့သလိုပေါ့” ဟု ဆိုသည်။ 

စစ်ကော်မရှင်သည် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့် သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် မြောက်ကိုရီးယားသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ စေလွှတ်ကာ ဖျက်အားပြင်းမဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ဖူးရာ လက်ရှိ အာဏာသိမ်းခေါင်းဆောင်သည်လည်း နျူလက်နက်ပိုင်ဆိုင်ရေး စိုင်းပြင်းနေဖွယ်ရှိနိုင်သည်။ စစ်ခေါင်းဆောင်သည် “နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ” တည် ဆောက်မည်ဟု ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် အမျိုးသားစီမံကိန်းများအတွက် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလကလည်း ရန်ကုန်တိုင်း၊ လှိုင်တက္ကသိုလ်နည်မြေနှင့် ပြည်လမ်းမကြီးအကြား အင်းလျားကန်ဘေး၌ ဆိုရှယ်လစ်ခေတ်က “အင်းယားလေး လူငယ်လေ့ကျင့်ရေး စခန်း” အဖြစ် အသုံးပြု ခဲ့သောမြေနေရာတွင် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ  ဖွင့်လှစ်ခဲ့ပြီး စစ်ခေါင်းဆောင် ကိုယ်တိုင်တက်ရောက်သည်။ ၎င်းနှင့်အတူ ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း Rosatom မှ ညွှန်ကြားရေးမှူးချုပ်လည်း တက်ရောက်ခဲ့သည်။

Related Articles

Back to top button