အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ဒေသများကို ယခုရက်ပိုင်း လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေရာ စက်တင်ဘာ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲသဖြင့် သုံးဦး သေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။
စစ်တပ်က ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်သလို ယနေ့တစ်ရက်အတွင်း ရသေ့တောင်တွင် လက်နက်ကြီးပစ်ခတ်ခံရကာ ချင်းပြည်နယ် ပလက်ဝမြို့ လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့၊ ည ၁၁ နာရီ ၂၅ မိနစ်ခန့်ကလည်း သံတွဲမြို့နယ်၊ ပဒဲကောရွာ ဗုံးကြဲခံရပြီး အသက် ၂၂ နှစ်အရွယ် မောင်မင်းအောင် ဒဏ်ရာရရှိသွားသည်။ ထိုရွာကို ပင်လယ်ပြင်မှ စစ်ရေယာဥ် များကလည်း လက်နက်ကြီးများ ခြောက်ကြိမ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့လည်း ကြေညာထားတော့ သံတွဲကို ခြိမ်းခြောက်နေတဲ့သဘော ထင်တယ်”ဟု ၎င်းက ဆိုသည်။
သံတွဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ညက လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဒေသခံ တစ်ဦးသေကာ ကလေးများအပါအဝင် ခြောက်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။
သံတွဲမြို့၊ အမှတ် (၄ ) ရပ်ကွက်ကို ယင်းနေ့ည ၈ နာရီခွဲခန့်တွင် ဗုံး နှစ်ကြိမ်ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးညီညီ (အသက် ၄၇ နှစ်) သေဆုံးသွားသည်၊ မောင်သန့်ဇင်ဖြိုး( ၆ နှစ် )၊ မောင်အောင်သီဟဖြိုး (၁၄ နှစ်)၊ ဒေါ်ခင်ခင်ဌေး(၃၇ နှစ်) ၊ ဒေါ်ခင်ထွေး(၅၃ နှစ်)၊ ဦးထွန်းနိုင်မင်း(၄၂ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုဝင်း (၄၃ နှစ်) တို့ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ယင်းနေ့က ပြောသည်။
“ကျွန်တော်တို့ ထမင်းစားနေတုန်း ဗုံးကြဲတာ။ ဗုံးကြဲသံကြားလို့ ထမင်းစားနေတုန်းထွက်ပြေးရတယ်။ည ၈ နာရီ ၂၅ မှာတစ်ကြိမ်၊ ၈ နာရီ ၃၅ မှာတစ်ကြိမ် ကြဲခဲ့ပါတယ် “ဟု ၎င်းက ဆိုသည်။
သံတွဲဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအတွက် ဆေးကုသရန်အခက်အခဲရှိသဖြင့် အကူညီများ လိုအပ်နေ ကြောင်း လေးဝတီ – သံတွဲ စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ရသေ့တောင်နှင့်ပလက်ဝ တိုက်ခိုက်ခံရမှု
ယနေ့ (စက်တင်ဘာ ၂၉ ရက်နေ့) မွန်းတည့် ၁၂ နာရီခွဲခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဗုံးကြဲ သဖြင့် ဒေသခံ နှစ်ဦး သေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပေါင် ၅၀၀ ဗုံးနှစ်လုံးချခဲ့တယ်။ ဆေးရုံ၊မြို့ထဲကို ကြဲတယ်။ အဲဒါမှာ အမျိုးသမီးနှစ်ယောက်သေတယ် ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း ရသေ့တောင်မြို့နယ် ကြက်ရိုးဆိပ်၊ ဇီးကိုင်း ၊ ဆားပြင်ကြီး ၊ ဆားပြင်ချေရွာတို့ကို စစ်တွေမြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးတစ်ဦး နှင့် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း တောင်ကုတ်မြို့ ဗုံးကြဲခံရပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းပျက်စီးသွားသည်။ အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ၊ သရက်တပင်ရွာရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲခဲ့ရာ ကျောင်းသား၊ကျောင်းသူ ၂၀ ဦးသေပြီး ၂၁ ဦးဒဏ်ရာရရှိသွားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်စစ်ပွဲစတင်ဖြစ်ပွားသည့် နေ့မှစပြီး အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ရခိုင်ဒေသခံ ၉၂၆ ယောက်သေဆုံးပြီး ၁၉၅၄ ယောက်ဒဏ်ရာရထားကြောင်း AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခက ယခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့သည်။ ထို့ပြင် လူပေါင်း ၉၄၇ ယောက်လည်း ဖမ်းဆီးခံထားရသည်ဟုဆိုသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကိုသိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့ နယ်ကိုလည်းသိမ်းပိုက်ထားသည်။လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်နှင့်နယ်မြေဆက်စပ်လျက်ရှိသော ဧရာဝတီ၊ မကွေး၊ ပဲခူး စသည့် ဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် AA တို့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။




