အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA က ကျောက်မဲကို ရက်ပိုင်းအတွင်း လက်လွှတ်ရဖွယ်ရှိနေ

ကျောက်မဲမြို့ကို ပြန်ရရန်ထိုးစစ်ဆင်နေသော စစ်တပ်သည် နောင်ချို-ကျောက်မဲလမ်းတစ်လျှောက် ထိုးစစ်ဆင်လာရာ မြို့အဝင်အနီး ရောက်နေပြီး စစ်ကြောင်းများဖြန့်ခွဲကာ ထိုးစစ်ဆင်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အား ထိုးစစ်ဆင်နေသည့် စစ်တပ်သည် စက်တင်ဘာလ၂၆ ရက်နေ့တွင် မြို့နှင့်လေးမိုင်နီးပါးအကွာမှ ခိုမုန်းကျေးရွာဘက်ကို  ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။

ဩဂုတ်လ တတိယပတ်ခန့်မှစတင်ကာ ခရိုင်မြို့ကြီးဖြစ်သော ကျောက်မဲမြို့နယ်အတွင်း စစ်တပ် ဝင်ရောက် လာပြီးနောက် နောင်ချို-ကျောက်မဲလမ်းတစ်လျှောက် ကျေးရွာများအား ထိုးစစ်ဆင်လာရာ ယခုလ နောက်ဆုံးပတ်တွင် မြို့အဝင်အနီးအထိ ရောက်လာခြင်းဖြစ်သည်။

ကျောက်မဲမြို့အနီး နားအိုက်ခန်းနှင့် စခန်းသာကျေးရွာများတွင် တအာင်းတပ် (TNLA) က အခိုင်အမာ ခံစစ်ဖြင့် ခုခံနေခဲ့ရာ ယခုရက်ပိုင်းအတွင် စစ်တပ်က လေကြောင်း၊ ဒရုန်းများသုံး၍ အဆိုပါခံစစ်နေရာများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

စခန်းသာရွာအား စစ်တပ်က သိမ်းပြီးသော်လည်း နေရပ်ပြန်ခွင့် မပေးသေးသည့်အတွက် ပစ္စည်းများ ဖောက်ထွင်းခံရမည်ကို စိုးရိမ်နေရသည်ဟု ရွာခံများက ဆိုကြသည်။

စစ်တပ်စစ်ကြောင်းများနီးလာချိန် မြို့အနောက်ဘက် မိုးကုတ်-ကျောက်မဲလမ်းပေါ် မိုင်းတင်းရွာ၌ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်တွင် ရွာခံများက TNLA တပ်ဖွဲ့များအား ကျေးရွာတွင်းမှ ထွက်ခွာပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“မိုင်းတင်းရွာ အဝင်က TNLA ဂိတ်စခန်းကိုလည်း ဖျက်လိုက်တယ်။ TNLA တပ်ဖွဲ့တွေကိုလည်း ရွာသားတွေက ထွက်သွားခိုင်းတော့ ဖယ်ပေးလိုက်တယ်” ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

မိုင်းတင်းရွာသည် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA လှုပ်ရှားသည့် ကျေးရွာဖြစ်ပြီး လတ်တလော တိုက်ပွဲများကြောင့် လူမျိုးရေးဆန်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ၎င်းတို့တပ်ဖွဲ့ဝင်အချို့ ဖယ်ပေးလိုက်သည်ဟု TNLA နှင့်နီးစပ်သူများက ဆိုသည်။

အလားတူ ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) ညပိုင်းမှ စ၍ TNLA ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်အချို့ ကျောက်မဲမြို့ ပေါ်မှ ဆုတ်ခွာသွားသည်ဟု ဒေသခံများက ပြောကြသည်။

“ မနေ့ညပိုင်းမှာ သူတို့ အရေးကြီးတဲ့သူတွေ ဆုတ်သွားပုံရတယ်။ အကုန်တော့ မဟုတ်ပါဘူး။ အောက်ခြေတပ်သားတွေ ကျန်နေသေးတယ်။ မြို့ထဲမှာတော့ မြို့ခံတွေ အတော်များများ ရှောင်နေကြတယ်။ လူက မရှိသလောက် ပဲ” ဟု အထက်ပါကျောက်မဲမြို့ခံက ပြောသည်။

TNLA ဘက်ကမူ ကျောက်မဲမြို့ပေါ်မှ ဆုတ်ခွာသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဟု ဆိုသည်။

“မဟုတ်ပါဘူး။ ခုခံနေဆဲပါ” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ယနေ့ မွန်းလွဲတွင် ပြောသည်။

မြို့အနီး စစ်ကော်မရှင်တပ်များ နီးကပ်လာချိန် စစ်တပ်သတင်းပေးဟု ယူဆရသူ အမျိုးသမီးသုံးဦး အပါအဝင် ၁၀ ဦးကျော် ဖမ်းဆီးရမိထားပြီး ဆက်လက်စစ်ဆေးနေသည်TNLA ဘက်က ဆိုသည်။

လက်ရှိတွင် မိုင်းတင်နှင့် စခန်းသာကျေးရွာတို့ကို စစ်တပ်က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။ 

စစ်တပ်သည် မိုးကုတ်- ကျောက်မဲလမ်းအား ထိန်းချုပ်နိုင်ရန် စခန်းသာနှင့် မိုင်းတင်းရွာကြားရှိ လုံဝယ်၊ နမ့်ဆော့ရွာ၊ ပင်တီးရွာများသို့လည်း အခြားစစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေသည် ဟု ဒေသခံများက ဆိုသည်။

“ စစ်တပ်က လုံဝယ်၊ ပင်တီးရွာဘက်ကို စခန်းသာကနေ ဆက်ထိုးနေတယ်။ နမ့်ဆော့နဲ့ ပင်တီးဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ အဲရွာတွေက မိုင်းတင်းနဲ့ဆို သုံးမိုင်ပဲ ကွာတော့တာ” ဟု ကျောက်မဲဒေသခံ နောက်တစ်ဦးက ပြောသည်။

နောင်ချိုမြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်၏ တပ်မ ၁၁ ၊တပ်မ ၅၅ နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ယခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် ထန်းတပင်ကျေးရွာအား စတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လအတွင်းမှာပင် ထန်းတပင် ၊ နောင်ပိန်ရွာများအား သိမ်းပိုက်ခဲ့သည်။

ယခင်လများက တွေ့ရသည့် နောင်ပိန်ကျေးရွာဆေးရုံအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) (LOGO တပ်ရန်)

ထို့နောက် ယခုလအတွင်း ပင်တိန်၊ မက်မန်း(ကုန်းသာ)၊ နားအိုက်ခန်းနှင့် စခန်းသာရွာရှိ TNLA ခံစစ် စခန်းများအား ဆက်လက်သိမ်းပိုက်ခဲ့ကာ ကျောက်မဲမြို့အနီး ရောက်လာခြင်းဖြစ်သည်။

တပ်မ ၁၁၊ တပ်မ ၅၅ ကဲ့သို့ တိုက်ခိုက်ရေးတပ်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နိုင်သကဲ့သို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူအများအပြား အသုံးပြုလာနိုင်၍ TNLA အနေဖြင့် ခုခံနိုင်ရန် ခက်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။

“ရှမ်းမြောက်မှာ တိုက်နေတာ TNLA တစ်ဖွဲ့ပဲ ကျန်တာ။ စစ်တပ်ဦးတည်ရာကလည်း TNLA ပဲဆိုတော့ အင်အားကလည်း မမျှဘူး။ စစ်တပ်က တစ်ယောက်ကျရင် တစ်ယောက်နှုန်းနဲ့ အင်အားရော ၊ လက်နက်ရော ဖြည့်နိုင်တယ်။ ကြာရှည်ခံစစ်ဆင်နေရတဲ့ TNLA က မလွယ်ဘူး။ အဲဒီတော့ ကျောက်မဲက ဒီရက်အတွင်း ဒါမှ မဟုတ် လကုန်ပိုင်းလောက်ကို စစ်တပ်က ရသွားနိုင်တယ်” CDM ဗိုလ်ကြီးဇင်ယော် က ပြောသည်။

ကျောက်မဲမြို့ပေါ်တွင် ရပ်ကွက် ကိုးခု ရှိပြီး လူဦးရေ လေးသောင်းကျော်နေထိုင်သည်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းတွင် ကျောက်မဲမြိုပေါ်ရှိ အမြောက်တပ်နှင့် အုပ်ချုပ်ရေးဌာနရုံးများအား TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။

အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) နှင့် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၅၀၁)၊ ခမရ(၅၀၂) တို့အား ယမန်နှစ် ဩဂုတ်လ ၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ကျောက်မဲမြို့တစ်ခုလုံး TNLA က ထိန်းချုပ်ထားသည်မှာ တစ်နှစ်ကျော် ရှိနေပြီ ဖြစ်သည်။

ယခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွေ့ဆုံဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်က ထိုမြို့များကို တိုက်ယူနိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ကိုသာ TNLA ထံ ပေးမည်ဆို၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။

ယခုလကုန်ပိုင်းတွင် TNLA နှင့် စစ်တပ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင်ထပ်မံ ဆွေးနွေးရန် သဘောတူ ထားသော်လည်း ဆွေးနွေးပွဲမတိုင်မီ စစ်တပ်က ကျောက်မဲမြို့အား ပြန်ရရန် အားထုတ်နေသည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသူများကဆိုသည်။

စစ်တပ်၏ ရွေးကောက်ပွဲကျင်းပမည့် စာရင်းတွင်လည်း ကျောက်မဲနှင့်သီပေါမြို့များအား ထည့်သွင်းထားရာ ကျောက်မဲမြို့အား စစ်တပ်ပြန်ရပါက ဆက်စပ်နေသည့် သီပေါမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်လာနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြုသည်။

Related Articles

Back to top button