အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာဖြစ်မည့်ဒုက္ခသည်များထိုင်းတွင်အလုပ်လုပ်ခွင့်

နှစ်ပေါင်း ၄၀ ကျော်ကြာ စခန်းအတွင်းသာ နေထိုင်ခဲ့ရသည့် ဒုက္ခသည်များ ပိုမို ခက်ခဲလာချိန်တွင် အလုပ်သမား လိုအပ်နေသည့် စခန်းအပြင်ဘက်သို့ သွားရောက် လုပ်ကိုင်ခွင့် ရတော့မည်ဖြစ်သည်။

ထိုင်းနှင့် မြန်မာနယ်စပ်တစ်လျှောက်ရှိ   မြန်မာဒုက္ခသည်များကို နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် အစီအစဉ်မှာ   အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ 

နယ်စပ်ဒေသတိုက်ပွဲများကြောင့်  ကရင်၊ ကရင်နီ (ကယား) နှင့် ဒေသခံတိုင်းရင်းသားများသည် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းခရိုင် လေး ခုရှိ ဒုက္ခသည်စခန်း ကိုး ခုတွင်  ခိုလှုံလာကြသည်မှာ ရာစုနှစ်ထက်ဝက်ကြာပြီ ဖြစ်သည်။ 

၎င်းတို့အနက် ထိုင်းအစိုးရ၏ အသိအမှတ်ပြုစာရင်းပေါက်သူတို့ကို သတ်မှတ်အထောက်အထားဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

ထိုအစီအစဉ်ကို ဩဂုတ်လ ၂၆ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး  နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်ထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။

မြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့်အတွက် ဆယ်စုနှစ်တစ်ခုကြာတောင်းဆိုသော်လည်း ခွင့်မပြုခဲ့ဘဲ ယခုအခါ အမေရိကန်၏ အကူအညီများရပ်ဆိုင်းခြင်းကြောင့် ဒုက္ခသည်စခန်းများ၌ အစားအသောက်၊ ဆေးဝါးများ ပြတ်လပ်လာချိန် ထိုင်းအစိုးရက ခွင့်ပြုခဲ့ကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက Myanmar Now ကို ပြောသည်။

“အခုဟာကျတော့ ဘာနဲ့သွားတိုက်ဆိုင်လဲဆိုတော့ ဒုက္ခသည်တွေရဲ့အစားအသောက် ပြတ်လပ်မှု၊ ဆေးဝါးတွေ ပြတ်လပ်မှုအပေါ်မှာ ဒါတွေက ကိုယ်ဟာနဲ့ကိုယ်ရှာကြံပြီးမှ လုပ်ရမယ့်အပိုင်းတွေ ရှိလာတဲ့အတွက် ထိုင်းအစိုးရက ဒါကို ညှာတာထောက်ထားပြီးတော့၊ ကိုယ်ချင်းစာပြီးတော့ ဒီအခွင့်အရေးကို ပေးလိုက်တာ” ဟု ပြောသည်။

၂၀၁၂ ဇွန်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ လည်ပတ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြသည့် ဒုက္ခသည်များ။ (ဓာတ်ပုံ – EPA)

အခြားတစ်ဖက်တွင်မူ နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြား စစ်မက်ဖြစ်ပွားရသည်အထိ တင်းမာမှုများဖြစ်ခဲ့ပြီးနောက် အလုပ်လုပ်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများ ပြည်တော်ပြန်သွားသဖြင့် ထိုင်းတွင် အလုပ်သမားလိုအပ်ချက်ရှိနေသည်။ ထိုအလုပ်သမားများနေရာတွင် အစားထိုးရန် လိုအပ်လာချိန်တွင် မြန်မာဒုက္ခသည်တို့ကို အလုပ်လုပ်ခွင့်ပြုရန် စီစဉ်လာခြင်းလည်းဖြစ်သည်။ 

စခန်းအတွင်းမှ ပြင်ပသို့ထွက်ခွာခွင့်မရသဖြင့် အကျယ်ချုပ်ကျခံနေရသကဲ့သို့ ဖြစ်နေသော ဒုက္ခသည်တို့က ၎င်းတို့၏ဘဝ အကြီးအကျယ် အပြောင်းအလဲဖြစ်မည့် ထိုအစီအစဉ်ကို  ဝမ်းသာအားရ ကြိုဆိုနေကြသည်။

ထိုအစီအစဉ်ကို ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အစိုးရ လက်ထက်တွင် စတင်အတည်ပြုခဲ့သည်။ သို့သော်လည်း  ပေထုန်တန်သည် ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နှင့် နယ်စပ်ပြဿနာအရေး တယ်လီဖုန်းပြောဆိုမှုပေါက်ကြားခဲ့ပြီးနောက် ရာထူးမှ ဖယ်ရှားခံရကာ Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ထိုင်းအစိုးရအကူးအပြောင်းတွင် ဒုက္ခသည်အလုပ်လုပ်ခွင့်ကို ဆက်လက်အကောင်ထည်ဖော်ရန် ကြန့်ကြာနိုင်ကြောင်း   ယူဆခဲ့ကြသော်လည်း ဝန်ကြီးချုပ်သစ်အနုတင်ဦးဆောင်သော အစိုးရက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာသည်။ 

မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ ရာချ်ဘူရီခရိုင်တို့တွင် မြန်မာဒုက္ခသည်စခန်း ကိုးခုအထိရှိပြီး ဒုက္ခသည်ပေါင်း ၁၀၇,၀၀၀ ဝန်းကျင်ရှိနိုင်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ၏ အချက်အလက်များအရ သိရသည်။ ထိုအရေအတွက်ထဲမှ ထက်ဝက်ခန့်မှာ စခန်းအတွင်း မွေးဖွားလာသူများ ဖြစ်သည်။ 

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတည်နေရာနှင့် ဒုက္ခသည် ဦးရေစာရင်း။ (ဓာတ်ပုံ – TBC)

ထိုင်းအစိုးရ၏ သတ်မှတ်စာရင်းထဲတွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား အလုပ်လုပ်နိုင်သည့် ဒုက္ခသည်ဦးရေမှာ ၄၀,၀၀၀ ကျော် ရှိနိုင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တစ်နှစ်ကြာအလုပ်လုပ်ခွင့် စတင်ရရှိကြမည် ဖြစ်ကြောင်း KRC အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။  

တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် စခန်းမှ ထွက်ခွာခွင့်ကို ခရိုင်မှူးများထံ တောင်းခံခြင်း၊ ဆေးစစ်၍ ကျန်းမာရေးအာမခံရယူခြင်း၊ အလုပ်လုပ်ခွင့် လျှောက်ထားခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့နောက် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသည့် အလုပ်များမှလွဲ၍ ကျန်အလုပ်အားလုံး လုပ်နိုင်သည့် တစ်နှစ်အလုပ်လုပ်ခွင့် လက်မှတ် ရရှိမည်ဖြစ်သည်။  လျှောက်လွှာတင်ရာတွင် ဘတ် ၁၀၀ ပေးဆောင်ရမည်ဖြစ်သော်လည်း ကနဦး ပထမနှစ်အတွက် ကင်းလွတ်ခွင့်ပြုမည်ဟု သိရသည်။ 

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏  အမိန့်ညွှန်ကြားချက်များ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီးနောက် လက်တွေ့ဖြစ်လာရန် စောင့်ဆိုင်းနေကြောင်း  မယ်ဟောင်ဆောင်ခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ အမည်မဖော်လိုသည့် ကရင်နီဒုက္ခသည် အမျိုးသားတစ်ဦးကပြောသည်။

“တရားဝင်အလုပ်လုပ်ခွင့်ရရှိဖို့က တောင်းဆိုခဲ့တာလည်း ကြာပြီပေါ့နော်။ အရေးဆိုတင်ပြ၊ ကိုယ်စားပြုပြီး ပြောပြတာလည်းကြာပြီ။ အခုဒီလိုမျိုး ထိုင်းအစိုးရကနေ ခွင့်ပြုမယ်လို့ ပြောတဲ့အချိန်မှာ အားရဝမ်းသာနဲ့ ကြိုဆိုတယ်။ ဒါပေမဲ့ လုပ်ငန်းအသေးစိတ်ကို ဘယ်လိုသွားမလဲဆိုတာကို ကျွန်တော်တို့ ကြည့်ရဦးမှာပေါ့” ဟု သူက ပြောသည်။ 

ရက်အနည်းငယ်အတွင်း ဒုက္ခသည်များ အလုပ်လုပ်ခွင့်အစီအစဉ် အသက်ဝင်မည်ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် အကောင်အထည်ဖော်ပေးမည့် ခရိုင်အဆင့်၊ မြိုနယ်အဆင့် အာဏာပိုင်များထံက  ညွှန်ကြားချက်များ ထွက်မလာသေးဟု သူက ဆိုသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့်  နယ်စပ် ဒုက္ခသည်စခန်းနှစ်ခုတွင် ခိုလှုံနေသူ အရေအတွက် ၁၂,၈၀၀ ခန့် ရှိသည်ဟု သိရသည်။ မူဝါဒအတိုင်း လက်တွေ့အကောင်အထည်ဖော်ရန် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ညွှန်ကြားမှုများမှာ အရေးပါပြီး မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်စေလိုသည်ဟုလည်း အထက်ပါ ကရင်နီဒုက္ခသည် အမျိုးသားက ပြောသည်။

“ပြောပြီးတော့ ပြီးသွားတာမဟုတ်ဘူးပေါ့နော်။ ပြောရုံနဲ့ပဲ ဆက်လက်ပြီးတော့ ထားခဲ့မယ်ဆိုရင် ဒုက္ခရောက်တဲ့သူက ဆက်ပြီးတော့ရောက်နေမှာပဲ” ဟု သူက‌ ပြောသည်။

KRC အတွင်းရေးမှူး စောပွယ်စေးကမူ ထိုင်းအာဏာပိုင်တို့၏ စီမံခန့်ခွဲမှုကို ဆက်လက်စောင့်ရဦးမည်ဖြစ်သော်လည်း အလုပ်လုပ်ခွင့်ပြုကြောင်း အမိန့်ညွှန်ကြားချက်ကို ဒုက္ခသည်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် သတင်းအချက်အလက် ဖြန့်ဝေပေးနေသည်ဟု ဆိုသည်။

ထိုင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို မြန်မာ၊ ကရင် ဘာသာစကားများဖြင့် ဘာသာပြန်ဆို၍ ဖြန့်ဝေသွားမည်ဟု သိရသည်။

ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ မယ်လဒုက္ခသည်စခန်းတစ်နေရာကို ၂၀၁၂ ခုနှစ်အတွင်းတွေ့ရပုံ။ (ဓာတ်ပုံ − AFP)

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ထိစပ်နေသည့် ဆီဆကတ်ခရိုင်မှ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ ထိုင်းလုပ်ငန်းရှင်များက  ကရင်ဒုက္ခသည်များကော်မတီ(KRC) နှင့် တွေ့ဆုံ၍ ဒုက္ခသည်တို့ကို အလုပ်ခန့်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း  စောပွယ်စေးက ပြောသည်။ 

စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် ဆီဆကတ်ခရိုင် တစ်ခုတည်းအတွက် လုပ်သားလိုအပ်ချက် ၃၂,၀၀၀ ဝန်းကျင်ရှိကြောင်း သူက ပြောသည်။

“သို့သော်လည်း အလုပ်ထွက်လုပ်ခွင့်ရတဲ့အရာက သူတို့ခေါ်တဲ့ ဆီစကစ်ခရိုင် တစ်ခုတည်းတော့ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာ အလုပ်ရှင်တွေက လိုအပ်မယ်ဆိုရင် သွားလုပ်လို့ရတယ်။ အဲ့ဒီ ကမ္ဘောဒီးယား အလုပ်သမားတွေ ထွက်သွားလို့ သွားဖြည့်စွက်ရတာတော့ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ထိုင်းအစိုးရကနေပြီးတော့ သေသေချာချာလေး လုပ်ထားပေးတာရှိတယ်” ဟု သူက ပြောသည်။ 

ဒုက္ခသည်တို့သည် တရားဝင်အလုပ်လုပ်ခွင့်၊ တတိယနိုင်ငံများတွင် အခြေချခွင့်၊ ထိုင်းစာသင်ကြားခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် သွားလာခွင့်များရရှိရန် မျှော်မှန်းခဲ့ကြသည်။ ယခုအခါ ထိုင်းအစိုးရက အလုပ်လုပ်ခွင့် ပေးလိုက်ချိန်တွင် ထိုအခွင့်အရေးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူသင့်ကြောင်း သူက ပြောသည်။

နိုင်ငံအများအပြားတွင် အခက်အခဲအကျပ်အတည်းများ လျော့ပါးလာခြင်းမရှိဘဲ ပို၍ပင် ကြီးမားလာနေရာ ကူညီထောက်ပံ့မှုများ ဖြတ်တောက်ခံနေရသည့် ဒုက္ခသည်များအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ပိုအရေးကြီးလာကြောင်း သူက ဆိုသည်။

အာဏာရှင် စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံတွင် စစ်ပွဲများဆက်တိုက်ဖြစ်နေရာ စစ်ရှောင်များသည် ပြည်တော်ပြန်မဝင်နိုင်ဘဲ ထိုစခန်းများတွင် နှစ်ပေါင်းများစွာ သောင်တင်နေခဲ့ကြသည်။

ထိုင်းအစိုးရက ၎င်းတို့ကို နားလည်ပေးပြီး ခိုလှုံခွင့်လည်းပေးထားကာ ၎င်းတို့ရပ်တည်ရှင်သန်ရေးအတွက် ကူညီမည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း စခန်းတွင်း ဝင်ရောက်ခွင့် ပေးထားသည်။ နိုင်ငံအများစုက ယာယီအထောက်အပံ့နှင့် အရေးပေါ်အကူအညီများသာ ပေးလေ့ရှိသော်လည်း ရေရှည်ထောက်ပံ့သူအဖြစ် အမေရိကန်တစ်နိုင်ငံတည်းက စာနာမှုအကူအညီများ နှစ်ပေါင်း ၅၀ ကျော်ကြာ ပေးခဲ့သည်။ 

အမေရိကန်တွင် ဒေါ်နယ်ထရမ့် သမ္မတအာဏာရလာပြီးနောက် ပြည်ပအကူအညီများရပ်လိုက်ရာ ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းတို့ကို ကူညီထောက်ပံ့မှုလည်း အကြီးအကျယ် ထိခိုက်သွားသည်။

ထိုစခန်းအားလုံးအတွက် ကူညီထောက်ပံ့မှု ၆၀ ရာခိုင်နှုန်းကို အမေရိကန်က ပေးခြင်းဖြစ်ပြီး  ထရမ့် တက်လာပြီးနောက်   ဩဂုတ်လနှင့် စက်တင်ဘာလအတွက် စားနပ်ရိက္ခာ လျှော့ချခံရကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။

ဒုက္ခသည်စခန်း ကိုး ခုလုံးအတွက် ကူညီထောက်ပံ့မှု ၆၀ ရာခိုင်နှုန်းကို အမေရိကန်က ပေးခြင်းဖြစ်ပြီး သမ္မတထရမ့်တက်လာပြီးနောက် အကူအညီများဖြတ်တောက်ခံခဲ့ရသည်။ (ဓာတ်ပုံ – TBC)

ဒုက္ခသည်များကို Standard(သာမန်)၊ Vulnerable(လိုအပ်သူ) , Most vulnerable(အထူးလိုအပ်သူ) စသဖြင့် ခွဲခြားသတ်မှတ်ထားသည်။ စားနပ်ရိက္ခာအထောက်အပံ့အဖြစ် သာမန်အုပ်စုဝင် တစ်ဦးသည် တစ်လလျှင်     ဘတ် ၃၀၀၊ လိုအပ်သူအဖြစ် သတ်မှတ်ခံရသူသည် ဘတ် ၃၆၀ ရရှိပြီး အထူးလိုအပ်သူကို ဘတ် ၄၀၀ ကျော် ပေးသည်။

ဒုက္ခသည် ၈၀ ရာခိုင်နှုန်းသည် သာမန်အုပ်စုဝင်ထဲတွင် အကျုံးဝင်ပြီး ကျန် ၂၀ ရာခိုင်နှုန်းသည် လိုအပ်သူနှင့် အထူးလိုအပ်သူများဖြစ်သည်။ လက်ရှိတွင် သာမန်အုပ်စုဝင် ဒုက္ခသည်များသည် လစဉ်ရရှိနေကျ ဘတ် ၃၀၀ ထောက်ပံ့မှုလည်း ဖြတ်တောက်ခံထားရသည်ဟု သိရသည်။ 

ထောက်ပံ့မှုရပ်သွားပြီးနောက် နီးစပ်ရာမိတ်ဆွေများထံက  အကြွေးယူစားသောက်နေရပြီး အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်နေလျှင် ရေရှည်တွင် အခက်အခဲပိုကြုံတွေ့ရဖွယ်ရှိကြောင်း မယ်ဟောင်ဆောင်ခရိုင်ထဲရှိ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ အထက်ပါ ကရင်နီဒုက္ခသည် အမျိုးသားက ပြောသည်။ 

တစ်နေ့တာ လုပ်အားခ ဘတ် ၃၀၀ ကျော် ပေးရန် ဥပဒေ ပြဌာန်းထားသည့် ထိုင်းနိုင်ငံတွင် ဒုက္ခသည်တို့က  အလုပ်ထွက်လုပ်ရန် မျှော်မှန်းနေကြပြီး လက်ရှိတွင် စားနပ်ရိက္ခာအတွက် ပူပန်နေရသလို အရေးပေါ်ကျန်းမာရေးအတွက် ကုသစရိတ်မရှိ၍ အသက်ပေးရမည့်အခြေအနေဆိုက်နေသည်ဟု သူက ပြောသည်။

“အသည်းအသန်ဖြစ်မယ်ဆိုရင် မြို့ထဲသွား ဆေးကုသ စရိတ်က အနည်းဆုံး တစ်ဝက်ပေးနေရတယ်။ တကယ်လို့ ပိုက်ဆံမရှိရင် မပေးနိုင်တော့ဘူးလေ။ မပေးနိုင်တော့တဲ့ အတွက်ကြောင့် တော်ရုံတန်ရုံဆိုရင် ဆေးရုံ မသွားချင်ကြတော့ဘူးပေါ့နော်။ ကြိတ်မှိတ်ခံစားပြီးတော့ အသက်ဆုံးရှုံးတာပဲပေါ့” ဟု သူက ပြောသည်။ ဒုက္ခသည်များအနက် အလုပ်လုပ်နိုင်သူအရေအတွက်မှာ ၂၀ ရာခိုင်နှုန်းကျော်သာရှိပြီး ၎င်းတို့က ကျန်သည့် ၈၀ ရာခိုင်နှုန်းသော မှီခိုသူမိသားစုဝင်များကို ထောက်ပံ့ရန် ခက်ခဲနိုင်ကြောင်း၊ လုပ်အားများသည့် မိသားစုအတွက်မူ အဆင်ပြေနိုင်ကြောင်း သူက ဆိုသည်။ 

၂၀၁၀ အောက်တိုဘာလက ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မယ်လဒုက္ခသည်စခန်းတွင် တွေ့ရသော ကျောင်းသူကျောင်းသားများ။ (ဓာတ်ပုံ – EPA)

ယခုအခါ အလုပ်လုပ်ခွင့်ပြုမည်ဖြစ်၍ အတိုင်းအတာတစ်ခုအထိ အသက်ရှုပေါက် ရလာနိုင်သော်လည်း စခန်းများကို ကူညီနေမှုများ လုံးဝရပ်ပစ်၍ မဖြစ်ကြောင်း၊ ရေရှည်တည်တံ့ရေး နည်းလမ်းများ ဆက်လက်ရှာဖွေ စဉ်းစားရဦးမည်ဖြစ်ကြောင်း ဒုက္ခသည်များက ဆိုသည်။

ယခုအစီအစဉ်သည် ရေရှည်အခွင့်အလမ်းဖြစ်မည်ဟု မျှော်လင့်ကြောင်း ထိုင်းတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က မှတ်ချက်ပြုသည်။

“တခြားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒုက္ခသည်ကနေ ရွှေ့ပြောင်းအလုပ်သမားဖြစ်မယ့် မြန်မာနိုင်ငံသားတွေက အခက်အခဲပြဿနာနဲ့ ကုန်ကျစရိတ်နည်းမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ပြောသည်။ 

အလုပ်သမားအရေး၊ ဒုက္ခသည်များအရေးဆောင်ရွက်သူတို့က စောင့်ကြည့်ကူညီရန် လိုအပ်ကြောင်း၊ ယခုအစီအစဉ်ကြောင့် ဒုက္ခသည်မိသားစုဝင်များ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး တချို့ ရလာမည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။ 

အခက်အခဲကြုံနေချိန် ထိုင်းအစိုးရ၏ သမိုင်းဝင်ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နှင့် အခြားသော အဖွဲ့အစည်းများက ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

Related Articles

Back to top button