ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေနှင့် ပယင်းမှော်များရှိရာဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်တပ်က သိမ်းထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စခန်းနှစ်ခုကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်တွင် စစ်ကော်မရှင်တပ်နှင့် ဒေသအခြေစိုက် ပြည်သူ့စစ်တို့ ပူးပေါင်းအဖွဲ့သည် တနိုင်းမြို့နယ် ရွှေမှော်များနှင့် ပယင်းမှော်များရှိရာ ဒေသများကို ထိုးစစ်ဆင်ခဲ့သည်။ ထို့နောက် KIA တပ်မဟာ(၂) တပ်ရင်း ၁၄ နယ်မြေအတွင်းရှိ အွယ်လောစခန်းနှင့် နတ်ရေကန်တောင်မှ ကာကင်းစခန်းတစ်ခုတို့ကို KIA က လက်လွှတ်ခဲ့ရသည်။
ထိုစခန်းနှစ်ခုနှင့်အတူ ရွှေမှော်၊ ပယင်းမှော်ဒေသအချို့ကို KIA က လက်လွှတ်ခဲ့ရပြီး အဆိုပါ မှော်ဒေသများမှ ဒေသခံများနှင့် ရွှေတူးဖော်သူများအားလုံးကို စစ်ကော်မရှင်တပ်က ထွက်ခွာခိုင်းခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၂၆ ရက်တွင် အဆိုပါ ဒေသသို့ KIA က အင်အားထပ်မံဖြည့်တင်း၍ ထိုးစစ်ဆင်ခဲ့ရာ လက်လွှတ်ခဲ့ရသည့် စခန်းနှစ်ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KIA မြေပြင်တပ်များနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“(KIA)ရင်း ၁၄ နယ်မြေ နတ်ရေကန်တောင် ကာကင်းစခန်းပြန်ရပြီ။ နေရာနှစ်ခုပါ ဆက်ထိုးနေကြတယ်။ ဆက်တိုက်နေကြတယ်။ နှစ်ဖက်ထိတွေ့နေကြတုန်းပဲ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
တနိုင်းမြို့ အနောက်ဘက်ရှိ တိုက်ပွဲဖြစ်ပွားရာ အဆိုပါ နယ်မြေတွင် KIA က ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများအပြင် လေကြောင်းကပါ အပြင်းအထန် ခုခံနေသည်ဟု သိရသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း တနိုင်းဒေသစစ်ရေး ဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။
“တိုက်ပွဲကတော့ ဆက်ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာက အတည်ပြုပါတယ်။ စခန်းတွေရတာကတော့ မသိရသေးဘူး ရတော့ရမှာပါ။ ကျွန်တော်တို့ဆီကို အတည်မပြုသေးတာနေမှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရွှေနှင့် သဘာဝ ပယင်းကျောက်များ ထွက်ရှိသည့် အဆိုပါ ဒေသကိုထိန်းချုပ်နိုင်ရန် စစ်တပ်က ကြိုးစားနေခြင်းသည် ၎င်းတို့၏ အခိုင်အမာစခန်းများကို ပြန်ရလိုခြင်းအပြင် သယံဇာတများမှ ရရှိမည့် အကျိုးစီးပွားကို ထိန်းရန်ကြိုးစားနေခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အရင်က သူတို့ စခန်းတွေထိုင်ထားတဲ့ နေရာကြီးတွေဖြစ်တယ်ဆိုတော့ စခန်းတွေပြန်ရဖို့ အင်နဲ့အားနဲ့ ထိုးတာလည်းဖြစ်နိုင်တယ်။ နောက် အဲဒီမှာ ပယင်းမှော်တို့ ရွှေမှော်တို့လည်း အများကြီးရှိပါတယ်။ ဆိုတော့ ဝင်ငွေအတွက် ထိုးစစ်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။ ပယင်းမှော်တို့ ရွှေမှော်တို့ အားလုံးကို သူတို့ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်၏ ထိုးစစ်စတင်သည့် ဒီဇင်ဘာလမှစတင်ကာ ရွှေမှော်များအတွင်းရှိ ဒေသခံများ၊ ရွှေတူးဖော်သည့် လုပ်သားများ၊ လုပ်ငန်းရှင်များအားလုံးကို ထွက်ခွာခိုင်းခဲ့သည့်အတွက် လုပ်ငန်းများအားလုံး ရပ်ဆိုင်းပြီး ထောင်နှင့်ချီသည့် ဒေသခံများနှင့် ရွှေလုပ်သားများသည် တနိုင်းမြို့ပေါ်တွင် သွားရောက် နေထိုင်ကြရသည်။
စစ်တပ်က အဆိုပါ ရွှေမှော်များအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ပါက ရွှေလုပ်ငန်းရှင်များကို လုပ်ငန်းများ ပြန်ချထားပေးနိုင်ကြောင်း ဒေသခံများနှင့် KIA က ခန့်မှန်းထားသည်။
လတ်တလောတွင် ရွှေလုပ်သားများအပြင် ရွှေလုပ်ငန်းကို မှီခိုပြီး ရပ်တည်နေကြသည့် အထွေထွေလုပ်သားများနှင့် ဈေးသည်များပါမကျန် စားသောက်ရေးနှင့် နေထိုင်ရေးအတွက် အခက်တွေ့နေကြသည်ဟု သိရသည်။
အလားတူ ဝိုင်းမော်မြို့နယ်တွင်လည်း ဇန်နဝါရီလ လဆန်းပိုင်းမှစတင်ကာ စစ်တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေသည်။ ဝိုင်းမော်မြို့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ စစ်တပ်ထံ လက်လွှတ်ခဲ့ရသည့် စခန်းငယ်အချို့ကိုလည်း ပြီးခဲ့သည့် ရက်များအတွင်း ပြန်လည်သိမ်းပိုက်နိုင် ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“အဲဒီဘက် ချောင်းလေးတစ်ကြောမှာရှိတဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်တာကြားရပါတယ်။
တချို့စခန်းတွေကတော့ ကျွန်တော်တို့ ပြန်ရပြီဆိုတဲ့ သတင်းလည်းရပါတယ်။ (စစ်တပ်)သူတို့လည်း လက်လွှတ်ရပြီးတော့ စစ်ကြောင်းတွေကတော့ ရောက်တဲ့နေရာမှာ ခြေကုပ်နေတယ်ဆိုတဲ့ သတင်းရပါတယ်” ဟု ပြောသည်။
တစ်နှစ်ကျော်ကြာမြင့်လာသည့် ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗန်းမော်မြို့မှ မိုးမောက်မြို့သို့သွားသည့်လမ်း ဗန်းမော်မြို့အထွက်တွင် တိုက်ပွဲပိုမိုပြင်းထန်နေသည်ဟု သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်တစ်ခုလုံး၌ တနိုင်း၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
ဇန်နဝါရီလ ၂၅ ရက်က KIA ထိန်းချုပ်ထားသည့် အင်းတော်ကြီးကန် မြောက်ဘက်ရှိ ချောင်းဝရွာနှင့် အင်းတော်ကြီးကန် အနောက်ဘက် ၁၈ မိုင်ခန့်အကွာရှိ တုံပင်ရွာတို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါ ရွာများမှ တိုက်နယ်ဆေးရုံနှစ်ရုံ ထိမှန်ပျက်စီးခဲ့သည်။
ပြီးခဲ့သည့်နှစ် မတ်လမှ စတင်သည့် ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA သည် ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။



