မန္တလေးတိုင်းအတွင်း ပြန်လည်သိမ်းပိုက်ရန် ကျန်ရှိနေသည့် တစ်ခုတည်းသောမြို့ဖြစ်သော တကောင်းကို စစ်ကော်မရှင်တပ်က အင်အားသုံး ထိုးစစ်ဆင်နေရာ တွင်းငယ်ရွာ၏ မြောက်ဘက် သုံးမိုင်နီးပါးအကွာမှ ကျေးရွာတစ်ရွာကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မန္တလေး- ဗန်းမော်ကားလမ်းမပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးအရ အချက်အချာကျသည့် သပိတ်ကျင်းမြို့နယ်၊ ရှားတောရွာကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဒရုန်းများဖြင့် ထိုးဖောက်သလို မြေပြင်စစ်ကြောင်းထိုး၍ သိမ်းပိုက်သွားခြင်း ဖြစ်သည်ဟု ထိုဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်တွင် Myanmar Now ကို ပြောထားသည်။
စစ်ကော်မရှင်တပ်သည် သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာဘက်မှတဆင့် မြောက်ဘက် သုံးမိုင်နီးပါး အကွာ ရှားတောရွာကို သိမ်းပြီးနောက် အထက်ဘက် ၁၀ မိုင်ခန့်အကွာ ကြာညှပ်ရွာဘက်ကို တိုးလာနေသည်ဟု အထက်ပါ စစ်ရေးရင်းမြစ်က ဆိုသည်။
“တွင်းငယ် တတက ၁၃ ဘက်က စထိုးလာတဲ့စစ်ကြောင်းက ကြာညှက်ဘက်ကို ဇွတ်တိုးနေတာ။
လောလောဆယ် ရှားတောရွာ ပေးလိုက်ရပြီ”ဟု ထိုသူက ဆက်ပြောသည်။
အဆိုပါထိုးစစ်ဆင်မှုတွင် ဒရုန်းနည်းပညာကိုသာ အထူးပြု၍ ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်း အမျိုးသားက ဆိုသည်။
“သူတို့က ဒရုန်းတွေ မတရားသုံးသွားတယ်။ဒရုန်းတွေနဲ့ လာသမျှကားတွေရော ဖြတ်တိုက်တယ်။ နောက် ကားတွေကို ပြန်လာတင်တဲ့ ကရိန်းကားတွေကိုလည်း ဒရုန်းနဲ့ပဲပြန်ဖိုက်တယ်။ဘယ်လိုမှ လမ်းကြောင်း ဖောက်လို့မရဘူးဖြစ်နေတယ်။ တိုက်ပွဲကတော့ တော်တော်ကြမ်းနေတယ်”ဟု ဆိုသည်။
စစ်တပ်သည် ယခုလ ၆ ရက်နေ့မှစတင်ကာ သပိတ်ကျင်းမြို့နယ်၊ အိမ်ခြေထောင်ဂဏန်းရှိသော တွင်းငယ်ကျေးရွာအနီး အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) မှ စတင်ကာ အင်အားအလုံးအရင်းဖြင့် မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှ တကောင်းမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ရှားတောကျေးရွာကိုသိမ်းပိုက်ပြီး ထိုရွာတွင် အထိုင်ချတပ်စွဲ၍ ဆက်လက်စစ်ကြောင်းထိုးနိုင်ရန် ပြင်ဆင်မှုများလုပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိ ရှားတောရွာသည် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြကာ အေးချမ်းသောကျေးရွာတစ်ရွာဖြစ်သော်လည်း ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် ဒေသတွင်းတိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာမှုကြောင့် စစ်ဘေးဒဏ် ရင်ဆိုင်ခဲ့ရသည်။
စစ်တပ်က ရှားတောကျေးရွာအပါအဝင် အနီးရှိကျေးရွာများကို ဒရုန်းဖြင့်တိုက်ခိုက်နေရာ နေအိမ်များ မီးလောင်ဆုံးရှုံးမှုများရှိနေပြီး ဒေသခံထောင်နှင့်ချီ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
တကောင်းမြို့အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၏ မန္တလေးခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင် တပ်ရင်းများ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပါအဝင် အဖွဲ့ပေါင်းများစွာက ခုခံတိုက်ခိုက်နေကြသည်။
“တကောင်းမှာတော့ လက်ရှိအနေအထားက ကိုယ့်ဘက်က ထိုင်ထားတာတွေအများကြီးရှိတယ်။ တကောင်းကတော့ ပါတော့ မပါနိုင်ဘူး။ အပါလည်းမခံနိုင်ဘူး”ဟု မြေပြင်စစ်ရေးရင်းမြစ်နောက်တစ်ဦး က ပြောသည်။
စစ်တပ်ဝါဒဖြန့်သူများကမူ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် တကောင်းမြို့နယ်အတွင်း ရှားတော၊ ဗနွဲ့နှင့် ဒေါင်းပုန်းကျေးရွာများအား အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီးကြောင်း ဓာတ်ပုံများနှင့်တကွ ယနေ့ ဖော်ပြနေကြသည်။
ရှားတောရွာနှင့်မလှမ်းမကမ်းရှိ ဗနွဲ့နှင့် ဒေါင်းပုန်းရွာများသည် တွင်းငယ်- မိုးမိတ်လမ်းပေါ်တွင် တည်ရှိသော ကျေးရွာများဖြစ်ကြသည်။ ထိုရွာများကိုဖြတ်သန်းပြီးမှသာ တကောင်းမြို့နယ်နိမိတ်ထဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး တကောင်းနယ်နမိတ်အစတွင် ပေါက်တပင်၊ ဝါးရုံကုန်း၊ ကြာညှပ်စသော ရွာကြီးများအပါအဝင် ကျေးရွာအများအပြား တည်ရှိကြသည်။
မန္တလေး- သပိတ်ကျင်း- ထီးချိုင့်- ဗန်းမော်လမ်းပေါ်တွင်ရှိသည့် တကောင်းမြို့ကို NUG တပ်များက၂၀၂၄ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး ဧရာဝတီမြစ်၏အရှေ့ဘက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည် စိုက်ပျိုးရေး၊မွေးမြူရေးဖြင့်အသက်မွေးကြသောမြို့ ဖြစ်သလို ရှေးခေတ် မြို့ရိုးဟောင်းများ၊ စေတီဟောင်းများနှင့် ရှေးဟောင်းသမိုင်းများကြောင့် ထင်ရှားသည်။
အဆိုပါ တကောင်းဒေသနှင့်မလှမ်းမကမ်း ထီးချိုင့်မြို့နယ်အတွင်း လက်ရှိအချိန်ထိ NUG တပ်များ သိမ်းပိုက်ထားသည့် တကောင်းနီကယ်သတ္တုတွင်းလည်း တည်ရှိသည်။
ဧရာဝတီမြစ်ကမ်းဘေး၊ နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် မတ္တရာတို့တွင် စစ်တပ်က မြေပြင်ထိုးစစ်ဖြင့် ထိုးဖောက်ဝင်ရောက်ရာ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် နည်းပညာမြင့် ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်၍ သိမ်းပိုက်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” တွင် တော်လှန်ရေးအင်အားစု၏ ဒရုန်းစွမ်းရည် အားသာချက်ကြောင့် ရှမ်းမြောက် တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသော စစ်တပ်သည် ၎င်းတို့၏ဒရုန်းနည်းပညာကို ပြန်လည်အဆင့်မြှင့်တင်ခဲ့ပြီး စစ်မျက်နှာပြင် အသီးသီးတွင် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။




