အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တကောင်းမြို့အနီးထိ စစ်တပ်ရောက်လာ၊ တိုက်ပွဲပြင်းထန်နေ

တကောင်းမြို့ကို စစ်တပ်က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၆ ရက်မှ စတင်၍ ထိုးစစ်ဆင်နေပြီး တစ်လအကြာ မတ်လ ၆ ရက်နေ့တွင် တကောင်းမြို့နှင့် ခြောက်မိုင်အကွာ ရေယာဉ်ရွာအထိ ထိုးဖောက်နိုင်လာပြီး သုံးရက်အကြာ ယနေ့ (မတ်လ ၉ ရက်)တွင် နှစ်မိုင်ကျော် အကွာထိ စစ်တပ်ရောက်ရှိလာသည်ဟု ထိုဒေသအခြေစိုက်စစ်ရေးရင်းမြစ် တစ်ဦးက Myanmar Now ကိုပြောသည်။

မန္တလေးတိုင်းအတွင်း  တော်လှန်ရေးထိန်းချုပ်မြို့အဖြစ် တစ်ခုတည်းသောကျန်သည့် မြို့ဖြစ်သော တကောင်းမြို့ကို စစ်တပ်ကအင်အားသုံး ထိုးစစ်ဆင်နေရာ မြို့အနီးထိ စစ်တပ်ရောက်လာပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရှိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေး-ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ရေးအရအချက်အချာကျသည့် တကောင်းမြို့ကို စစ်တပ်က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၆ ရက်မှ စတင်၍ ထိုးစစ်ဆင်နေပြီး တစ်လအကြာ မတ်လ ၆ ရက်နေ့တွင် တကောင်းမြို့နှင့် ခြောက်မိုင်အကွာ ရေယာဉ်ရွာအထိ ထိုးဖောက်နိုင်လာပြီး သုံးရက်အကြာ ယနေ့ (မတ်လ ၉ ရက်) တွင် နှစ်မိုင်ကျော်အကွာထိ စစ်တပ်ရောက်ရှိလာသည်ဟု ထိုဒေသအခြေစိုက်စစ်ရေးရင်းမြစ် တစ်ဦးက Myanmar Now ကိုပြောသည်။

“သူတို့စစ်ကြောင်းနှစ်ကြောင်းဘယ်ညာခွဲထိုးနေတယ်။ရေယာဉ်(ရွာ) ကို ကျော်လာပြီး သူတို့ထိုးလာတာ တကောင်းနဲ့ဘာမှမဝေးတော့ဘူး။ နှစ်မိုင်ကျော်လောက်အကွာထိ ရောက်နေပြီ။ မြစ်ကြောင်းအနောက်ဘက်က နေလည်း ဒရုန်းတွေနဲ့တောက်လျောက်ပစ်နေတာ”ဟု စစ်ရေးရင်းမြစ်ကပြောသည်။

မန္တလေးမြို့၏မြောက်ဘက် စစ်ရှုံးနယ်မြေများဖြစ်သည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကော်မရှင်သည် ဖေဖော်ဝါရီလဆန်းမှစ၍ တကောင်းမြို့၏တောင်ဘက် မိုင်(၃၀)အကွာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီး             တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက၁၃)မှ စထွက်လာပြီး အင်အားအလုံးအရင်းဖြင့် မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် တကောင်းမြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

အဆိုပါထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်နေပြီး တစ်လအတွင်းတွင် ရှားတောကျေးရွာအပါအဝင် ရွာပေါင်း ၁၀ ရွာခန့်ကို တော်လှန်ရေးတပ်တို့ ဆက်တိုက် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

စစ်တပ်ဝါဒဖြန့်သူများ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် သပိတ်ကျင်းမြို့နှင့် တကောင်းမြို့နယ်စပ် သပိတ်ကျင်းမြို့နယ်မှ ရှားတော၊ ဗနွဲ့နှင့် ဒေါင်းပုန်း စသောကျေးရွာများကို စစ်တပ်က ထိန်းချုပ်ခဲ့သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊မန္တလေး-ဗန်းမော်ကားလမ်းမပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့်စစ်ရေးအရ အချက်အချာကျသည့် ရှားတောရွာသည် အိမ်ခြေ၄၀၀ ဝန်းကျင်ရှိပြီး စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့် အေးချမ်းသောကျေးရွာတစ်ရွာဖြစ်သည်။

ရှားတောရွာနှင့်မလှမ်းမကမ်းဖြစ်သော ဗနွဲ့နှင့် ဒေါင်းပုန်းရွာများသည် တွင်းငယ်- မိုးမိတ်လမ်းပေါ်တွင် တည်ရှိသော ကျေးရွာများဖြစ်ကြသည်။

ထိုရွာများကို ဖြတ်သန်းပြီးစစ်တပ်သည် တကောင်းမြို့၏နယ်နိမိတ်ထဲ ဝင်ရောက်သွားပြီး မတ်လ ၃ ရက်နေ့တွင် တကောင်းမြို့တောင်ဘက် ၁၂ မိုင်ကျော်အကွာမှ မင်းကုန်းရွာ၊ ထိုမှ နှစ်မိုင်ကျော်အကွာမှ လက်ပန်ကုန်းရွာ၊ လက်ပန်ကုန်းရွာ မြောက်ဘက်သုံးမိုင်ကျော်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဘေးမှ ရေယာဉ်ရွာတို့ကို မတ်လ ၆ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်ရွာအထက်ဘက်တွင် ဝဲကြီး၊ မကျီးကုန်း၊ ဆင်ညှပ်ကုန်း၊ ဖုန်ကုန်း၊ ညောင်လေးပင် စသောကျေးရွာများရှိပြီး ထိုမှမိုင်အနည်းငယ်အကွာ မြောက်ဘက်တွင် တကောင်းမြို့တည်ရှိသည်။

“အခြေအနေကတော့ မကောင်းဘူး။တဖြည်းဖြည်းဆုတ်ပေးနေရတာ။လက်လွှတ်ရဖွယ်ရှိလားဆိုတော့ ရှိနိုင်တယ်လို့ပဲပြောရမှာပဲ”ဟု မန္တလေးတိုင်း အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း မှတ်ချက်ပြုသည်။

ထိုသို့တကောင်းမြို့ကို ဦးတည်ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်သည် မြေပြင်စစ်ကြောင်းများမရောက်မီ ကျေးရွာများကို ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများသေဆုံးမှုများရှိနေပြီး၊

 သပိတ်ကျင်း- တကောင်းလမ်းပိုင်းပေါ်ရှိကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

လက်ရှိတွင် တကောင်းမြို့အား NUGလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မန္တလေးခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင်(PDF)တပ်ရင်းများ ၊နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့       (ပကဖ)များ အပါအဝင် အဖွဲ့ပေါင်းများစွာက ခုခံတိုက်ခိုက်နေကြသည်ဟု သိရသည်။

“လက်ရှိအထိကတော့မကျသေးဘူးဗျ။ ကိုယ့်ဘက်ကလည်း အင်အားတွေဖြည့်ပြီး ကာချနေပါတယ်”ဟု စဉ့်ကူးမြို့နယ်မှ စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ယနေ့(မတ်လ ၉ ရက်)တွင် Myanmar Now ကိုပြောသည်။

တကောင်းမြို့သည် မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့်၁၂၇မိုင် ကွာဝေးသည်။သပိတ်ကျင်းမြို့နှင့် ၄၈ မိုင်ဝေးပြီး ဧရာဝတီမြစ်ကမ်းမြို့ဖြစ်သည့် တကောင်းမြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဝင်ပေါက်နေရာဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည်။

စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်းတို့ဖြင့်အသက်မွေးကြသောမြို့ဖြစ်ပြီး ရှေးခေတ် မြို့ရိုးဟောင်းများ ၊စေတီဟောင်းများနှင့်ရှေးဟောင်းသမိုင်းများကြောင့် ထင်ရှားသည့်မြို့ဖြစ်သော တကောင်းမြို့နှင့်မလှမ်းမကမ်းတွင် NUG က လက်ရှိအချိန်ထိ သိမ်းပိုက်ထားသည့် တကောင်းနီကယ် သတ္တုတွင်းလည်း တည်ရှိသည်။

Related Articles

Back to top button