အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဟာမိတ် TNLA နယ်မြေများသို့ ကုန်စည်သယ်ယူခွင့်ကိုးကန့်တပ်ပိတ်ပင်  

ကိုးကန့်တပ် MNDAA သည် TNLA နယ်မြေများသို့ စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ အပါအဝင် မည်သည့်ကုန်စည်မျှ တင်ပို့ခွင့်မပြုဟု ဒေသခံတို့ကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့သည့် နှစ်ဖက်တပ်များအကြား တင်းမာမှုများအပြီး ကိုးကန့်တပ် (MNDAA) သည်  ၎င်းတို့နယ်မြေများမှတဆင့် မဟာမိတ်တအာင်းတပ် TNLA နယ်မြေများသို့ ကုန်စည် သယ်ယူပို့ဆောင်ခွင့်ကို ယခုလ ၈ ရက်နေ့မှ စတင်၍ ပိတ်ပင်တားဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော လားရှိုးမြို့ကို စစ်တပ်နှင့်အတူ တစ်ဝက်စီ ထိန်းချုပ်ထားသည့် ကိုးကန့်တပ် MNDAA သည် TNLA နယ်မြေများသို့ စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ အပါအဝင် မည်သည့်ကုန်စည်မျှ တင်ပို့ခွင့်မပြုဟု ဒေသခံတို့ကဆိုသည်။

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်နှင့် နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့များသို့ မြန်မာနိုင်ငံအလယ်ပိုင်းမှ ကုန်စည်ပို့ဆောင်ရန် လားရှိုးမြို့မှ စစ်တပ်နှင့် MNDAA ဂိတ်စခန်းများအား ဖြတ်သန်းရန် လိုအပ်သည်။ ကုန်တင်ပို့ရန်လာသည့် ကားများအား လားရှိုးနှင့် ၁၀ မိုင်ခန့်အကွာ အီနိုင်းရွာမှ စတင်၍ ကိုးကန့်တပ်က ပိတ်ဆို့ထားသည်ဟု ဒေသခံများက ပြောသည်။

“(ကွတ်ခိုင်ဘက်ကို) ရေသန့်တစ်ကတ်တောင် ပေးမသယ်ဘူး” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကုန်တင်လာတဲ့ ကားမှန်သမျှ ရွာထဲက ဘောလုံးကွင်းထဲမှာ စစ်တယ်။ အခုက လုံးဝ ပေးမသွားဘူး။ ဆန်၊ ဆီကအစ ဘာမှ ပေးမသယ်ဘူး” ဟုလည်း နမ္မတူမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင် ၂၀၂၄ ခုနှစ် အတွင်းက TNLA သိမ်းပိုက်ခဲ့သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များကို စစ်တပ်က ၂၀၂၅ ခုနှစ် တွင် ပြန်လည်သိမ်းပိုက်ခဲ့ပြီး သီပေါတံတားမှတဆင့် TNLA နယ်မြေများသို့ ကုန်စည်သယ်ဆောင်ခွင့်ကို ပိတ်ထားသည်။ 

စစ်တပ်နှင့်ဆက်ဆံရေးတင်းမာနေသည့် TNLA တို့အတွက် မဟာမိတ် ကိုးကန့်တပ်၏ ကုန်စည်ပိတ်ဆို့မှုနှင့်ပါ ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။

TNLA နှင့် MNDAA တို့သည် မြန်မာစစ်တပ်ကို သမိုင်းတစ်လျောက် အကြီးကျယ်ဆုံး စစ်ရေးခြိမ်းခြောက်နိုင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အာရက္ခတပ်တော်  AA နှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ကတည်းက လက်တွဲတိုက်ခိုက်နေကြသည့် မဟာမိတ်တပ်များဖြစ်သည်။ 

TNLA နှင့် MNDAA နှင့် ပူးတွဲအုပ်ချုပ်ရေး ထူထောင်ထားသည့် ကွတ်ခိုင်မြို့တွင် MNDAA က စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့သည်ကို မကျေမလည်ဖြစ်ခဲ့ကြပြီးနောက် မဟာမိတ်နှစ်ဖွဲ့အကြား ဆက်ဆံရေးတင်းမာလာသည်။

နှစ်ဖက်တပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီးနောက် မြို့ ပေါ်ရပ်ကွက်များရှိ ကိုးကန့် (MNDAA) တပ်ဖွဲ့ရုံးများအား တအာင်းတပ် (TNLA) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အင်အားသုံးဖယ်ရှားခဲ့သည်။

ယမန်နေ့ ညနေပိုင်းတွင် ခရီးသွားကားများကိုပါ ကိုးကန့်တပ်ဖွဲ့က ယာယီ တားမြစ်ခဲ့ပြီး ကွတ်ခိုင်နှင့် ၁၀ မိုင် အကွာ မန်ပြိန်းရွာတွင် စစ်အင်အားများ ဖြည့်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ကွတ်ခိုင်မြို့အထွက် လွိုင်ဆမ်ဆစ် တောင်ခြေ တဝိုက်တွင် ကိုးကန့်နှင့် တအာင်းတပ်တို့ အပြန်အလှန် စစ်အင်အားဖြည့်နေပြီး စစ်ရေးတင်းမာနေ၍ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

ကိုးကန့်တပ်ဖွဲ့ဘက်မှလည်း TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ပြီး TNLA တပ်ဖွဲ့ ဝင်များအား ဖမ်းဆီး၍ လက်နက်များ ဖြုတ်သိမ်းခဲ့သည်။

အောက်ခြေတပ်ဖွဲ့ဝင်များကြား တင်းမာမှု ပိုမိုမြင့်မားလာပြီးနောက်တွင် ကိုးကန့်တပ်ဖွဲ့ဘက်မှ TNLA တပ်ဖွဲ့ ထိန်းချုပ်သည့် မြို့များအား စက်သုံးဆီနှင့် စားနပ်ရိက္ခာများ ဖြတ်တောက်လိုက်သည်။

ကိုးကန့်တပ်၏ စားနပ်ရိက္ခာဖြတ်တောက်မှုကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း တရုတ်ကုန်များကိုသာ ဦးစားပေးနေရသည်ဟု မြို့ခံတို့က ဆိုသည်။

“ဓာတ်ဆီက နမ့်ခမ်းကနေ ရနေတော့ တော်သေးတယ်။ အောက်ဘက်ကနေတော့ ဆန်တို့ စားသောက်ကုန်တို့ တက်မလာတော့ ရှိတာပဲထိန်းရောင်းနေကြရတယ်။ ရေရှည်ပိတ်ခံရရင်တော့ မြို့ခံတွေအတွက် မလွယ်ဘူး” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောသည်။

နမ္မတူနှင့် နမ့်ဆန်၊ မန်တုံမြို့များတွင်လည်း ဆန်နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

နမ္မတူနှင့် နမ့်ဆန်၊ မန်တုံမြို့များတွင်လည်း ဆန်နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကိုင်နှစ်ဖွဲ့ ပြဿနာအတွင်း လူထုအား နစ်နာမှုမရှိစေရန် TNLA နှင့် MNDAA ကြားဖြစ်နေသည့် ပဋိပက္ခများအား အမြန်ဆုံး ဖြေရှင်းရန် တအာင်း အရပ်ဘက်အဖွဲ့ ခြောက်ဖွဲ့က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်တောင်းဆိုထားသည်။

အောက်ခြေတွင် ပဋိပက္ခများ ပိုမိုမြင့်တက်မလာစေရန် တပ်ဖွဲ့ဝင်များအား ညွှန်ကြားထားပြီး ကိုးကန့်တပ်ဖွဲ့နှင့် ဆွေးနွေးနိုင်ရန် ဆောင်ရွက်နေသည်ဟု TNLA ဘက်က ဆိုသည်။

“လတ်တလောမှာ ကိုးကန့်တပ်နဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်။ အခုထိတော့ မတွေ့ဆုံနိုင်သေးဘူး။ မြေပြင်မှာတော့ ဒီအခြေအနေတွေကို ထိန်းသိမ်းဆောင်ရွက်ဖို့ ညွှန်ကြားထားတာတော့ ရှိတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဘက်ကမူ TNLA နှင့် တင်းမာမှု အခြေအနေအား ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အား တအာင်းတပ် (TNLA) က သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင်မြို့အရှေ့မြောက်အရပ် မိုင် ၅၀ အကွာ တာမိုးညဲမြို့နှင့် အနောက်ဘက် မိုင်နှစ်ဆယ်အကွာ သိန္နီမြို့တို့အား ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ထားသည်။

အလားတူ ကွတ်ခိုင်မြို့ပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆက်ဆံရေးရုံးရှိပြီး မြို့နယ်အတွင်း ကချင်တပ် KIA ၏ တပ်မဟာ (၁၀) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားမှုရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သော TNLA နှင့် MNDAA တို့သည် ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များဖြစ် ကြသော်လည်း “၁၀၂၇” စစ်ဆင်ရေးပြီးသည့်နောက် ၎င်းတို့အကြား နယ်မြေအငြင်းပွားမှုများ ရံဖန်ရံခါ ဖြစ်ပွားလာခဲ့သည်။

စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်များဖြစ်ကြသော KIA၊ TNLA နှင့် MNDAA တို့အကြား ပြီးခဲ့သည့် နှစ်များအတွင်း အောက်ခြေတပ်အချို့ ဆက်ဆံရေး တင်းမာလာခဲ့ပြီး ထိုးကြိတ်ရိုက်နှက်မှုများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။

လက်ရှိ ကွတ်ခိုင်ဒေသအတွင်း တအာင်းတပ်နှင့် ကိုးကန့်တပ်တို့ တင်းမာမှုသည် တစ်လနီးပါး ရှိလာပြီဖြစ်ပြီး စစ်ရေးအခြေအနေပါ တင်းမာလာနေ၍ တိုက်ပွဲ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Related Articles

Back to top button