အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မြန်မာ့နိုင်ငံရေး မုန်တိုင်းအတက်အကျနှင့် ထိုင်းနိုင်ငံ၏ ဆက်ဆံရေးပြောင်းလဲမှု

နှစ်ပေါင်းလေးဆယ်နီးပါး မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ပြေးဒုက္ခသည်အရေး၊ အာဆီယံအဖွဲ့အတွင်း မြန်မာစစ်ဗိုလ်ချုပ်များကို ကန့်သတ်ခြင်းတို့ကို ထိုင်းအစိုးရအဆက်ဆက် မည်သို့ တုံ့ပြန်ခဲ့ကြောင်း ဆောင်းပါးရှင်က တင်ပြထားသည်။

(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊  လူမှုရေးသိပ္ပံနှင့် ဥပဒေဘာသာရပ်တို့ကို အထူးပြုလေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၅၀၁ မိုင် ရှည်လျားသော နယ်စပ်မျဉ်းကို အတူတကွ ပိုင်ဆိုင်ထားကြပြီး ပထဝီဝင်အနေအထားအရသော်လည်းကောင်း၊  သမိုင်းကြောင်းအရသော်လည်းကောင်း ခွဲခြား၍ မရနိုင်လောက်အောင် ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး မုန်တိုင်းများကြားတွင် ထိုင်းနိုင်ငံသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်သည့် တော်လှန်ရေးအင်အားစုများ၊  ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများအတွက် အရေးပါသော ခိုလှုံရာ အရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

ယခု နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၂၄ ခုနှစ်အထိ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားဦးရေသည် လေးသန်းကျော် အထိ ရှိလာခဲ့ပြီး၊၂၀၂၆ ခုနှစ်တွင် ယင်းပမာဏသည် များပြားလာမည့် အနေအထားတွင် ရှိနေသည်။ ဤရွှေ့ပြောင်းမှုသည် ထိုင်းနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေနိုင်သော်လည်း၊  တစ်ဖက်တွင်မူ မြန်မာ့လူသားအရင်းအမြစ်များသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအင်ဂျင်ကို လည်ပတ်စေသည့် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် လက်တွေ့အားဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကောင်းမွေဆိုးမွေများအပေါ် မူတည်၍ မြန်မာပြည်သူများ ဘေးကင်းရာ ရှာဖွေနိုင်သည့် “ဒုတိယအိမ်” သဖွယ် တည်ရှိနေသည်။ 

အတိတ်ကာလ ထိုင်း- မြန်မာ ဆက်ဆံရေး

ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရာ  အဖွဲ့ဝင်နိုင်ငံအချင်းချင်း မူဝါဒသည် အခြားနိုင်ငံ​၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဟူသော မူဝါဒအပေါ်တွင် အခြေခံသည်။

သို့သော် ထိုမူဝါဒအား အကျိုးစီးပွားအပေါ် မူတည်၍ နိုင်ငံရေးအရ ပြောင်းလဲကစားခဲ့သည်ကို တွေ့ရသည်။ 

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲကျင်းပပေးသော်လည်း ရလဒ်ကို လျစ်လျူရှုပြီး  အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​၏ အမတ်လောင်းများ၊ ပါတီဝင်များ၊  အခြားနိုင်ငံရေးသမားများကို ဖမ်းဆီး ထောင်ချခဲ့သည်။

ထို့ကြောင့် အမေရိကန်၊  အီးယူ (EU) စသည့် အနောက်နိုင်ငံများသည်  မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့ခဲ့သည်။ 

မြန်မာနိုင်ငံ  အာဆီယံအဖွဲ့ဝင် မဖြစ်သေးသည့်  ထိုအချိန်က ထိုင်းနိုင်ငံသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယုအား စေလွှတ်၍ အာဏာသိမ်း စစ်အစိုးရကို အသိအမှတ်ပြု ဆက်ဆံခဲ့သော ပထမဆုံး အာဆီယံနိုင်ငံ ဖြစ်ပြီး၊ အပြုသဘောထိတွေ့ဆက်ဆံရေးမူဝါဒကို ထိုင်းက ဦးဆောင်လမ်းပြခဲ့သည်ဟု ဆိုနိုင်ပါ သည်။

ထိုအချိန်က အာဆီယံသည် ယနေ့ကျင့်သုံး နေသော အာဆီယံပဋိညာဉ်စာချုပ် (ASEAN Charter) မရှိသေးဘဲ၊ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ဆက်ဆံရေးစံနှုန်းသည် နိုင်ငံရေးထက် စီးပွားရေးကိုအလေးထားသော ဆက်ဆံရေးကိုသာ အဓိကထားခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အခြားဒေသတွင်းနိုင်ငံ တစ်ခု၏ နိုင်ငံရေးကို “ပြည်တွင်းရေး” အဖြစ်သာ သတ်မှတ်ပြီး၊ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ၊ အာဏာရအစိုးရများနှင့်သာ တရားဝင်ဆက်ဆံလုပ်ကိုင်သော အစိုးရအချင်းချင်းဆက်ဆံသည့် ဒေသဆိုင်ရာ အဖွဲ့အစည်း (Inter-governmental Orgainzation) တစ်ခုမျှသာ ဖြစ်သည်။ 

၁၉၉၂ ခုနှစ်သည် အာဆီယံတည်ထောင်ခြင်း (၂၅) နှစ်မြောက် နှစ်ပတ်လည် ဖြစ်သည်။  ၁၉၈၉ ခုနှစ် ဘာလင် တံတိုင်း ပြိုကျမှု၊ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုနှင့်အတူ စစ်အေးခေတ်ချုပ်ငြိမ်းသွားခြင်း၊ ၁၉၉၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကုလသမဂ္ဂဦးဆောင်၍ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ငြိမ်းချမ်းစွာ အသွင်ကူပြောင်းခဲ့ခြင်းဖြင့် ဆယ်စုနှစ်နှင့်ချီ ဖြစ်ပွားခဲ့သော အင်ဒိုချိုင်းနားစစ်ပွဲကြီး လုံးဝအဆုံးသတ်သွားနိုင် ခဲ့သည်။ ကမ္ဘာနှင့် အာဆီယံ ဒေသတွင်း ကြီးမားသောနိုင်ငံရေးအလှည့်အပြောင်းများကို တွေ့မြင်ခဲ့ရသည်။ 

ထိုနှစ် စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင် များသည် အသင်းကြီးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အရေးပါသောဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။  ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့ဖြင့် အသင်းဝင် ၁၀ နိုင်ငံ ပြည့်သည်အထိ တိုးချဲ့ ဖွဲ့စည်းရန်လည်း ဆုံးဖြတ်ခဲ့သည်။

 တိုက်ဆိုင်စွာပင်  ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချပြီး၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရလာချိန်ဖြစ်သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့်ကြားမှ အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ခေါင်းဆောင်များ၏ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုပြီး မြန်မာကို အာဆီယံအဖွဲ့ဝင်ဖြစ်စေရန် လက်ကမ်းကြိုဆိုခဲ့သည်။  

အာဆီယံ ဒေသအတွင်း ဘဏ္ဍာရေးကပ်ဆိုက်မှု ကြုံတွေ့ခဲ့ရသည့်  ၁၉၉၇ ခုနှစ်၊  ဇူလိုင်လတွင် မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ဝင် ဖြစ်လာသည်။ မြန်မာနိုင်ငံသည် အနောက်တိုင်း၏ အရေးယူပိတ်ဆို့မှု ခံနေရလင့်ကစား  အာဆီယံအဖွဲ့ဝင်ဖြစ်လာသဖြင့်  အနောက်နိုင်ငံများက အာဆီယံကိုပါ ဖိအားပေးလာကြသည်။ 

ထိုစဉ်က ထိုင်းတွင် အိမ်ခြေမြေလုပ်ငန်းများပြားလာခြင်းနှင့်အတူ ဘဏ်ချေးငွေအများအပြားယူခြင်း၊ နိုင်ငံခြား ကြွေးမြီ များပြားလာခြင်း၊  ငွေလဲနှုန်းသတ်မှတ်ချက် စသည့်ကိစ္စများကြောင့် စီးပွားပျက်ကပ်ဆိုက်ခဲ့သည်။  ထိုဖြစ်ရပ်ကို ကမ္ဘာကျော် ထိုင်းဟင်းလျာတစ်မျိုးဖြစ်သော “တုံ့ယမ်ကွန်း” ကို အစွဲပြုပြီး “တုံ့ယမ်ကွန်းအကျပ် အတည်း” ဟုလည်း ခေါ်ကြသည်။ 

ထိုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင်  ဝန်ကြီးချုပ် ချွန်လိပိုင်ဦးဆောင်သော ဒီမိုကရက်တစ်ပါတီအစိုးရသစ် တက်လာသည်။ ထိုင်းတွင် အာဏာသိမ်းခေါင်းဆောင်များနှင့် စစ်တပ်ခေါင်းဆောင်ဟောင်းများသည် တိုင်းပြည်ကို တစ်လှည့်စီအုပ်ချုပ်ပြီး မြန်မာစစ်အစိုးရနှင့် အဆင်ပြေခဲ့ရာမှ ဒီမိုကရက် ခေါင်းဆောင်များ တက်လာသောအခါ ထိုင်းက မြန်မာကို ပြောင်းလွယ်ပြင်လွယ်ရှိသော ထိတွေ့ဆက်ဆံရေး မူဝါဒဖြင့် ပြောင်းလဲဆက်ဆံခဲ့သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဒီမိုကရေစီစံနှုန်းအရှိဆုံးဟု သတ်မှတ်ထားသော ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည်လည်း အကြောင်းတစ်ခု ဖြစ်ပေလိမ့်မည်။ 

မြန်မာ့ပြည်တွင်းပဋိပက္ခကြောင့် ဒုက္ခသည်များ ထိုင်းနိုင်ငံထဲသို့ အလုံးအရင်း ဝင်ရောက်လာမှု၊  မူးယစ်ဆေးဝါး ပြဿနာတို့သည် ထိုင်းနိုင်ငံကို တိုက်ရိုက်ထိခိုက်စေခဲ့သည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဆူရင် ပစ်ဆူဝမ်က “တစ်နိုင်ငံရဲ့ ပြည်တွင်းရေးဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ထိခိုက်လာရင် အဲဒီကိစ္စကို အာဆီယံအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ရှိရမယ်” ဟု ဆိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော ထိတွေ့ဆက်ဆံရေး မူဝါဒကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာဆူရင် ပစ်ဆူဝမ်သည် ထက်မြက်ထင်ရှားသော ထိုင်းဒီမိုကရက် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၂၀၀၈ – ၂၀၁၂ ခုနှစ်အထိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းနာဂစ် အလွန် အာဆီယံ၏ လူသားချင်း စာနာမှုဆိုင်ရာ ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို အောင်မြင်စွာဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်။

အာဆီယံနိုင်ငံ အများအပြား အထူးသဖြင့် မလေးရှား၊  ဗီယက်နမ်၊  လာအိုနှင့် မြန်မာတို့က ထိုအဆိုပြုချက်ကို သဘောမတူခဲ့ကြပါ။  အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုသည့် အာဆီယံ၏ အခြေခံမူကို ပျက်ပြားသွားစေမည်ဟု ၎င်းတို့က စိုးရိမ်ခဲ့ကြသည်။

ခြုံပြောရလျှင် မူဝါဒသစ်သည် ပြည်တွင်းရေးကို လုံးဝမစွက်ဖက်ရဆိုသည့်မူကို အနည်းငယ် လျှော့ပေါ့ပြီး၊  ဒေသတွင်းကို ထိခိုက်လာလျှင် ဝေဖန်ထောက်ပြခွင့်နှင့် ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိရမည်ဟု ဆိုခြင်းဖြစ်သည်။

အာဆီယံ​၏ မြန်မာအပေါ် ထားရှိသော မူဝါဒများသည် နိုင်ငံများ​၏အကျိုးစီးပွား၊  နိုင်ငံရေး ဖိအားများအပေါ် မူတည်၍ ပြောင်းလဲလျက်သည်။ ၂၀၀၁ ခုနှစ် ထိုင်းနိုင်ငံရေး အလှည့်အပြောင်းတွင် ဒီမိုကရက်ပါတီ ဆင်းပေးလိုက်ရပြီး Thai Rak Thai ပါတီ​၏ ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ် ဦးဆောင်သော လူလတ်တန်းစား စီးပွားရေးသမားများ အာဏာရလာခဲ့သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမြို့သို့ ရောက်ရှိစဉ် တိုက်ခိုက် ဖမ်းဆီးခံခဲ့ ရသည်၊ အဆိုပါ ဒီပဲယင်းအရေးအခင်းအပြီး  အာဆီယံသည် ၎င်း၏ မူဝါဒဖြစ်သော ပြည်တွင်းရေးကို လုံးဝဝင်မစွက်ဖက်ရေး မူဝါဒအစား  ဝေဖန်ထောက်ပြပြီး ထိတွေ့ဆက်ဆံမှု လျှော့ချရေးမူဝါဒဘက်သို့ စတင်ဦးတည်လာခဲ့သည်။  

မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တရားဝင်တောင်းဆိုခဲ့သည်။

တစ်ဖက်တွင်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရမည့် မြန်မာနိုင်ငံက အလှည့်ကျော်ပေးလိုက်ရသည်။   

၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ဆက်ဆံရေး

ထိုင်းနိုင်ငံသည် အထက်တွင်ဖော်ပြခဲ့သလို မြန်မာ့နိုင်ငံရေးဖြစ်စဉ် အနိမ့်အမြင့်အတက်အကျ၊  ထိုင်းနိုင်ငံရေး အပြောင်းအလဲ၊  အာဆီယံ ဒေသတွင်းအကျိုးစီးပွားများ ပြောင်းလဲမှုအပေါ် မူတည်၍ မူဝါဒအမျိုးမျိုး ရှိခဲ့ကြောင်း တွေ့ရသည်။ 

၂၀၂၁ အာဏာသိမ်းမှုသည် မြန်မာ့နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ပြီး  သမိုင်းတွင် ခုခံတော်လှန်ရေး  အပြင်းထန်ဆုံး ဖြစ်နေရာ ထိုင်းက နယ်စပ်ဒေသ တည်ငြိမ်ရေး၊  အာဆီယံနိုင်ငံရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ဟန်ချက်ညီညီ ထိန်းကျောင်းခဲ့ရသည့်အပြင်၊  စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကြောင့် ထိုင်းမြန်မာ နယ်စပ်ရှိ ရှိရင်းစွဲ ဒုက္ခသည်များအရေးအပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာပြည်မှ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်လာသူများကိုပါ စီမံခန့်ခွဲလာခဲ့ရသည်။ 

အထက်တွင် ဖော်ပြခဲ့သလို ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးလှိုင်းသည် မြန်မာ့သမိုင်းတစ်လျှောက် ထုထည်အကြီးမားဆုံး တော်လှန်ရေးဖြစ်သည့်အလျောက် ထိုင်းနိုင်ငံဘက်သို့  လူ့စွမ်းအားအရင်းအမြစ်များ ရွှေ့ပြောင်းနေထိုင်မှုသည်လည်း နိုင်ငံရေးအရသာမက၊ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများတွင်သာ သိသိသာသာ များပြား လာခဲ့သည်။  

၂၀၂၁-၂၀၂၃ ခုနှစ်အတွင်း ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်အစိုးရလက်ထက် တွင် အာဏာသိမ်းစစ်ခေါင်းဆောင်ချင်း စစ်ဘက်ဆိုင်ရာ ညီအစ်ကိုဆက်ဆံရေး နီးစပ်မှုအပေါ် မူတည်၍ ထိုင်းအစိုးရသည် မြန်မာစစ်ကောင်စီနှင့် နိုင်ငံရေးအရ အနီးကပ် ထိတွေ့ဆက်ဆံမှုများ သိသိသာသာ ရှိခဲ့ပါသည်။

အင်ဒိုနီးရှား၊  မလေးရှား၊  ဖိလစ်ပိုင်ကဲ့သို့သော အာဆီယံအဖွဲ့ဝင်တချို့က မြန်မာစစ်ကောင်စီကို ဖယ်ကြဉ်ထား ချိန်တွင် ထိုင်းအစိုးရသည် မြန်မာစစ်ကောင်စီနှင့် လမ်းကြောင်းမပြတ်စေရန် အဆင့်မြင့်အရာရှိကြီးများကို စေလွှတ်၍ တွေ့ဆုံစေခဲ့သည်။

ဥပမာအားဖြင့် ထိုကာလ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်သို့ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။  ၂၀၂၃ ခုနှစ်တွင် ၎င်းသည်  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံခွင့်ရခဲ့သည်။ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွင်လည်း ထိုင်းစစ်တပ်အကြီးအကဲများသည် မြန်မာစစ်တပ်နှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus – 5PC) အရ မြန်မာစစ်ကောင်စီကို တရားဝင်အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ အစည်းအဝေးဟု အမည်တပ်၍ အလွတ်သဘော ဆွေးနွေးပွဲများကို ဘန်ကောက်နှင့် ပတ္တရားတို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး  စစ်ကောင်စီ​၏ မြန်မာနိုင်ငံခြားရေးဝန်ကြီး  အား တက်ရောက် ခွင့်ပေးခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး  စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခဲ့သည်။

ထိုကာလအတွင်း ထိုင်းအစိုးရ​၏ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် လုပ်ရပ်များကို  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

၂၀၂၁-၂၀၂၃ ခုနှစ် ကာလကို သုံးသပ်ရှုမြင်ရလျှင် ထိုင်းက မြန်မာစစ်ကောင်စီနှင့် “အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု” ပုံစံသစ်ကို ကျင့်သုံးခဲ့သည်ဟု ဆိုနိုင်သည်။ 

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဖြင့်  တက်လာသော ဆေထာ ထဝီဆင် (Srettha Thavisin) အစိုးရလက်ထက်မှ စတင်၍ ထိုင်းနိုင်ငံ၏ မြန်မာ့အရေး ချဉ်းကပ်ပုံသည် ယခင် ပရာယွတ်အစိုးရထက် ပိုမို တက်ကြွပြီး ဟန်ချက်ညီသောမူဝါဒဘက်သို့ ကူးပြောင်းလာခဲ့သည်။ 

ဆေထာအစိုးရ၏ အထင်ရှားဆုံး ခြေလှမ်းမှာ မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်များအတွက် အကူအညီပေးရန် “လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံ” ကို တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းလွှတ်တော်ကလည်း မြန်မာ့အရေး ဆွေးနွေးပွဲတချို့ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏  ကိုယ်စားလှယ်တို့ကိုပါ ဖိတ်ကြားဆွေးနွေးလာခဲ့သည်။

၂၀၂၄ ခုနှစ်တွင် မြဝတီမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ ကြောင့် ထိုင်းအစိုးရသည် နယ်စပ်လုံခြုံရေးကို တင်းကျပ်ခဲ့ရသလို၊  စစ်ဘေးရှောင်တို့အတွက် ယာယီခိုလှုံရာစခန်းတချို့ကိုလည်း အသင့်ပြင်ဆင်ပေးခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို နှိမ်နင်းရန် မြန်မာစစ်ကောင်စီ၊  တရုတ်အစိုးရတို့နှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ထိုကာလအတွင် ထိုင်းနိုင်ငံ​၏ ပြည်တွင်းနိုင်ငံရေးသည်လည်း မတည်မငြိမ် ပြောင်းလဲလျက်ရှိနေရာ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် ဆေထာ ထရာဝီဆင်ကို အခြေခံဥပဒေခုံရုံးက ရာထူးဖယ်ရှားလိုက်ပြီး ဝန်ကြီးချုပ် အသစ် အဖြစ် ပေထုံတန် ရှင်နာဝပ် တက်လာခဲ့သည်။ 

ပေထုံတန် လက်ထက်တွင်လည်း ထိုင်းအစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော BIMSTEC အစည်းအဝေးတွင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်လုပ်ဆောင်ပြီး စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးခဲ့သည်။

ထို့အပြင်၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ အသက်သွင်းသည့် စစ်မှုထမ်းဥပဒေကြောင့်  လူငယ်လူရွယ် အများအပြားသည် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ တရားဝင်ဖြစ်စေ၊  တရားမဝင်ဖြစ်စေ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမှု မြန်မာအရေးသည် အချိန်ကြာလာသည့်နှင့်အမျှ ထိုင်းနိုင်ငံအပေါ်တွင် ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲဖြစ်လာသည်မှာ ငြင်းမရပေ။  ပြည်ပအကူအညီ ထောက်ပံ့မှုများ ရပ်ဆိုင်းသွားပြီးနောက် ထိုင်း- မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၉၀ ရာခိုင်နှုန်းသော ထောက်ပံကြေးများ ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းပေးနိုင်ရန် ဆန္ဒရှိသည်ကို တွေ့မြင်ရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာနှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြီးစီးခဲ့သော စစ်ကောင်စီ​၏ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံနိုင်ငံအများစုက အသိအမှတ်မပြုထားပေ။

သို့သော် သိသာထင်ရှားမှုအဖြစ် စစ်ကောင်စီ​၏ အတုအယောင်ရွေးကောက်ပွဲပြီးနောက် မြန်မာနှင့် ယခင်ခေတ်များအတိုင်း ပြန်လည်ထိတွေ့ဆက်ဆံရန်အတွက် ချိန်ဆညှိနှိုင်း၍ ထိတွေ့ဆက်ဆံသော မူဝါဒ (Calibrated Engagement) ဆိုသည်က ဇန်နဝါရီလ ၂၉ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် စတင် အသံထွက်လာခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်  ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်သည်  စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဖူးခက်မြို့တွင်ပြုလုပ်ခဲ့ပြီး မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။ 

ထိုင်းက မြန်မာစစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ပြောဆိုထားပြီး ဖြစ်သည်။ သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက  စစ်တပ်ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရသစ်ကို အာဆီယံအသိုက်အဝန်းထဲသို့ ပြန်လည်ခေါ်သွင်းလိုကြောင်း  ပြောပြန်သည်။  ထိုင်းအစိုးရ၏ မြန်မာ့အရေးနှင့် ပတ်သက်သည့် မတူညီသော ပြောဆိုချက် ဖြစ်သည်။ 

ထို့ကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ဝန်ကြီးချုပ်အသစ်ဖြစ်လာသော အနုတင် အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံ၏ န်ိုင်ငံခြားရေး မူဝါဒသည် ပြောင်းလဲမှုရှိလာခဲ့သည်ကိုတွေ့မြင်နိုင်သည်။ 

တစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားတွင်  မြန်မာ့အရေးနှင့်ပတ်သက်၍ ဆက်တိုက် အသံထွက်လာသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက်များသည် မြန်မာပဋိပက္ခကိုအဆုံးသတ်ရန် အခြေခံအုတ်မြစ်ဖြစ်သင့်သည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ 

တဆက်တည်း လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးကလည်း မြန်မာ့အရေးဖြေရှင်းရန် အတွက် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ပြန်လည်သုံးသပ်ရန် စဉ်းစားနေကြောင်း Thai PBS သတင်းဌာနနှင့် ပြုလုပ်သော ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အင်တာဗျူးတွင် ပြောသည်။ 

ထိုင်းနိုင်ငံ​၏ ချိန်ဆညှိနှိုင်း၍ ထိတွေ့ဆက်ဆံခြင်း မူဝါဒအသစ်ကြောင့် အာဏာသိမ်းစစ်တပ်သည် ယင်း​၏ ရွေးကောက်ပွဲ အောင်မြင်ကြောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်တွင် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဤသည်မှာ စစ်ကောင်စီသည် နိုင်ငံတကာကို ဝါဒဖြန့်သတင်းစကားပါးရန် ထိုင်းနိုင်ငံအား ကြားခံ အသုံးချလျက်ရှိကြောင်း မြင်တွေ့နိုင်သည်။

ထိုင်းနိုင်ငံအရေးတွင်လည်း လက်ရှိဝန်ကြီးချုပ် အနုတင်​၏ ဖုန်ကျိုင်ထိုင်းပါတီက ရွေးကောက်ပွဲအနိုင်ရရှိထား၍ မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမည့်ပုံမရှိပေ။  

ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် လက်တွေ့ကျသော ထိတွေ့ဆက်ဆံမှုကို ဦးစားပေး၍ စစ်ကောင်စီကို အာဆီယံဘောင်အတွင်း ပြန်လည်သွင်းရန် ကြိုးပမ်းနေသော်လည်း   ၎င်းသည် အာဆီယံ၏ စုပေါင်းရပ်တည်ချက်နှင့် ကွဲလွဲနေဆဲဖြစ်ပြီး စစ်ကောင်စီ၏ နိုင်ငံရေးအရ အသုံးချခြင်းကို ခံနေရသည့် အနေအထားတွင် ရှိနေသည်။ 

အချုပ်အားဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ပထဝီဝင်နှင့် သမိုင်းကြောင်းအရ ခွဲခြား၍မရနိုင်ဘဲ နိုင်ငံရေး၊  စီးပွားရေးအရ ကံကြမ္မာချင်း ချိတ်ဆက်နေသည့် အိမ်နီးချင်းများ ဖြစ်ကြသည် ။ ထိုင်းနိုင်ငံ၏ မြန်မာ့အရေး ချဉ်းကပ်မှုသည် ၁၉၈၈ ခုနှစ်မှ ယနေ့ ၂၀၂၆ ခုနှစ်အထိ ကိုယ်ကျိုးစီးပွားနှင့် ဒေသတွင်း ဖိအားများအပေါ် မူတည်၍ “အပြုသဘောဆောင် ထိတွေ့မှု” မှသည် “ချိန်ဆညှိနှိုင်း၍ ထိတွေ့မှု” အထိ ပုံစံအမျိုးမျိုး ပြောင်းလဲခဲ့သည်။

လက်ရှိ ၂၀၂၆ ခုနှစ်တွင် ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခတွင် ကြားခံပေါင်းကူးတံတားအဖြစ် ဆောင်ရွက်လို သော်လည်း တစ်ဖက်တွင် စစ်ကောင်စီကို အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ရှုမြင်နိုင်ပါသည်။ မြန်မာ့နိုင်ငံရေး ကောင်းမွေဆိုးမွေတို့သည် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် အနာဂတ်တွင် ထိုင်းက ၎င်းတို့၏ အကျိုးစီးပွားနှင့် အိမ်နီးချင်းပြည်သူတို့၏ ဒီမိုကရေစီဆန္ဒများအကြား မည်သို့ဟန်ချက်ညီအောင် ဆက်လက်ထိန်းကျောင်းသွားမည် ဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်လာသည်။ 

ကိုးကားချက် –  Lee Jones (2008) ASEAN’s Albatross: ASEAN’s Burma Policy, from

Constructive Engagement to Critical Disengagement, Asian Security, 4:3, 271-29

https://www.tandfonline.com/doi/abs/10.1080/14799850802306484

Related Articles

Back to top button