အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတိုင်း ညောင်လေးပင်တွင်  ဒေသခံအများအပြား အသတ်ခံရ၊ စစ်ရေးဆက်လက်ပြင်းထန်နေ

ပဲခူးတိုင်းအတွင်း ရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဒေသခံ အများအပြားကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်၊ စစ်ရေးပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲရှိ ကျေးရွာများကို အင်အားရာနှင့်ချီ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဒေသခံ  ၄၀ ကျော်ကို  သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။  

မတ်လ ၅ ရက် နံနက် ၅နာရီအချိန်ခန့်မှ စတင်၍ ညောင်လေးပင်မြို့နယ်ရှိ ပိန်းဇလုပ်မြို့နှင့် သုံးမိုင်ကျော် ကွာဝေးသည့် ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းကျေးရွာများကို အင်အား ၁၀၀ ခန့်စီ ပါဝင်သည့် စစ်ကြောင်း လေးကြောင်းဖြင့် ဝင်ရောက်လာသည်။ ယင်းနောက်  ပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးပြီး ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပိန်းဇလုပ်  အခြေစိုက် အမှတ် (၂၆၄) ခြေလျင်တပ်ရင်း၊ အမှတ် (၄၃၉) ခြေမြန်တပ်ရင်းမှ စစ်သားများ ဖြစ်သည်ဟု ဆိုသည်။ 

လမ်းဘေးတွင် ရုပ်အလောင်းအများအပြား ရှိနေသည်ကို ထုတ်ပြန်ချက်  ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။                                                                                                                          

အသတ်ခံရသူ ၄၀ ဦးထဲတွင် ကလေးသုံးဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း  ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ဝေးကွာသည့် ထိုဒေသရှိ အစုအပြုံလိုက် အသတ်ခံရမှုအကြောင်း  ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်တပ်က တုံ့ပြန်ခြင်း မရှိသေးပေ။

အမှတ်(၂) စစ်ဆင်ရေး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက  ထိုစစ်ကြောင်းများသည် ကာမီကာဇေဒရုန်း၊  လက်နက်ကြီးပစ်ကူများ အပါအဝင် သာလွန်အင်အား သုံးခဲ့သည်၊  လေတပ်ကလည်း ကူညီ တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ 

ဒေသခံတောင်သူတို့၏ လယ်ယာသုံးစက်များကို သုံးစွဲ အကာကွယ်ရယူပြီး ကျေးရွာများထဲသို့ ဝင်ရောက်လာနိုင်ခြင်းဖြစ်သည်ဟု  သူက ဆက်ပြောသည်။

 “ပြည်သူတွေ သေဆုံးရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီအပေါ်မှာ အပြည့်အဝ           တာဝန်ရှိပါတယ်။ ဓားစာခံအဖြစ် ဖမ်းဆီးတယ်။ ရိုက်နှက်တယ်။ သတ်ဖြတ်တယ်။ ဒါ့အပြင် လူသားဒိုင်း            ထားပြီးတော့ ပစ်မှတ်ဧရိယာတွေမှာ ထားတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ စုံစမ်းသိရှိရတဲ့အခြေအနေ၊ ကြည့်ရှုလို့ရတဲ့ နေရာအတိုင်းအတာကနေ ကြည့်ရှုတဲ့အခါမှာ ကလေးငယ်တွေကို ပစ်ခတ်တဲ့ကိစ္စတွေ သက်ကြီးရွယ်အိုကို ရိုက်နှက်တဲ့ကိစ္စတွေနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာတွေကို သက်သေတွေနဲ့  သို့မဟုတ် ချပြစရာ တစ်စုံတစ်ရာတွေလည်း ရှိလာမှာပါ”                              

စစ်တပ်က နယ်မြေများကို အကြမ်းဖက်နှိမ်နင်းပြီး စိုးမိုးနယ်မြေများကို ချဲ့ထွင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ညောင်းလေးပင်မြို့နယ်အား စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးပြင်းထန်နေသည့် အခြေနေတွင်ရှိနေဆဲ ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ 

ခြောက်နှစ်အရွယ် ကလေး အပါအဝင်   အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသားရှစ်ဦး  သေဆုံးခဲ့သည်ဟု Karen Peace Support Network က ဆိုသည်။ 

စစ်တပ်ဝါဒဖြန့် တပ်လီဂရမ်ချန်နယ်များတွင် ညောင်လေးပင်မြို့နယ်၌ ဒေသခံပြည်သူများ သတ်ဖြတ်ခံထားရခြင်းမရှိဟု ရေးသားထားကြသည်။

စစ်ကြောင်းထိုးနေသည့် ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာများကိုလည်း  ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲနွယ်ကုန်းမြို့၊ ပိန်းဇလုပ်မြို့နှင့် ကျောက်တံခါးမြို့နယ်တို့မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် ရေတွင်းကုန်း၊ ကျောင်းကုန်းအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ညောင်လေးပင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ညောင်လေးပင်ခရိုင်(ခလယ်လွီထူးခရိုင်) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေထဲတွင် ပါဝင်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ တပ်ဖွဲ့များနှင့် KNUတပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေတစ်ခု ဖြစ်သည်။

Related Articles

Back to top button