တော်လှန်ရေးအင်အားစုများထိန်းချုပ်ရာ ဒေသများရှိ ရွှေမျှောများကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုများ လုပ်နေသော စစ်တပ်သည် မတ်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျှောဖောင်များကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျွန်းလှနှင့်ကောလင်းမြို့နယ်စပ် သဖန်းဆိပ်ဆည် အနောက်ခြမ်းရှိ ရွှေမျှောလုပ်ကိုင်သည့် ဖောင်များကို မတ်လ ၁၅ ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် ဟုမ္မလင်းမြို့မှတက်လာသည့် တိုက်လေယာဉ်နှစ်စီးက ပစ်ခတ်ခဲ့ရာ ရွှေမျှောဖောင် တစ်ဒါဇင်ကျော်ပျက်စီးပြီး ရုပ်အလောင်းသုံးခု ကောက်ယူရရှိထားကြောင်း တော်လှန်ရေး အင်အားစုများနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ရှောင်ချိန်တိမ်းချိန် မရဘူး။ ဟုမ္မလင်းက တက်ခဲ့တယ်ဆိုတာနဲ့ ဘာမှမကြာဘူး။ ၁၀ မိနစ်လောက်နဲ့ တောက်လျှောက်ရောက်၊ တောက်လျှောက်ပစ်ပေါ့။ ဟိုအရင်တုန်းကလို ဝဲနေတာတွေမဟုတ်တော့ဘူး။ တောက်လျှောက်ပစ်တာ”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် အထက်ပါ ဒေသခံက ပြောသည်။
သေဆုံးသူများ၏ အသက်၊ ကျား၊ မ စသည့် အသေးစိတ်အချက်လက်များကို သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။
မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေးအခက်အခဲသာမက မြို့ပေါ်တွင်လည်း စစ်တပ်၏ စစ်သားစုဆောင်းမှုအန္တရာယ်ကြောက်ရွံ့သဖြင့် ရွှေမျှောများတွင် လာရောက်လုပ်ကိုင်နေသူအချို့လည်း သေဆုံး၊ ဒဏ်ရာသူများတွင် ပါဝင်ကြောင်း ဒေသတွင်း စစ်ရေးနှင့်အခြေအနေများ ဖော်ပြပေးနေသည့် ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စကစ နယ်မြေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရတာကြောက်တော့ မဖြစ်မနေ အပြင်ထွက်ရတဲ့ သူများတာကိုး။ မြို့ပေါ်မှာမနေရဲကြတဲ့သူတွေ၊ ရွာမှာမနေရဲကြတဲ့သူတွေဖြစ်တော့ ရရာအလုပ်လုပ် နေရတဲ့လူငယ်တွေ များတာပေါ့”ဟု ၎င်းက ဆိုသည်။
ဧကပေါင်း တစ်သိန်းကျော်ကျယ်သည့် သဖန်းဆိပ်ဆည်သည် ကျွန်းလှမြို့အနောက်ဘက်တွင်ရှိပြီး ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်းစသည့် မြို့နယ် ၁၀ ခုမှ စိုက်ဧကများကို စိုက်ပျိုးရေပေးဝေနေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သဖန်းဆိပ်ဆည်ထဲတွင် ဖောင်များဖြင့် ရွှေတူးဖော်ခြင်း ကျယ်ပြန့်လာပြီး ရွှေမျှောဖောင် ရာနှင့်ချီလုပ်ကိုင်နေကြောင်း ဒေသခံများထံကသိရသည်။
ရွှေမျှောဖောင်များရှိနေသည့် သဖန်းဆိပ်ဆည်ကို ဇန်နဝါရီလကုန်ကလည်း သုံးရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့မှုအပြင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်း ယင်းနေရာကို လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မတ်လတွင် တကျော့ပြန်လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်။
“လောလောဆယ်တော့ ဂရုစိုက်နေရတာပေါ့။ သူတို့ (စစ်တပ်)က ဆီမရှိဘူးသာပြောတာ တောက်လျှောက် ကြဲနေတော့တာ။ လေကြောင်းက ဒီရက်ပိုင်းတော့ နည်းနည်းသတိထားရမှာ ကင်းထောက်တွေလည်း ဝဲနေတယ် ကြားတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ကျွန်းလှမြို့မြောက်ဘက် ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသလို မြို့ပတ်လည်ရှိ ကောလင်း၊ ကန့်ဘလူ၊ တန့်ဆည်၊ ကလေးဝ၊ မော်လိုက်မြို့နယ်တို့တွင်လည်း ကျေးလက် ဒေသအများစုကို NUG တပ်များပါဝင်သော တော်လှန်ရေးအဖွဲ့များက စိုးမိုးထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက စပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဧရာဝတီမြစ် အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်အထက်ပိုင်း မြို့နယ်များနှင့် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေမျှောလုပ်ငန်းများကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအား စစ်တပ်က ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ပြည်သူ ဆယ်နှင့်ချီသေဆုံးခဲ့သည်။
ဖေဖော်ဝါရီလ တတိယပတ်က ဟုမ္မလင်းမြို့နယ်၊ ပင်နုတ်ဆွတ်မှော်အနီး စားသောက်ဆိုင်ကို ဗုံးကြဲခဲ့ရာ ခုနစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်မြို့နှင့် ရွှေကူမြို့အကြား ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ်သည့် စင်းခန်းရွာအနီး ရွှေမှော်ကို မတ်လ ၁၀ ရက်နေ့က လေကြောင်းမှ ပြင်းပြင်းထန်ထန်ဗုံးကြဲခဲ့ရာ ရွှေမျှော လုပ်ကိုင်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
တော်လှန်ရေးအင်အားစုများ အခွန်အကောက်ရနေသည်ဟုယူဆပြီး ဝင်ငွေရလမ်း ဖြတ်တောက် ရန်ရည်ရွယ်ချက်ဖြင့် စစ်တပ်က ရွှေမျှောများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသအခြေစိုက် တပ်ဖွဲ့များက သုံးသပ်ကြသည်။
“ကျွန်တော်တို့ Supply Chain ကို ဖြတ်တောက်တဲ့ သဘောပေါ့လေ။ အဓိကတော့ ကျွန်တော်တို့ဒေသက သယံဇာတကိုအမှီပြုပြီးဝင်ငွေရနေတယ်။ ပြီးတော့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေတယ်။ ဟုမ္မလင်းလိုမျိုးဆိုရင် သူတို့ကို ကျွန်တော်တို့က ပိတ်ဆို့ထားတော့ သူတို့က ကုန်ဈေးနှုန်းကြီးမြင့်ပြီး ကျွန်တော်တို့စိုးမိုးတဲ့နယ်မြေမှာ ကုန်ဈေးနှုန်းက အဲ့ဒီလောက်မရှိတော့ ကျွန်တော်တို့ကို ဖိအားပေးချင်တဲ့ သဘောလည်းပါမှာပေါ့”ဟု ဟုမ္မလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၄၂ ဦးသေဆုံးပြီး ၂၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်နေသည့် စစ်တပ်သည် SU 30 အမျိုးစား တိုက်လေယာဉ် နှစ်စီး အပါအဝင် လေယာဉ်များ မတ်လ ဒုတိယပတ်တွင် တပ်တော်ဝင်ခဲ့ပြီး လေတပ်အင်အားခိုင်မာမှသာ လေကြောင်း စိုးမိုးနိုင်ပြီး နိုင်ငံအကျိုးစီးပွားကာကွယ်နိုင်မည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။




