အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ခေါင်းဆောင်လူရင်း ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

စစ်တပ်ဝါဒဖြန့်မီဒီယာတစ်ခုတွင် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး (အလယ်) လွှတ်တော်သို့ ယနေ့ တက်ရောက်လာသည်ကို ဖော်ပြထားစဉ်။

အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများအပြီး ယနေ့ (မတ်လ ၁၈ ရက်) နံနက်၊ နေပြည်တော် လွှတ်တော်အဆောက်အအုံ၌ ကျင်းပခဲ့သော တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရာထူးမှာ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ်ပါ ပူးတွဲ တာဝန် ထမ်းဆောင်ရမည်ဖြစ်ရာ သမ္မတရွေးချယ်ရေးအတွက် အရေးပါသည့် ရာထူးကို စစ်ခေါင်းဆောင်က ၎င်း၏ သစ္စာခံကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ 

အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သဘာပတိအဖြစ် ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုကျမ်းသစ္စာကျိန်ဆို​ခဲ့ကြပြီးနောက် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ 

စစ်ခေါင်းဆောင် မင်အောင်လှိုင်က အစိုးရသစ်နှင့် လွှတ်တော်၌ နေရာချထားရာတွင် အရည်အချင်း ရှိခြင်းမရှိခြင်းထက် ၎င်းအပေါ်တွင် သစ္စာခံသူများကိုသာ ဦးစားပေး နေရာပေးခြင်းဖြစ်သည်ဟု  အဆင့်မြင့်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။  

“အစိုးရအဖွဲ့မှာ တာဝန်ပေးထားတဲ့ သူတွေဆိုလည်း အကုန်လုံးက သူ့လူယုံတွေပဲ သူပေးတာပေါ့။ အောင်လင်းဒွေးတို့ဆိုလည်း သူတို့အပတ်စဉ်မှာ ဒီကောင်ဆင်းတာလည်း ဘိတ်ချေးနားလေးကနေ ဆင်းတာ။ နေလာခဲ့တဲ့တစ်လျှောက်လည်း ဘာမှလုပ်ရည်ကိုင်ရည်မရှိဘဲနဲ့ ချောင်ထဲကနေပြီးတော့မှ သူနဲ့အတူနေခဲ့ဖူးပြီး သူ့ရဲ့ ဒူပေနာပေကို ခံတယ်ဆိုပြီးတော့ သစ္စာရှိတယ်ဆိုပြီးတော့ ဗိုလ်ချုပ်ကြီးအထိ ပေးပြီး ဆွဲတင်တာပေါ့လေ” ဟု ၎င်းက ပြောသည်။ 

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ရေးပါတီ၏ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ Jeng Phang နော်တောင်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။

Jeng Phang နော်တောင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ 

ထို့နောက် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စစ်ကောင်စီကို ဖျက်သိမ်းပြီး စစ်ကော်မရှင်အဖြစ် ပြန်လည် ဖွဲ့စည်းရာတွင်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာသည်။

အောင်လင်းဒွေး ဆိုတာ ဘယ်သူလဲ 

စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ဆင်း ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ  စစ်ဥပဒေချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ အာဏာသိမ်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ 

 ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပြီး အာဏာသိမ်း စစ်တပ်၏ အမိန့်ကြေညာချက်များတွင် စစ်ကောင်စီ အတွင်းရေးမှူး အနေဖြင့် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ရသည်အထိ စစ်ခေါင်းဆောင်၏ ယုံကြည်မှုကို ရရှိထားသူဖြစ်သည်။ 

၂၀၂၄ ခုနှစ်  ဩဂုတ်တွင် စစ်ခေါင်းဆောင်က ၎င်း၏ စိတ်ချယုံကြည်ရသူများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်​ကြီး ညိုစောတို့နှင့် အတူ ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်ကောင်စီကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် စစ်ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။ 

ယနေ့ ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့ရပြီး ထိုရာထူးသည်လည်း သမ္မတ ခန့်အပ်ရေးအတွက် အရေးပါသဖြင့် အရေးကြီးသော နေရာလည်းဖြစ်သည်။ 

ဗိုလ်ချုပ်အောင်လင်းဒွေး၏  မိသားစုပိုင်ဆောက်လုပ်ရေး ကုမ္ပဏီများက လမ်းတံတားစီမံကိန်း တင်ဒါ လုပ်ကိုင်ခွင့်များလည်း ရရှိထားသည်။ 

၎င်း၏ သားနှစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုလှိုင်ဘွားအောင်နှင့် အသက် ၂၇ နှစ်အရွယ် ကိုဖြိုးအာကာအောင်တို့သည် အောင်မြင့်မိုရ်လင်းနှင့် မင်္ဂလာအောင်မြေအမည်ရ ဆောက်လုပ်ရေး ကုမ္ပဏီများအပြင် ရွှေရည်ဖြိုးပြည့် ကုန်ထုတ်လုပ်ငန်းကိုလည်း ထူထောင်ထားသည်။

မင်္ဂလာအောင်မြေကုမ္ပဏီတွင် အောင်လင်းဒွေး၏ဇနီး အသက် ၅၄ နှစ်အရွယ် ဒေါ်ဥမ္မာမြင့်လည်း ဒါရိုက်တာအဖြစ်ပါဝင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရကြောင်း Myanmar Now သတင်းဌာန၏ “စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ၏ ကုမ္ပဏီများ အစိုးရတင်ဒါ လုပ်ပိုင်ခွင့်များ ရနေ” ဆောင်းပါးတွင် ထုတ်ဖော်ရေးသားထားသည်။ 

စစ်ကော်မရှင်က ရာထူးနေရာ အပြောင်းအလဲများလုပ်ရန် ရွေးကောက်ပွဲများကျင်းပကာ  စစ်တပ် အာဏာသိမ်းမှုအလွန်ကာလတွင် ပထမဆုံးအကြိမ် လွှတ်တော် စတင်ခေါ်ယူနေသည်။ 

စစ်ဗိုလ်ချုပ်ဟောင်းများ လွှတ်တော်ဥက္ကဋ္ဌများဖြစ်လာ

တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့ နံနက်တွင် စတင်ကျင်းပခဲ့ပြီး သဘာပတိအဖြစ် ဦးနန္ဒကျော်စွာ က ဆောင်ရွက်ခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦး တွင် ၃၇၃ ဦးလုံး တက်ရောက်ခဲ့သည်။

ထိုနေ့က စစ်တပ်၏ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြု  ကျမ်းသစ္စာ ကျိန်ဆို​ကာ လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့ နှစ်ဦးကို ရွေးကောက် တင်မြှောက်ခဲ့သည်။

ထိုသူနှစ်ဦးလုံးသည် စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်ကြပြီး အစဉ်အဆက် စစ်တပ်ကို သစ္စာခံခဲ့ကြသူများလည်း ဖြစ်ကြသည်။ 

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်လက်ထက်တွင် ဗိုလ်မှူးချုပ်ခင်ရီသည် ရဲချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာခဲ့သူ ဦးခင်ရီသည်  ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲမလုပ်မီ နှစ်လခန့်အလို စစ်ခေါင်းဆောင်က ရာထူးမှ နုတ်ထွက်စေ၍ ပါတီသို့ ပြန်ပို့ထားခြင်းဖြစ်သည်။

ဦးမောင်မောင်အုန်းသည် စစ်အာဏာသိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး  ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

ဦးမောင်မောင်အုန်းသည် စစ်တပ်၏ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရွေးကောက်ပွဲ ရလဒ်ကို အပြီးသတ်ကြေညာခဲ့ရာ စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၃၃၉ နေရာအထိ ရရှိထားသည်။ 

အဆိုပါကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၀၈ နေရာ ရရှိထားပြီး ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၃၃၉ နေရာအထိ အနိုင်ရရှိထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ရှိသည့် အနက် ကြံ့ခိုင်ရေးပါတီက  အရပ်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၈၁ ရာခိုင်နှုန်းအထိ အနိုင်ရထားရာ လွှတ်တော်တစ်ခုလုံး ကြံ့ခိုင်ရေးပါတီက စိုးမိုးထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၀၉ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် ရဲချုပ်၊ ဗိုလ်မှူးချုပ် ခင်ရီ။ (ဓာတ်ပုံ-EPA) 

Related Articles

Back to top button