အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာလက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံ၊ သင်တန်းပေးမှုဖြင့် ယူကရိန်းအပါအဝင် ၇ ဦး ဖမ်းခံရ

မီဇိုရမ်ဘက်မှတဆင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ၍ စစ်သင်တန်းပေးခဲ့ပြီး ဒရုန်းများ သယ်ယူပို့ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယူကရိန်းနိုင်ငံသား ခြောက်ဦး၊ အမေရိကန်တစ်ဦးကို အိန္ဒိယက ဖမ်းဆီးစစ်ဆေးနေသည်။

အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုဟုဆိုပြီး မြန်မာနိင်ငံဘက် ဝင်ရောက်ခဲ့သော ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးတို့ကို အိန္ဒိယအမျိုးသားစုံစမ်းရေးအဖွဲ့ (NIA) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ 

ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တားလေဆိပ်တွင် မတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ် အကြမ်းဖက် လုပ်ရပ်များကာကွယ်ရေးဥပဒေအရ အမှုဖွင့်ထားသည်။ 

၎င်းတို့သည် မီဇိုရမ်မှတဆင့် မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး လက်နက်ကိုင်အင်အားစုများနှင့် တွေ့ဆုံ စစ်သင်တန်းပေးခဲ့ပြီး ဥရောပမှ ဒရုန်းများအား အိန္ဒိယနိုင်ငံမှ တဆင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

လက်နက်ကိုင်အင်အားစုများ ဆိုသည့်အချက်တွင် မြန်မာအာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသည့်  အဖွဲ့များ ဟုတ်မဟုတ် မသိရသေးပေ။

ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ ၁၆ ရက်နေ့) က ပြုလုပ်ခဲ့သည့် တရားရုံးကြားနာမှုအရ ၎င်းတို့ကို NIA က မတ်လ ၂၇ ရက်နေ့အထိ ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးခွင့်ရရှိထားသည်။ 

မြန်မာနိုင်ငံ ကချင်၊ စစ်ကိုင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ မီဇိုရမ်၊ မဏိပူရ၊ နာဂလန်း၊ အရူနာချယ်ပရာဒစ်ရှ် ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားသည်။ 

အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့်  လက်နက်ကိုင်အင်အားစုများလည်း စစ်ကိုင်းတိုင်း နာဂဒေသထဲတွင် အခြေစိုက် လှုပ်ရှားကြသလို စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ချင်းပြည်နယ်ဘက်တွင်လည်း မြန်မာစစ်တပ် ကို လက်နက်ကိုင်ခုခံနေကြသည့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ များ လှုပ်ရှားကြသည်။ 

မီဇိုရမ်ပြည်နယ်နှင့်ထိစပ်နေသည့် ချင်းပြည်နယ်၌  လှုပ်ရှားနေသည့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNF/ CNA) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ကမူ အိန္ဒိယတွင်ဖမ်းဆီးခံခဲ့ရသည့် အထက်ပါနိုင်ငံခြားသားများနှင့် ပတ်သက်ဆက်စပ်မှုမရှိကြောင်း ငြင်းဆန် ထားကြသည်။ 

“အဖမ်းခံရတဲ့နိုင်ငံခြားသား ခုနစ်ဦးကတော့ CB နဲ့တော့ ပတ်သက်မှုမရှိပါဘူး။ အဲ့ဒါတော့ကျွန်တော်တို့ သေချာပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းမှာ ပတ်သက်ခြင်းမရှိပါဘူး”ဟု CB ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ဆိုသည်။ ချင်းပြည်နယ်တွင် မြို့နယ် ကိုးခုအနက် ထက်ဝက်ကျော်ကို တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုးထိန်းချုပ်ထားပြီး စစ်တပ်က ပြည်နယ်မြို့တော်ဟားခါး၊တီးတိန်နှင့် ထန်တလန်မြို့တွင်သာ နေရာယူထားနိုင်သည်။

Related Articles

Back to top button