စစ်တပ် စစ်ကြောင်းထိုးနေသော ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်တွင် လွန်ခဲ့သည့်နှစ်ရက်က နေအိမ် ၁၅၀ ကျော် မီးရှို့ခံရပြီး အရပ်သား သုံးဦး သတ်ဖြတ်ခံရကာ ငါးဦး ဖမ်းဆီးခံထားရကြောင်း ဒေသအတွင်း လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံများထံက စုံစမ်းသိရသည်။
မတ်လ ၁၆ ရက်နေ့ ၊ နံနက် ၅ နာရီအချိန်ခန့်တွင် နတ်တလင်းမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ငုတ်တရာ ကျေးရွာ (ဒေသအခေါ် ငုတ်တိုရွာ) နှင့် ထိုရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ဖလံပင်ရွာအကြား စစ်တပ်နှင့် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်နေစဉ် ဖလံပင်ရွာထဲ ပိတ်မိနေသည့် ဒေသခံများကို စစ်တပ်က ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း လှုပ်ရှားသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
ဖလံပင်ရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၀ ကျော် အရွယ်များဖြစ်သော ဦးချစ်ထွန်း၊ ဒေါ်ခင်ရီတို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဒေသခံ အခြားငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“မနက်တိုက်ပွဲဖြစ်ပြီး ညနေပိုင်းကတော့ ဖလံပင်ရွာနဲ့ ရှားစေးဖိုရွာက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပဲ” ဟု ဒေသခံအမျိုးသမီးက ပြောသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိ ဖလံပင်ရွာတွင် အိမ်ခြေ ၁၅၀ နီးပါး မီးရှို့ခံရပြီး အနီးရှိ ရှားစေးဖိုရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းသည် ယင်းနေ့ညနေတွင် ဒမငယ်ရွာဘက်သို့ စစ်ကြောင်း ပြန်ဆုတ်သွားခဲ့ပြီး ယမန်နေ့ (မတ်လ ၁၇ ရက်နေ့) တွင်လည်း သရက်ပင်ကံရိုးနှင့် ငုတ်တရာ စသော ရွာချင်းကပ်လျက် နှစ်ရွာကို မီးရှို့ခဲ့ကြောင်းသိရပြီး အပျက်အစီးအခြေအနေ မသိရသေးပေ။
ယခုနှစ် ဖေဖော်ဝါရီလဆန်းကတည်းက နတ်တလင်းမြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာ ဒမငယ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်သည် မတ်လ ၁၆ ရက်နေ့တွင် မြောက်ဘက် တစ်မိုင်ပတ်ချာလည်မှ ဖလံပင်နှင့် ငုတ်တရာရွာဘက်သို့ ရုတ်တရက်စစ်ကြောင်း ထိုးလာပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ PDF ရဲဘော်က ပြောသည်။
ဖမ်းဆီးခံရသူများ၊ သတ်ဖြတ်ခံရသူများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေ မေးမြန်းမရသေးသလို စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်အကျအဆုံးများရှိသည်ဟု ဒေသခံများက ဆိုသော်လည်း သက်ဆိုင်ရာ ဒေသအခြေစိုက် PDF တပ်ဖွဲ့များက ဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း ငုတ်တရာကျေးရွာ ကင်းစခန်း စစ်တပ်ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် PDF ခြောက်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သေးသည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နတ်တလင်းမြို့နယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ ခင်ပွန်းနှင့် အသက် ၁၁ နှစ်အရွယ် သားတို့ ဒဏ်ရာရခဲ့သည်။
ပဲခူးရိုးမတွင် အခြေပြု၍ စစ်တပ်ကို လက်နက်ကိုင်ခုခံနေသော တော်လှန်ရေးအဖွဲ့များ အားကောင်းပြီး စစ်ရေးလှုပ်ရှားမှု ပိုစိပ်လာသဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကော်မရှင် စစ်ကြောင်းများ ဝင်ရောက် လာသည်။
အထူးသဖြင့် နတ်တလင်းမြို့နယ်အရှေ့ပိုင်းကို အဓိကထား၍ စစ်ကြောင်းထိုးနေပြီး ရှားစေးဖို၊ ဖလံပင်၊ သရက်ပင်ကံရိုး၊ ငုတ်တရာ၊ ညောင်ဝိုင်း၊ ခွေးသေကျေးရွာ အပါအဝင် မြို့နယ်အရှေ့ခြမ်းကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေကြရသည်။
အထက်ပါ နတ်တလင်းစစ်ရှောင်များသည် ပဲခူးရိုးမနှင့်အစပ် တောင်ကုန်းများအပါအဝင် နေရာလွတ်များတွင် တိမ်းရှောင်ကြရပြီး ငွေကြေးအဆင်ပြေသူများအနေဖြင့် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံက သိရသည်။
နတ်တလင်းအရှေ့ဘက်ခြမ်းရှိ တောင်ညိုသစ်တောကြိုးဝိုင်းအလွန်တွင် PDF များ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များ လှုပ်ရှားကြသော ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိသည်။
နတ်တလင်းမြို့နယ်၏ တောင်ဘက်တွင် ဇီးကုန်းမြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် သာယာဝတီခရိုင် မိုးညို၊ ရွှေတောင်၊ မြောက်ဘက်တွင် ပြည်ခရိုင် ပေါင်းတည်၊ သဲကုန်း မြို့တို့နှင့် ထိစပ်နေသည့် မြို့ဖြစ်သည်။
ပဲခူးအနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၊ ဒေသခံအခြေစိုက်ကာကွယ်ရေးအဖွဲ့များလှုပ်ရှားပြီး ပဲခူး အရှေ့ပိုင်း စစ်တောင်းမြစ်တစ်လျှောက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်များ ၊PDFတပ်များ လှုပ်ရှားကြသည်။




