အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမော်မြို့နယ် ရွှေမျှောလုပ်ကွက် ဗုံးကြဲခံရပြီး  ၃၀ ထက်မနည်း သေဆုံးနိုင် 

စစ်လေယာဉ်နှစ်စီး အတန်ကြာပျံဝဲ၍ စိတ်ကြိုက်တိုက်ခိုက်သွားမှုတွင် ၃၀ ထက်မနည်း သေဆုံးနိုင်ပြီး ကယ်ဆယ်ရေးများ မလုပ်နိုင်သေးသဖြင့် အရေအတွက် အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေသည့် လုပ်ကွက်များအတွင်း မတ်လ ၁၀ ရက်နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ရွှေမျှောလုပ်ကိုင်သူ ၃၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံများအဆိုအရ သိရသည်။​

ဗန်းမော်မြို့အနောက်ဘက် မိုင် ၃၆ မိုင်အကွာ၊  မြစ်ကြောင်းအတိုင်းဆိုလျှင် မိုင်၂၀ ကျော်ခန့်အကွာ ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်းနံဘေး စင်းခန်းကျေးရွာအနီး ရွှေဖောင်များကို မတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်မှ ညနေ ၆ နာရီအတွင်း တိုက်လေယာဉ်တစ်စီး၊  သယ်ယူပို့ဆောင်ရေးလေယာဉ် Y-12  တစ်စီးတို့က တရစပ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

“မြစ်လယ်မှာ စက်လှေတွေ ရာနှင့်ချီရှိတယ်။ ရေကျသွားတော့ မျှောစင် ရိုက်ထားတာတွေလည်းရှိတယ်။ (ဗုံး) အစတွေမှန်တော့ ပျက်စီးတာလည်းများတယ်။ မီးလောင်သွားတာက ငါးစီး၊ မော်တော်ရော၊ လူရော မြုပ်နေတာတွေလည်း မကယ်နိုင်သေးဘူး”ဟု အနီးနားတွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွှေဖောင်များ ဗုံးကြဲခံရပြီးနောက် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဆီပေပါများပါ ပေါက်ကွဲခဲ့သဖြင့် လတ်တလောတွင် သေဆုံးသူ ၃၀ ခန့်သာ ရှိမည်ဟု ဒေသခံများက ပြောသော်လည်း  နှစ်ရက်ကြာ ယနေ့ (မတ်လ ၁၂ ရက်နေ့) မွန်းလွဲချိန်အထိ  ဒဏ်ရာရရှိသူ ၂၀ ဦးနှင့် အလောင်း ခြောက်လောင်းကိုသာ ဆယ်ယူနိုင်သေးသည်ဟု သိရသည်။

စစ်လေယာဉ်နှစ်စီးသည် အတန်ကြာပျံဝဲ၍ စိတ်ကြိုက်တိုက်ခိုက်သွားသဖြင့် အထိအခိုက်များရသည်၊ သေဆုံးသူလည်းထပ်တိုးလာနိုင်သည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

“ကြဲနေတဲ့ပုံစံက မြစ်ထဲမှာရှိတဲ့ သူတွေကို မသေသေအောင် ကြဲရမယ်။ အားလုံးသေမှ ရပ်ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ကို အားရပါးရကြဲသွားတာ။ ပတ်ပြီးပတ်ပြီးကြဲတဲ့ဟာဆိုတာလေ ရေတောင်မရေနိုင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီမြစ်အရှေ့ဘက် စင်းခန်းရွာ၊ ထိုမှအရှေ့ဘက် လေးမိုင်ခန့်ရှိ ဝက်သိုးရွာ၊ ဝက်သိုးရွာအရှေ့ဘက် သံးမိုင်အကွာရှိ မြလယ်ရွာများတကြော ခုနစ်မိုင်နီးပါး ရှည်လျားသော မြစ်ပြင်ပေါ်တွင် ရွှေတူးဖော်နေခြင်းဖြစ်ပြီး  ရွှေမျှောလုပ်ကိုင်နေသည့် စက်လှေ ရာနှင့်ချီ တန်းစီရှိနေကြသည်။

အနည်းဆုံး ရွှေမျှောလုပ်သား ၁၀ ဦးစီပါသော စက်လှေ ငါးစီးသည် မီးလောင်ပျက်စီးသွားကြောင်း၊ လက်ရှိတွင် သေဆုံးသူဦးရေ အတိအကျ မကောက်ယူနိုင်သေးကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ရေတက်တဲ့အချိန်လည်း ဖြစ်နေတော့ ရေထဲပါသွားတာတွေလည်း ရှိတယ်။ မြုပ်နေတာတွေလည်း ရှိတယ်။ အဲဒါတွေလည်း မဆယ်နိုင်သေးဘူး။ အတိအကျကြီးကို ဘာမှပြောလို့မရသေးဘူး” ဟုထိုသူက ဆက်ပြောသည်။

ရွှေကူ- ဗန်းမော်လမ်းပေါ်တွင်ရှိပြီး  စစ်ရေးအရ ကုန်းလမ်း၊ ရေလမ်းများကို စိုးမိုးထားနိုင်သည့် စင်းခန်း ကျေးရွာကို ၂၀၂၄ ခုနှစ် မေလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။

KIAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက စင်းခန်းရွာအထက်ပိုင်း ရွှေမျှောလုပ်ကွက်များကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်မှုများရှိကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရ သေးကြောင်း ပြောသည်။

စစ်တပ် ဗုံးကြဲသည့် စင်းခန်းရွာအနီး၌ ၂၀၂၅ ခုနှစ် နှစ်လယ်တွင် KIAနှင့် ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော တစ်စီးနစ်မြုပ်သွားခဲ့ပြီး မြလည်ရွာအနီး တစ်စီးမီးလောင်ပျက်စီးသွားခဲ့သည်။

အဆိုပါသင်္ဘောနှစ်စီးသည်  ဗန်းမော်မြို့ကို စစ်လက်နက်၊ ရိက္ခာအင်အားဖြည့်တင်းရန် မန္တလေးမြို့မှ ထွက်ခွာခဲ့သည့် စစ်သင်္ဘော ၁၇ စီး အနက်အပါအဝင်ဖြစ်ပြီး  ယမန်နှစ် ဇူလိုင်လအတွင်းက ဗန်းမော်မြို့အနီးရောက်လာချိန်တွင် KIAနှင့် ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်က စင်းခန်းရွာကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ စင်းခန်းရွာရဲစခန်းကို ဗုံးထိမှန်ခဲ့ပြီး ရဲစခန်းအနီးလုံခြုံရေးယူထားသည့် KIA တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံ လေးဦးတို့ သေဆုံးခဲ့သည်။  ထိုနေ့က စင်းခန်းရွာအရှေ့ဘက် မြစ်ကမ်းဘေးမှ ခူးလီရွာလည်း ဗုံးကြဲခံရပြီး ဒေသခံတစ်ဦး သေဆုံးခဲ့သည်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက KIA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော်မြို့အတွင်း၌လည်း တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင်  ဗန်းမော်မြို့အနောက်ဘက် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ အိုးဘိုကတောက်ကျေးရွာအနီး ချင်းတွင်းမြစ်ရှိ ရွှေမျှောလုပ်ငန်းများအတွင်း လေကြောင်းမှ ဗုံးသီးချခြင်း၊ မော်တာဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါနာရီဝက်ကြာ လေကြောင်းတိုက်ခိုက်မှုအပြီး ရွှေမျှောလုပ်သား ခြောက်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦး ဦးခေါင်း ထိခိုက်သဖြင့် စိုးရိမ်ရကြောင်း၊ ရွှေမျှောနှစ်ခု မီးလောင်ခဲ့ကြောင်း ၊ဒဏ်ရာရသူများအား တိုက်နယ်(၁)ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆေးကုသပေးနေကြောင်း ၎င်းကဆိုသည်။  

ချင်းတွင်းမြစ်ရှိ ရွှေမျှောလုပ်ငန်းအချို့။ (ဓာတ်ပုံ- ပေးပို့) 

Related Articles

Back to top button