စစ်တပ်အာဏာသိမ်းထားသည့် ငါးနှစ်တာကာလအတွင်း အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များနှင့် အဆင့်မြင့်ပညာများဆက်လက်သင်ကြားနိုင်ရန် အခရာကျသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ အရေအတွက် ဆက်တိုက်ကျဆင်းလာရာ ယခုနှစ် ဖြေဆိုသူပေါင်း ကျောင်းသားကျောင်းသူ နှစ်သိန်းခွဲ ကျော်ခန့်သာရှိကြောင်း သိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲကို ယခုနှစ် မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပနေပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ ၂၆၈,၇၅၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးရှိကြောင်း စစ်တပ်ထိန်းချုပ် သတင်းစာများတွင် မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်တပ် အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန်စာရင်းပေးသူ ၉၇၁,၂၆၆ ဦးရှိပြီး လာရောက်ဖြေဆိုသူပေါင်း ၉၁၀,၂၂၉ ရှိခဲ့ရာ ဖြေဆိုသူ ခြောက်သိန်းခွဲကျော်လျော့နည်းသွားသည်ကို တွေ့ရသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ ခုနှစ် တို့တွင် စာမေးပွဲ ငါးကြိမ်ကျင်းပခဲ့ပြီး ထိုငါးနှစ်ပေါင်းလျှင် ဖြေဆိုသူပေါင်း တစ်သန်းကျော်သာရှိသည်။ ထို့ကြောင့် အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်းလျှင် ဖြေဆိုသူပေါင်း ကိုးသိန်းကျော်ရှိရာ ထိုတစ်နှစ်တာအရေအတွက်သည် အာဏာသိမ်း ငါးနှစ်တာကာလ ဖြေဆိုသူ စုစုပေါင်းအရေအတွက်နှင့် မတိမ်းမယိမ်းဖြစ်နေသည်။
စစ်အာဏာသိမ်းပြီးနောက် ပိုက်ဆံတတ်နိုင်သူများက သားသမီးများကို နိုင်ငံခြားကျောင်းများတွင် ပညာသင်ကြားခိုင်းပြီး ပိုက်ဆံမတတ်နိုင်သူများက အခြေအနေအရပ်ရပ်ကြောင့် စစ်တပ်ထိန်းချုပ် စာသင်ကျောင်းများတွင် ပြန်ထားမှုများရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောသည်။
အရွယ်ရောက်ပြီးသူများကို စစ်ထဲဆွဲသွင်းမည့် စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြန်ထားသူများရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း အဆိုပါကျောင်သားများလည်းပါဝင်ကြောင်း ၎င်းက ဆိုသည်။
“ကင်းကွာသုံးနှစ်ကျော်ရင် အပြင်ဖြေဖြစ်သွားပြီလေ။ ကင်းကွာတာကတော့ အဓိက နိုင်ငံရေးပေါ့ CDM ပေါ့။ စစ်ဖြစ်တဲ့ အညာတို့၊ စစ်ကိုင်းတို့ကလည်း မြို့ပေါ်တက်ကျောင်းထားတာတွေရှိတာပေါ့။ ဒီနှစ်ကတော့ စာမေးပွဲဖြေတာ အခက်ခဲမရှိကြပါဘူး” ဟု ၎င်းက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောထားသည်။
“ကျောင်းပြန်တက်ကြတာ စစ်မှုထမ်းဥပဒေပေါ့။ ကျောင်းသားတော်တော်များများက အဲဒါကို ကြောက်လို့ ပြန်တက်ကြတာပေါ့”
အလားတူ တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသလို စစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့် တော်လှန်ရေးနယ်မြေများမှ ကျောင်းသားမိဘအချို့က စစ်တပ်ထိန်းချုပ်မြို့ပေါ် ကျောင်းများသို့ စာသင်ကြားရန် စီစဉ်မှုများလည်း ရှိနေသည်။
စစ်ကော်မရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပညာ သင်ကြားခွင့် မဆုံးရှုံးရန် ကြားကာလပညာရေးစနစ်ကို အကောင်အထည်ဖော်နေသော်လည်း ထိုစာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေ၍ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။
စာသင်ကျောင်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအနက် အပြင်းထန်ဆုံးတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ NUG အစိုးရ၏ စာသင်ကျောင်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက်တွင် စာမေးပွဲဖြေရန်ပြင်ဆင်နေစဉ် စစ်တပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ရာ ကျောင်းသူ၊ ကျောင်းသား၂၀ ဦးနှင့် ဆရာမနှစ်ဦး စုစုပေါင်း ၂၂ ဦး နေရာတွင်ပင် သေဆုံးခဲ့သည်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရသည့် အာဏာသိမ်းစစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် စစ်ရှောင်စခန်းများအား လေယာဉ်၊ ဒရုန်း၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း လက်နက်ကိုင်တော်လှန်မှု အားကောင်းသည့် ကရင်နီဒေသတွင် စာသင်ကျောင်းများတိုက်ခိုက်ခံရ၍ ၂၄ ဦးသေဆုံး၊ ၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) ပညာရေးဌာန စာရင်းများအရ သိရသည်။
အာဏာသိမ်းပြီးနောက် NUG စာသင်ကျောင်းတွင် တစ်နှစ်ကြာကျောင်းထားခဲ့သော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မကြာခဏ ကျောင်းပိတ်ရသဖြင့် သားဖြစ်သူ၏ ပညာရေး နှောင့်နှေးမည်ကို စိုးရိမ်၍ စစ်တပ်ထိန်းချုပ်မြို့ကြီးတစ်မြို့တွင် ကျောင်းပြန်ထားခဲ့ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ဝင်ဖြေနေသော ကျောင်းသားတစ်ဦး၏ မိခင်က ပြောသည်။
၎င်းအနေဖြင့် စစ်ကော်မရှင်ကို အသိအမှတ်မပြုလိုသော်လည်း လုပ်ငန်းခွင်ဝင်ရောက်ရန်နှင့် အဆင့်မြင့် ပညာများ ဆက်လက်သင်ကြားရန် အောင်လက်မှတ်လိုအပ်၍ သားသမီးများကို ကျောင်းပြန်ထားသူရှိကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
“စစ်ကောင်စီကျောင်းတွေ ပြန်တိုးလာကတော့ အောင်လတ်မှတ်မပါရင် မရတာတွေ၊ အလုပ်လုပ်ရင် ဘွဲ့လတ်မှတ်ကလည်း မပါရင် မရဘူး။ လိုတာဆိုတော့ အထက်တန်းနဲ့ တက္ကသိုလ်တွေ ပြန်တက်ရတာပေါ့။ တော်လှန်ရေးကာလကလည်း မပြီးမှ မပြီးတာကိုး။ အချိန်ကြာလာတာနဲ့အမျှ အကြောင်း ကြောင်းကြောင့် စစ်ကောင်စီပညာရေးဘက်ကို ပြန်ပြီး တက်ရတာတွေလည်းရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ကျောင်းပြန်တက်နေမှုများအပေါ် အညာဒေသ ကျောင်းသားမိဘများအနေဖြင့် တော်လှန်ရေး အင်အားစုများဘက်က အမြင်မကြည်လင်မှုများလည်း ရင်ဆိုင်ရကြောင်း ဆိုကြသည်။
စစ်ကော်မရှင်ဘက်ကလည်း NUG ပညာရေးဝန်ကြီးဌာနက အသိမှတ်ပြုထုတ်ပေးသည့် ဘွဲ့လက်မှတ်ဖြင့် နိုင်ငံတကာကျောင်းများတွင် ပညာသင်ကြားခွင့်မရရန် လိုက်လံပိတ်ဆို့မှုများရှိခဲ့သည်။
ရန်ကုန်မြို့မှ နိုင်ငံခြားရေးဌာနဝန်ထမ်း သုံးဦးနှင့် အရပ်သား လေးဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပေးသော ဘွဲ့လက်မှတ် နိုတြီ (သက်သေခံချက်) ဘာသာပြန် ဝန်ဆောင်ပေးမှု၊ ထောက်ခံပေးမှု စွဲချက်များနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ဖမ်းဆီးခဲ့သည်။
တော်လှန်ရေးကာလကြာမြင့်လာချိန် အခြေအနေအကြောင်းကြောင်းကြောင့် CDM ကျောင်းသားများ ကျောင်းပြန်တက်သူများရှိနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ABFSU) သတင်းနှင့်ပြန်ကြားရေးကော်မတီ တာဝန်ရှိသူ မခင်နီက Myanmar Now ကို ပြောသည်။
“ CDM လုပ်တဲ့သူတွေကိုလည်း ကူညီထောက်ပံ့ရတဲ့ဟာမျိုးတွေ ဝိုင်းဝန်းကူညီပေးရမယ့် အခြေအနေ မျိုးတွေရှိသလိုမျိုး တစ်ဖက်က ကျောင်းသွားတက်ဖြစ်တဲ့ ကျောင်းသားတွေကိုလည်း တော်လှန်ရေးထဲကို ပါလာအောင်၊ နောက်ပြီးတော့ သူတို့ပညာသင်ကြားနေရင်းနဲ့ပဲ တော်လှန်ရေးကို ပိုပြီးတော့ ဝိုင်းဝန်း ပံ့ပိုးပေးနိုင်အောင် ကိုယ့်ဘက်ကို စည်းရုံးရမယ့်အခြေအနေမျိုးလို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုများကြောင့် တော်လှန်ရေးအင်အားစုများ၏ စာသင်ကျောင်းများ ပုံမှန် ပြန်ဖွင့်ရန်ခက်ခဲသလို အခြားတစ်ဖက်တွင် စားဝတ်နေရေးအကျပ်အတည်းကြောင့် ပညာရေးကိုလက်လွတ် လိုက်ရသူများစွာရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင် ထိန်းချုပ်နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးလိုက်ရသည့် ဒေသများတွင် စစ်တပ်စာသင်ကျောင်းများအစား တော်လှန်ရေးအင်အားစုများ၏ ကြီးကြပ်မှုဖြင့် စာသင်ကျောင်းများဖွင့်လှစ်လာကြသည်။
စစ်ကော်မရှင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် ထိန်းချုပ်နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရသည့် ရခိုင်၊ ရှမ်း(မြောက်)၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွင်း ဖြေဆိုသူ သိသိသာသာကျဆင်းသွားသည် ။
ကရင်နီပြည်နယ်တွင် စစ်တပ်ထိန်းချုပ်ကျောင်းများတွင် ကျောင်းပြန်တက်သူရှိသည်ဟု မကြားမိကြောင်း IEC ပညာရေးဌာန ဌာနမှူးကြီး မော်မီးမာက Myanmar Now ကို ပြောသည်။
စစ်တပ်၏ လေကြောင်းအန္တရာယ်များကြားမှ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပညာရေးဌာနနှင့် ချိတ်ဆက်ထားသည့် အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်သင်ကြားနေသလို တက္ကသိုလ်ကောလိပ်များလည်း ပြန်လည်ဖွင့်လှစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ကရင်နီဒေသမှာတော့ ကျောင်းသားအရေအတွက်များလာတာရှိပါတယ်။ ကျောင်းတွေကို ဗုံးကြဲ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးထုတာတွေရှိပေမယ့်လည်း ကလေးတွေပညာသင်ကြားဖို့ အဆက်မပြတ် သွားအောင် ကျောင်းတွေဆက်လက်ပြီးဖွင့်နေပါတယ်။ သို့သော်ဒီလပိုင်းအတွင်း စကစဘက်က စစ်ကြောင်းထိုးတာတွေ ပြန်တိုးလာတာကြောင့် မိဘတွေစိုးရိမ်မှုတွေရှိနေကြပါတယ်” ဟု၎င်းက ဆိုသည်။




