ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွင် နေထိုင်သော သတင်းသမားတစ်ဦး ယမန်နေ့ (မတ်လ ၁၇ ရက်နေ့) ညနေတွင် ဖမ်းဆီးခံရပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း ၎င်း၏ မိတ်ဆွေများထံက သိရသည်။
ဒေသအခြေစိုက် အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သော ဥရုနေ့စဉ်သတင်းစာ (Uru Daily News)၏ အယ်ဒီတာ ကိုတာလင်းမောင်သည် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာအနီး ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
“ မနေ့က ဆိုင်းတောင်မှာ သပိတ်လုပ်တယ်။ သူက အဲဒီ အစည်းအဝေးမှာတက်တယ်။ အစည်းအဝေးပြီးတော့ သူ့သူငယ်ချင်းဆီ သွားဖို့ထွက်သွားလိုက်တဲ့အချိန်မှာ ကြားဖြတ်ပြီးတော့ သူတို့က ဆွဲသွားတယ် ။ ထင်တဲ့ အတိုင်းပါပဲ ကျွန်တော်တို့ဘက်က ဆွဲသွားတာဟုတ်တယ်။ အဓိက ကတော့ သူက (တပ်သားသစ်) စုဆောင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး (ဆိုရှယ်မီဒီယာမှာ) တော်တော်လေးပြောလိုက်တာ” ဟု ၎င်း၏ မိတ်ဆွေ ဖားကန့်ဒေသခံ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။
သပိတ်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး မိတ်ဆွေသူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံရန်ချိန်းထားသည်ဟု ပြောဆိုထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးကလည်း ပြောသည်။
“မနေ့က ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်မှာ ချိန်းပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ အစအနပျောက်နေတာ။ ကိုတာလင်းမောင်ကို မျက်မြင်တွေ့ရှိတဲ့သူတွေကို စုံစမ်းတဲ့အခါမှာလည်း လူတစ်စုက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဘက်ခြမ်းမှာက KIA/KPDF စိုးမိုးထားတဲ့နယ်မြေဖြစ်တဲ့အတွက် KPDF ကပဲ ခေါ်သွားတယ်လို့ သတ်မှတ်လို့ရပါတယ်ဗျ” ဟု ကိုနောင်ရိုးက ပြောသည်။
ဆိုင်းတောင်ကျေးရွာရှိ ဂျိတ်ကွင်း လက်ဖက်ရည်ဆိုင်တွင် မိတ်ဆွေတစ်ဦးနှင့်ထိုင်၍ စကားပြောနေသည့် ကိုတာလင်းမောင်ကို KPDF ယူနီဖောင်းဝတ်ဆင်ထားသူ လူငါးဦးက လာရောက်ခေါ်ဆောင်သွားသည်ဟု လက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် မျက်မြင်များ၏ပြောပြချက်များကို ကိုးကား၍ အသက် ၃၁ နှစ် အရွယ် မိတ်ဆွေအမျိုးသား နောက်တစ်ဦးက ပြောသည်။
“ကိုတာလင်းမောင်က လက်ဖက်ရည်ဆိုင်မှာ ဧည့်သည်နဲ့ စကားထိုင်ပြောနေတဲ့အချိန် ယူနီဖောင်းဝတ်ထားတဲ့ PDF အဖွဲ့ရော UG အဖွဲ့ရောလို့ကြားတယ်ဗျ။ ဒီအောက်ခြေလက်အောက်ငယ်သားတွေ လာခေါ်သွားတယ်လို့ ပြောတယ်။ လန်ခရူစာ ကားအဖြူနဲ့ လာခေါ်သွားတယ်လို့ကြားတယ်”ဟု အထက်ပါအမျိုးသားမိတ်ဆွေက ပြောသည်။
ဖားကန့် မှော်လှည့်သပိတ်အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးလည်းဖြစ်သည့် ကိုတာလင်းမောင်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်း၏ မိတ်ဆွေများက ယူဆကြသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ဆုံး သီတင်းပတ်တွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO ) အရာရှိအချို့၏ အာဏာအလွဲသုံးစားပြုမှုအပေါ် ကိုတာလင်းမောင်က လူမှုကွန်ရက်တွင် ရေးသားခဲ့စဉ် ၎င်းနှင့်အတူ ကိုနောင်ရိုးလည်း KIA ၏ တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရဖူးသည်ဟု သိရသည်။
ယခင်တစ်ကြိမ် ဖမ်းဆီးခြင်းခံရချိန် စစ်ဆေးမေးမြန်းသည့် အရာရှိများက ထိုးကြိတ်ကန်ကျောက်ခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင် ထိုကဲ့သို့ ကြုံတွေ့ရမည်ကို စိုးရိမ်နေသည်ဟု ကိုနောင်ရိုးက ပြောသည်။
“ပထမတစ်ကြိမ်တုန်းကလည်း ကောင်းကောင်းမွန်မွန်လို့သာ ကျွန်တော်တို့က ပြောရတာ၊ စစ်ဆေးတဲ့ အခါ ရိုက်တာနှက်တာတွေ ဖြစ်စဉ်တွေရှိခဲ့တာကိုး။ အဲ့ဒီလို လက်လွတ်စပယ်တွေ လုပ်မှာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း စိုးရိမ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “ တစ်ခုခုဆို သက်ဆိုင်ရာလူကြီးတွေက ခေါ်ယူပြီးတော့ သတိပေးတာမျိုး၊ အသိပေးတာ မျိုးလုပ်စေချင်တယ်ဗျ။ ဒါပေမဲ့ အခုက တစ်ခုခုဆို ဝုန်းခနဲ ခေါ်သွားတယ်။ ဝုန်းဆို ခေါ်သွားပြန်ပြီ ။ စစ်ဆေးတဲ့အခါမှာလည်း ရိုက်တာနှက်တာတွေ အစဉ်အလာရှိတော့ ကျွန်တော် အဲဒီအပေါ်မှာ စိုးရိမ်တာ” ဟု ကိုနောင်ရိုးက ပြောသည်။
ဆိုင်းတောင်ကျေးရွာသည် ဆိပ်မူကျေးရွာအုပ်စုတွင်ပါဝင်ပြီး ဖားကန့်မြို့၏ တောင်ဘက်ကပ်လျက်၌ တည်ရှိပြီး ဥရုချောင်းသာ ခြားထားသည်။ ရွာကြီးတစ်ခုဖြစ်သော ဆိုင်းတောင်ကျေးရွာကို KIA/KPDF က ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ယနေ့အထိ ထိန်းချုပ်ထားသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၌ KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) များ စစ်ရေးလှုပ်ရှားနေသည်။
ကိုတာလင်းမောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅- က ဖြင့်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
၎င်းသည် ဖားကန့်ဒေသရှိ စစ်ကော်မရှင်တပ်နှင့် KIA/ KPDF များ လူသစ်စုဆောင်းခြင်း၊ ဒေသတွင်း ဖြစ်ပေါ်နေသော သတင်းများကို လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုနေသူတစ်ဦး လည်းဖြစ်သည်ဟု ကိုတာလင်းမောင်နှင့် နီးစပ်သော အသိုင်းအဝိုင်းထံက သိရသည်။
ယမန်နှစ် စက်တင်ဘာလကုန်မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တပ်သားသစ်များ အတင်းအကျပ် စုဆောင်းမှု နေ့စဉ်လုပ်ခဲ့စဉ်က ဒေသခံများကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
အထူးသဖြင့် ဖားကန့်မြို့အနောက်တောင်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် KIA ထိန်းချုပ်သည့် ဆိုင်းတောင်ကျေးရွာမှ ဒေသခံ အများအပြား စစ်သားသစ်အဖြစ် စုဆောင်းရန် ခေါ်ယူခံရခြင်းဖြစ်သည်။
ထိုစဉ်က အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စစ်ပွဲကာလဖြစ်သည့်အတွက် စစ်သားစုဆောင်းမှုများ ရှိနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောထားသည်။
ကချင်ပြည်နယ် ဖားကန့်၊ ဆိုင်းတောင်၊ ဟောင်ပါးနှင့် တာမခန်စသည့်ဒေသများတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် KIA က လူသစ်စုဆောင်းမှုများ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ မတ်လ ၁၅ ရက်နေ့အထိ KIA အပြင် KPDF တို့ ပူးပေါင်း၍ လူသစ် စုဆောင်းမှုတွေ ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်ဟု KIA/ KPDF နှင့်နီးစပ်သော အမျိုးသားတစ်ဦး က ပြောသည်။
အာဏာသိမ်းစစ်တပ်ကလည်း ၎င်းတို့ကို ဆန့်ကျင်ဝေဖန်သူများကို ဖမ်းဆီးမှုများရှိနေပြီး ထိုအထဲ သတင်းသမားများလည်း အများအပြားပါဝင်နေသည်။ အလားတူ အတင်းအကျပ် စစ်သား စုဆောင်းခြင်းများလည်း အာဏာသိမ်းစစ်တပ်က ပြုလုပ်နေသည်။
(သတင်းဖြည့်စွက်ချက်။ ။ မတ်လ ၁၈ ရက်နေ့ ညနေတွင် ဖားကန့်သတင်းသမား ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။)



