အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာ

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်ကြာ ရယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ ယနေ့(မတ်လ ၃၀ ရက်) တွင် လွှဲပြောင်းလိုက် ပြီဖြစ်သည်။

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်ကြာ ရယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ ယနေ့(မတ်လ ၃၀ ရက်)တွင် လွှဲပြောင်းလိုက် ပြီဖြစ်သည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်က နေပြည်တော် ၊ ဇေယျသီရိဗိမာန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားပြုလုပ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား တပ်ချုပ်တာဝန် လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း OTS အပတ်စဉ် (၇၇) ဆင်း၊ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကြည်းတပ် ခေါင်းဆောင်အဖြစ်မှ စစ်တပ်တစ်ခုလုံး၏ နံပါတ်တစ်ခေါင်းဆောင် ဖြစ်လာသည်။

စစ်တပ်၏နံပါတ်နှစ် အဆင့်ရှိသည့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရာထူးမှအနားယူသွားခဲ့သည်။ ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတပ်ချုပ်အသစ် စစ်တပ်၏နံပါတ်နှစ် ခေါင်းဆောင်အဖြစ် တချိန်တည်းတွင် ခန့်အပ်ခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်း ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စစ်တပ်၏ နံပါတ်(၃) အဆင့်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာသည်။ 

စစ်တပ်ခေါင်းဆောင်ရာထူးစွန့်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အမြင့်ဆုံးအိပ်မက်ဖြစ်သည့် သမ္မတရာထူးကို ရယူဖွယ်ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် သမ္မတလောင်းတစ်ဦးကို လွှတ်တော်မှတဆင့် တင်မြှောက်နိုင်သည်။ သမ္မတနှင့်ဒုသမ္မတ ဖြစ်လာသူများသည် စစ်တပ်အပါအဝင် အစိုးရအရာရှိရာထူးများမှ နုတ်ထွက်ရန်လိုအပ်သည်။

တပ်ချုပ်သစ် ရဲဝင်းဦး

ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ၂၀၂၁ အာဏာသိမ်းပွဲတွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး၊ နိုင်ငံတော်အတိုင်ပင်ခံကို ဦးဆောင်ဖမ်းဆီးခဲ့သူဖြစ်သည်။ 

သူသည်စစ်တပ်အာဏာမသိမ်းခင်း တစ်နှစ်ခန့်အလို ၂၀၂၀ ပြည့်နှစ် တွင် စ.ရ.ဖ ဟု အတိုကောက်ခေါ်ကြသည့် စစ်ထောက်လှမ်းရေးတပ်ခေါင်းဆောင်ရာထူးရခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်တွင်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အရေးပေးမှုကြောင့် စစ်တပ်တွင်းသူ၏သြဇာသည် အလျင်အမြန် ကြီးထွားလာခဲ့သည်။ 

တပ်ချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီးရဲဝင်းဦး။ (ဓာတ်ပုံ-MOI) 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကဖွဲ့စည်းခဲ့သည့် စစ်ကောင်စီတွင် တွဲဖက်အတွင်းရေးမှူး၊ ၂၀၂၅ တွင် စစ်ကောင်စီမှ စစ်ကော်မရှင်ဟုအမည်ပြောင်းဖွဲ့ချိန်တွင် အတွင်းရေးမှူး ရာထူးများရခဲ့သည်။ ထို့အပြင် အာဏာသိမ်းစစ်တပ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ကာလုံဟုခေါ်သည့်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)ရုံး၏ တွဲဖက်အမှုဆောင်ချုပ်လည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စ.ရ.ဖ ဟုအတိုကောက်ခေါ်ကြသည့် စစ်ထောက်လှမ်းရေးတပ်၏ ခေါင်းဆောင်အဖြစ် ရှိနေချိန်တွင် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သည့် နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်ကြောရေးစခန်းများ၏ ပဲ့ကိုင်ရှင်၊ ထောက်လှမ်းရေးယန္တရားကို ဦးဆောင်သူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှား၊ တရုတ် ပြည်ပခရီးစဉ်များတွင်လည်း စစ်ခေါင်းဆောင်၏အနီးတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား အမြဲတွေ့ရလေ့ရှိသည်။

“စစ်ခေါင်းဆောင်(မင်းအောင်လှိုင်)အပေါ်မှာလည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ အင်မတန်မှကို သစ္စာရှိ၊ ကျိုးနွံတဲ့သူဆိုတာ မြင်သာတယ်။ သူတို့ နှစ်ယောက်ကြားမှာရှိတဲ့ ရင်းနှီးဆက်ဆံမှု အတိုင်းအတာဟာ အင်မတန် ကြီးမားတဲ့ အနေအထား ရှိပါတယ်” ဟု စစ်ဘက်နှင့် လုံခြုံရေးရာ သုတေသနအဖွဲ့(MDSI)မှ CDM ဗိုလ်မှူး နောင်ရိုးက ပြောသည်။

ရဲဝင်းဦးသည် အရာရှိငယ်ဘဝတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး ပထမတန်း(G1) အဆင့်နှင့် ရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူး ဖြစ်ခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် တွင် တပ်မတော်ဆေးတက္ကသိုလ်(စစ်/ဆေး)ကျောင်းအုပ်ကြီးဖြစ်လာပြီး ထိုမှတဆင့် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။ 

၂၀၂၀ ပြည့်နှစ်တွင် ထိုစဉ်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့်အခါ စိုးထွဋ်၏နေရာအား ရဲဝင်းဦးက ဆက်ခံခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လတွင် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ်မှ ကြည်းတပ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးရခဲ့သည်။

“လုပ်ငန်းသဘောအရ ရဲဝင်းဦးက နတခ တိုင်းမှူး၊ စခရချုပ် တာဝန်ယူလာတာ။ စစ်ဆင်ရေးကိစ္စတွေ၊ စစ်ရေး၊ စစ်ထောက်ကိစ္စတွေ သူတာဝန်မယူဘူးသလို လက်ရှိမှာလည်း သူက အဲ့ဒီလုပ်ငန်းတွေ ကိုင်တွယ်တာ မရှိဘူး” ဟု နေပြည်တော်ရှိ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

နဝမမြောက် စစ်တပ်ခေါင်းဆောင်

ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည်  ၁၉၄၇ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း  ကိုးဦးမြောက် စစ်တပ်ခေါင်းဆောင်ဖြစ်သည်။

သူ၏ရှေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး တင်ဦး(NLD ပါတီခေါင်းဆောင်)၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တပ်ချုပ်ရာထူးများယူခဲ့ကြသည်။

ထိုအထဲမှ  တပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၄၉ မှ ၁၉၇၂ ထိ ၂၃ နှစ် ၂လ ၁၉ရက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ မှ ၂၀၁၁ ခုနှစ်ထိ ၁၆ နှစ် ၁၁လ ၆ရက်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၁ မှ ၂၀၂၆ ထိ ၁၅ နှစ်ရယူခဲ့သည်။ 

လွတ်လပ်ရေးရပြီးနောက် ၇၉ နှစ်အတွင်း အာဏာရှင်အဆိုပါ စစ်ဗိုလ်ချုပ်ကြီးသုံးဦးသည် မြန်မာစစ်တပ်ခေါင်းဆောင်ရာထူးကို ၅၇ နှစ်ကျော်ကြာ ချုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်တွင် တပ်ချုပ်နှင့် ဒုတပ်ချုပ် သက်တမ်းကို “အကန့်အသတ်မရှိ” တိုးမြှင့်သည့် အမိန့်သစ်ကို ထုတ်ပြန်ထားရာ တပ်ချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ရာထူးသည်လည်း စစ်တပ်ခေါင်းဆောင်များစိတ်တိုင်းကျ “နှစ်ကာလသတ်မှတ်ချက် အကန့်အသတ်မရှိ” ဆက်ရှိနေမည်ဖြစ်သည်။ 

 လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ခေါင်းဆောင်များ ။ (ဓာတ်ပုံ- စစ်ကော်မရှင်)


Related Articles

Back to top button