အီရန်ပဋိပက္ခကြောင့် လောင်စာဆီအကျပ်အတည်းဖြစ်ပေါ်နေသော်လည်း စစ်တပ်သည် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်နေပြီး အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဆက်တိုက်ရှိနေသည်။
ရေနံတင်ပို့မှုအတွက်အရေးပါသည့် အရှေ့အလယ်ပိုင်းရှိ အီရန်နှင့် အမေရိကန်၊ အစ္စရေး ပဋိပက္ခဂယက် ကြောင့် စက်သုံးဆီအကျပ်အတည်းအပြင် လေယာဉ်ဆီအခက်ကြုံနေရသဖြင့် ပြည်တွင်းခရီးစဉ် လေကြောင်းလိုင်းအချို့ ရပ်တန့်ရသည့် အခြေအနေဆိုက်ရောက်နေသော်လည်း တော်လှန်ရေး အင်အားစု အားကောင်းရာဒေသများ၌ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများသည် လျော့သွားခြင်းမရှိဘဲ အရှိန်မြှင့်လုပ်ဆောင် နေသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အရှေ့အလယ်ပိုင်း ပဋိပက္ခစတင်ခဲ့ချိန်ကစပြီး သုံးပတ်ကျော်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀၀ ထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် ရခိုင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်တို့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများဆုံးရှိခဲ့သည်။
စစ်တပ်တွင် လေယာဉ်ဆီ အရန်သိုလှောင်ပြီးသားရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများ လျော့ကျ သွားနိုင်ခြေမရှိကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် CDM စစ်သားများက သုံးသပ်သည်။
“ပင်မဆီသိုလှောင်ရေးတပ်ကြီးတွေကနေဆိုတာ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ရင်းကြီးတွေမှာ လေယာဉ်ဆီတွေကိုတိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် အရန်သိမ်းထားပြီးသားရှိတယ်။ အဲ့ဒီတော့ အခု လက်ရှိအရှေ့အလယ်ပိုင်း ပဋိပက္ခကာလလောက်အတွင်းမှာတော့ ပြည်တွင်းလေကြောင်း တိုက်ခိုက်မှုကို အရှိန်လျှော့မှာ မဟုတ်ဘူး”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဆီအကျပ်အတည်းပိုမိုကြီးထွားလာပါက အရပ်ဘက်လေကြောင်းလိုင်းများကို ဦးစားပေးလျှော့ချနိုင်ပြီး ထို့နောက် စစ်ရေးဘက်တွင် လေ့ကျင်ရေးပိုင်းကို လျှော့ချ၍ နောက်ဆုံးအဆင့်တွင်သာ စစ်ဆင်ရေးပိုင်းအား သက်ရောက်ဖွယ်ရှိနိုင်ကြောင်း လေတပ်တွင် ရှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ဝင်လာသည့် တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
“အခုဆိုရင် အရပ်ဘက်တွေကို လျှော့နေပြီ။ နောက်ဆိုရင် ဆီမရရင် အရပ်ဘက်တွေကို ရပ်သလောက်ကို ဖြစ်အောင်လုပ်လိမ့်မယ်။ အဲ့ဒါပြီးရင် လေ့ကျင့်ရေးကိုလျှော့ချလိမ့်မယ်။ စစ်ဆင်ရေးကိုတော့ လျှော့မှာ မဟုတ်ဘူး။ နောက်ဆုံး လုံးဝမဖြစ်သာတဲ့အဆင့်မှသာ စစ်ဆင်ရေးက သူတို့ မလုပ်ဘဲနေမှရမယ်။ အရေး ကြီးတဲ့စစ်ဆင်ရေးအတွက်ကို ဦးစားပေးလုပ်သွားမှာ” ဟု ၎င်းက သုံးသပ်သည်။

စစ်တပ်က လေယာဉ်ဆီ ဘယ်လိုရနေလဲ
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထောင်နှင့်ချီ သေဆုံးခဲ့ရသည့်အတွက် စစ်တပ်ထံ လေယာဉ်ဆီတင်သွင်းမှု ဖြတ်တောက်ရန်တောင်းဆိုထားသော်လည်း အလှမ်းဝေးနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကုန် ဒီဇင်ဘာလမှ အီရန်ပဋိပက္ခမတိုင်ခင် ဖေဖော်ဝါရီလအထိ အီရန်မှလေယာဉ်ဆီ သုံးကြိမ် တင်သွင်းခဲ့ကြောင်း Nikkie Asia သတင်းဌာနက မတ်လအစောပိုင်းတွင်ဖော်ပြထားသည်။
စစ်တပ်၏ လတ်တလော အသုံးပြုမှုများအပေါ် အခြေခံတွက်ချက်မှုအရထိုတင်သွင်းမှုသည် စစ်တပ် စစ်ဆင်ရေးများအတွက် ရက်ပေါင်း ၁၂၀ မှ ၁၅၀ (လေးလမှ ငါးလ)အထိ လုံလောက်သည့်ပမာဏ ဖြစ်သည်ဟု ဆိုသည်။
အီရန်မှ လေယာဉ်ဆီတင်သွင်းမှုသည် ရင်းမြစ်တစ်ခုဖြစ်ပြီး စစ်အုပ်စုသည် နေရာစုံမှ နည်းလမ်းပေါင်းစုံဖြင့် လေယာဉ်ဆီရရှိနေခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign)မှ တာဝန်ရှိသူက ပြောသည်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည့် လူထုလှုပ်ရှားမှုတစ်ခုဖြစ်ပြီး စစ်တပ်ဝင်ငွေလမ်းကြောင်းများ ဖြတ်တောက်ရေး၊ လေကြောင်း တိုက်ခိုက်မှုများရပ်တန့်ရန်အတွက် လေယာဉ်ဆီတင်သွင်းမှု တားမြစ်ရန်နှင့် လေယာဉ်ဆီနှင့် ဆက်စပ် သည့်ကုမ္ပဏီများကိုအရေးယူရန် နိုင်ငံတကာအစိုးရများကို တိုက်တွန်းလှုံ့ဆော်မှုများလုပ်ဆောင်နေသည်။
နိုင်ငံတကာစစ်ရေးအခြေအနေအရ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှုကြောင့် အာရှတွင် ရေနံတင်သွင်း မှုပြတ်တောက်သွားပါက အာရှ၏ လေယာဉ်ဆီထုတ်လုပ်မှုရော၊ နိုင်ငံတကာကုမ္ပဏီများ လေယာဉ်ဆီ ထုတ်လုပ်မှုကိုပါ သက်ရောက်မှုရှိလာပြီး စစ်အုပ်စုအတွက် အခက်ကြုံလာနိုင်ကြောင်း BMC တာဝန်ရှိသူက သုံးသပ်သည်။
“ဘာလို့လဲဆိုတော့ စစ်အုပ်စုကို အဓိက တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် အာဆီယံနိုင်ငံတွေက လေယာဉ်ဆီ ရောင်းချနေတာမို့ပါ။ တကယ်သာ လေယာဉ်ဆီစစ်အုပ်စုထံ ရောက်ဖို့ခက်ခဲသွားရင်တော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုစွမ်းအားတွေအပေါ် အများကြီးအကျိုးသက်ရောက်ပြီး လေကြောင်း အန္တရာယ်လျော့နည်းသွားမှာပါ” ၎င်းကဆိုသည်။
စစ်အုပ်စုက တင်သွင်းလာသည့် လေယာဉ်ဆီများမှာ ဗီယက်နမ်၊ မလေးရှားစသည့် ဆိပ်ကမ်းများမှ တဆင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း ၎င်းကဆိုသည်။ အထူးသဖြင့် ယူကေ (UK) နှင့် ဥရောပသမဂ္ဂ (EU) တို့က မြန်မာနိုင်ငံကိုပေးနေသည့် ရေကြောင်းအာမခံဝန်ဆောင်မှုလုပ်ငန်းများ ပိတ်ဆို့ရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။
အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ဘယ်လိုလုပ်ခဲ့လဲ
ကမ္ဘာတစ်ဝန်း လောင်စာဆီ အကျပ်အတည်းဖြစ်နေသည့် ယခုလအတွင်းမှာပင် လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခဲ့သည်။
လေယာဉ်အများအပြားဖြင့် ပစ်မှတ်တစ်နေရာတည်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်ပုံစံမျိုး တွေ့မြင်လာရသည်ဟု လေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများကဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ စစ်သုံ့ပန်းများထားရာ အကျဉ်းစခန်း၊ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်း၊ ကသာမြို့ပေါ် လေးထပ်ဘုန်းကြီးကျောင်းနှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွှေမျှောများကို ဗုံးကြဲရာတွင် တိုက်လေယာဉ်များအသုံးပြုပြီး ဆက်တိုက် ဗုံးကြဲခဲ့သည်ဟု တော်လှန်ရေးအင်အားစုများကလည်း ပြောသည်။
“ သဘောသဘာဝကတော့ ကြိုတင်ပေါင်းစပ်ပြီး စစ်ဆင်ရေးဆောင်ရွက်တဲ့သဘောပဲ။ လေတပ်စခန်း ဘယ်စခန်းကနှစ်စီးတက်၊ ဘယ်စခန်းကဘယ်လောက်တက်ဆိုပြီးတော့ ပူးပေါင်းပြီးတော့ ထိထိ ရောက်ရောက်လုပ်သွားတဲ့ပုံစံလို့ ပြောလို့ရတယ်”ဟု CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
လေယာဉ်ဆီ အကျပ်အတည်းပိုမိုပြင်းထန်လာသည့်တိုင် ဆီစားသက်သာပြီး အောက်တိန်းဆီဖြင့် အသုံးပြုနိုင်သည့် အင်ဂျင်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတို့ကိုသုံးပြီး တိုက်ခိုက်မှုများဆက်ရှိနိုင်သလို ၎င်းတို့၏ အားသာချက်ဖြစ်လာသည့် ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်လာနိုင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
အင်ဂျင်တပ်လေထီးနှင့် ဂျိုင်ရိုကော်ပတာတို့တွင် အသုံးပြုသည့် အောက်တိန်းဆီကို နိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ မန်းသံပုရာကန် ရေနံချက်စက်ရုံတွင် ချက်လုပ်နေသည်ဟု ဆိုသည်။
“သူတို့အတွက်အရေးကြီးပစ်မှတ်တွေ၊ မဟာဗျူဟာအရ အရေးကြီးပစ်မှတ်တွေ၊ လေယာဉ်တွေကို သုံးလိမ့်မယ်။ သာမန်အခြေအနေတွေမှာတော့ ဒရုန်းနဲ့ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာကို အဓိကထားပြီးတော့ သုံးနိုင်တယ်”ဟု တပ်ကြပ်ကြီး ဇေယျက သုံးသပ်သည်။
လူနှစ်ယောက်စီးနင်းနိုင်သည့် စက်တပ်လေထီးများကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်းတွင် စတင် အသုံးပြုခဲ့ပြီးနောက် ဂျိုင်ရိုကော်ပတာများကို ယမန်နှစ် နှစ်လယ်ပိုင်းကစတင်အသုံးပြုလာပြီး နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရခိုင်၊ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည်။

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုများ
တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာသည့် လေကြောင်းတိုက်ခိုက်မှုများမှာ နှစ်ကုန်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကာလတွင်ပင် လျော့ကျသွားခြင်းမရှိဘဲ လက်ရှိလောင်စာဆီ အကျပ်တည်းကာလတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် ပြုလုပ်နေသည်။
လောင်စာဆီဈေးနှုန်း ဒေါ်လာ ၆၀ အောက်ဝန်းကျင်သာရှိခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်ရက်တည်းတွင်ပင် ၁၇ ကြိမ် ဗုံးကြဲ၍ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
သို့သော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဆီဈေးနှုန်း ဒေါ်လာ ၉၀ ကျော်အထိ ရောက်ရှိနေချိန် မတ်လ ၁၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထိ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ပြည်သူ့အတွက်ဆီမရှိပေမယ့် ပြည်သူကိုသတ်ဖို့အတွက်တော့ သူတို့မှာ ဆီအလျှံအပယ်ရှိနေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ပြစ်မှုကျူးလွန်ခြင်း (Crimes Against Humanity)သာဖြစ်ပါတယ်”ဟု လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုသည်။
မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်၊ ကရင်၊ မကွေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ် တို့တွင် ကလေးငယ်များ၊ သံဃာများအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးမှုအနည်းဆုံး ရှစ်ခုထက်မနည်း ရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းများထိန်းသိမ်းထားသည့် စခန်းတစ်ခုကို လေကြောင်းမှ လေးနာရီကြာ ဗုံးကြဲတိုက်ခိုက်မှုသည် သေဆုံးမှုအများဆုံးဖြစ်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ဒါးလက်ချောင်းဒေသရှိ ထိုစစ်သုံ့ပန်းစခန်းကို နံနက် ၁၁ နာရီခန့်မှ မွန်းလွဲ ၂ နာရီခွဲအတွင်း တိုက်လေယာဉ် လေးစီး၊ Y 12 ထောက်ပို့လေယာဉ် လေးစီးတို့ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာကျောက်ဖြူ၊ မာန်အောင်မြို့တို့မှအပ မြို့နယ် အများစုကို လက်လွှတ်ထားရသောစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနှင့် စစ်သုံ့ပန်းစခန်းများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိပြီး ယခုဖြစ်စဉ်မှာ အသေ အပျောက်အများဆုံးဖြစ်လာသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့ စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို မတ်လ၂၀ ရက်နေက လေကြောင်းဗုံးကြဲခဲ့ရာ ကလေးများ၊ သံဃာများနှင့် စစ်ရှောင်များအပါအဝင် သေဆုံးသူ ၅၀ ထက်မနည်းရှိလာသည်။
ကချင်ပြည်နယ်ဝင်ထွက်ပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ကိုသိမ်းပိုက်နိုင်ရန် ယမန်နှစ် ဒီဇင်ဘာလတွင် တော်လှန်ရေး အင်အားစုများကထိုးစစ်ဆင်ခဲ့ပြီး မတ်လ တတိယပတ်တွင် မြို့သိမ်းတိုက်ပွဲတကျော့ပြန်ပြင်းထန်လာချိန်တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် လေးထပ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းကို ထိမှန်ပေါက်ကွဲမှုကြောင့် ဆွမ်းစားနေသည့် ဘုန်းကြီးများအပြင် ဆွမ်းကပ်နေသည့် ဒါယကာ၊ ဒါယကာမများနှင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များပါ သေဆုံးခဲ့ပြီး ရုပ်အလောင်း ရှာမရသေးသူများ ရှိသလို ခန္ဓာကိုယ်အပိုင်းအစပြတ်တောက်သွားသူများရှိကြောင်း ဒေသခံများက ဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအနက် ကုန်စည်စီးဆင်းမှုလမ်းကြောင်းနှင့် ရွှေမျှောတူးဖော်ရေး လုပ်ကွက်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်ခဲ့သည်။
“ဒါက တော်လှန်ရေးဘက်ကလူတွေကို ဖြတ်လေးဖြတ်တဲ့အထဲမှာပါတဲ့ ဘဏ္ဍာရေးစီးဆင်းမှု ဖြတ်တောက်အောင် ဗျူဟာကျပြီးတော့ လိုက်လုပ်တာပေါ့”ဟု တပ်ကြပ်ကြီးဇေယျက သုံးသပ်သည်။
ကုန်စည်စီးဆင်းမှု ဖြတ်တောက်ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်နယ်သို့ မကွေးတိုင်းမှတဆင့် ကုန်စည် ကူးသန်းရာလမ်းကြောင်းပေါ်ရှိ မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီး ယာဉ်ရပ်နားစခန်းတစ်ခုကို မတ်လ ၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့ရာ ရခိုင်ကုန်သည်များ၊ ကားသမားများအပါအဝင် လူနှစ်ဒါဇင်ထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။
ရွှေမျှောလုပ်ငန်းများမှ အခွန်အကောက်ရနေသည်ဟု ယူဆပြီး ဝင်ငွေရလမ်းဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့စင်းခန်းရွာအနီး ရွှေမျှောနှင့် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျှောများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်း ရွှေမျှောဖောင်ရာနှင့်ချီသည့် စင်းခန်းမှော်ကို မတ်လ ၁၀ ရက်နေ့က လေယာဉ် နှစ်စီးဖြင့်ဗုံးကြဲခဲ့ရာ သေဆုံးသူ ၃၀ ထက်မနည်းရှိနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ ရွှေမျှောဖောင်ပေါ်ရှိ ဆီပီပါများပေါက်ကွဲရာသေဆုံးမှု များပြားပြီး အနည်းစုသာ ရုပ်အလောင်းကောက်ယူနိုင်ခဲ့သည်။
မတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ရွှေမျှောများကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကိုးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ နီးပါးရှိကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသည့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
စစ်တပ်၏ရုပ်သေးရုပ် အစိုးရတက်မလာမီ လေကြောင်းဖြင့် ကြိုတင်ဖိအားပေးထားပြီး ထိုအစိုးရ တက်လာချိန် တိုင်းရင်းသားနယ်မြေအချို့နှင့် အပစ်ခတ်ရပ်စဲရေး ဖန်တီး၍ စစ်ကိုင်းနှင့်မကွေးဒေသများကို မြေပြင်စစ်ကြောင်းများဖြင့် အမြတ်ထုတ်နယ်မြေချဲ့ထွင်လာမည်အန္တရာယ်ရှိသည်ဟု ဗိုလ်ကြီး ဇင်ယော်ကသုံးသပ်သည်။
“အစိုးရသစ်လက်ထက်မှာ အောင်ပွဲတွေရဖို့ဆိုတာမျိုး ဖန်တီးလိုတာမလို့ လေယာဉ်ဆီ အခက်အခဲကြား ထဲကနေ ရှေ့ပြေးတိုက်ခိုက်မှုတွေကြိုတင်ပြီးတော့လုပ်တာပေါ့။ စစ်သဘောအရ ကြိုတင်ချေမှုန်းခြင်း အနေအထားမျိုးကို သွားတွေ့ရတယ်”
တော်လှန်ရေးအင်အားစုများရေရှည်ရပ်တည်နိုင်ခြင်းမှာ လူထုထောက်ခံမှုကြောင့်ဖြစ်သည့်အတွက် လူထုနှင့် တော်လှန်ရေးအင်အားစုများကြား သွေးခွဲရန်နှင့် လူထုကို အကြောက်တရားထည့်သွင်းရန် ဦးတည်ပြီး စစ်ရေးမဟုတ်သည့် အရပ်ဘက်နေရာများပါမချန် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများနှင့်စစ်ရေးလေ့လာသူများက ရှုမြင်ကြသည်။
မကွေးတိုင်း၊ ယောဒေသတွင် အခြေစိုက်လှုပ်ရှားသည့် YRA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကောင်းက လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်နေသည့်အပေါ် ယခုကဲ့သို့မှတ်ချက်ပြုသည်။
“ဒီကာလမှာ ပိုလုပ် နေတယ်ဆိုတာက ပေးချင်တဲ့ မက်ဆေ့ချ် (သတင်းစကား)ကို ထပ်ခါထပ်ခါပေးနေတာပေါ့။ သူတို့မလုပ်ရဲတာမရှိဘူး။ သူတို့ကိုတော်လှန်ရင် ဒီလိုခံရမယ်ဆိုတာမျိုး၊ ရက်စက်မှုကို ထပ်ခါထပ်ခါ သက်သေပြနေတာပေါ့”





