အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မှန်းဆထားကြသည့်အတိုင်း အာဏာသိမ်းခေါင်းဆောင် သမ္မတလောင်း ဖြစ်လာ


စစ်တပ်က စိတ်တိုင်းကျ ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီးထွက်ပေါ်လာသည့် လွှတ်တော်တွင် သမ္မတရွေးပွဲကို မကြာခင် မိနစ်ပိုင်းအတွင်း စတင်ကျင်းပတော့မည်ဖြစ်ပါသည်။ 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အစုအဖွဲ့များက အမည်စာရင်းတင်သွင်းကြမည်ဖြစ်သည်။ 

နောက်ဆုံးရရှိထားသော အချက်အလက်များအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သမ္မတ၊ ၎င်း၏ လူယုံဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ဒုသမ္မတ (၁) နှင့် တိုင်းရင်းသူတစ်ဦးက ဒုသမ္မတ (၂) ဖြစ်လာမည်ဟု သိရှိရသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုသမ္မတလောင်းသုံးဦးအား ကနဦးတင်မြှောက်ရမည်ဖြစ်ပြီး မဲအများဆုံးရသူက သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုသမ္မတ (၁) ဖြစ်လာပြီး၊ မဲအနည်းအဆုံးရသူက ဒုသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။ 

ယနေ့ (မတ်လ ၃၀ ရက်) နံနက်ပိုင်း နေပြည်တော်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမည်စာရင်းကို ဒုသမ္မတလောင်းအဖြစ် ကြေညာခဲ့ရာ အများယူဆထားသည့်အတိုင်း ၎င်းသည် အရပ်ဝတ်လဲပြီး အာဏာဆက်လက်ချုပ်ကိုင်သွားတော့မည် ဖြစ်သည်။

နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော််နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒုတိယသမ္မတလောင်း နှစ်ဦးစီ အမည်စာရင်းတင်ထားသည်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ မကွေးတိုင်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်အမတ် ဒေါက်တာကျော်ဆွေကို တင်သွင်းထားသည်။

အမျိုးသားလွှတ်တော်တွင်မူ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတူးဂျာ ကို ဒုသမ္မတလောင်းများအဖြစ် အမည်စာရင်းတင််ခဲ့ကြသည်။ ဒေါ်နန်းနီနီအေးသည် ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဖြစ်သည်။

ဒုသမ္မတလောင်း နှစ်ဦးစီ တင်သွင်းထားသဖြင့် မနက်ဖြန်(မတ်လ ၃၁ ရက်)ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးတို့တွင် လျှို့ဝှက်ဆန္ဒမဲပေး၍ ဒုသမ္မတလောင်း တစ်ဦးစီ ရွေးချယ်ကြမည်ဖြစ်သည်။

သို့သော် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ ကြီးစိုးသည့် လွှတ်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သာ သမ္မတဖြစ်လာလိမ့်မည် ဖြစ်သည်။

ဒေါ်နန်းနီနီအေးသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဖြစ်သည်။

စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြီးစိုးသော၊ စစ်အရာရှိများ ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော်တွင် စစ်တပ်အလိုကျ  ရွေးချယ်တင်မြှောက်ရသည့် အစီအစဉ်မှာ စစ်ဗိုလ်ချုပ်များအတွက် အသစ်အဆန်း မဟုတ်ပေ။

၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်လည်း ထိုအစီအစဉ်အတိုင်း သမ္မတဖြစ်လာခဲ့ဖူးသည်။ 

တပ်ချုပ်ရာထူးကို ၁၅ နှစ်ကြာ ရယူခဲ့သည့်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော စစ်ခေါင်းဆောင်သည်  ၎င်း၏ အမြင့်ဆုံးအိပ်မက်ဖြစ်သည့် သမ္မတရာထူး ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းကာ အာဏာချုပ်ကိုင်ထားမည်ဟု အများက ယူဆထားသည်။

အာဏာသိမ်းထားသည့် ငါးနှစ်တာ ကာလအတွင်း အရပ်သားအများအပြား အသတ်ခံရမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မြို့ရွာအိုးအိမ်များ ဖျက်ဆီးခံရမှုတို့အတွက် အဓိက တာဝန်ရှိသော ဦးမင်းအောင်လှိုင်သည် သမ္မတရာထူးကို ရူးသွပ်သူဖြစ်သည်ဟု နေပြည်တော်ရှိ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

“မင်းသားလုပ်ချင်လို့ ဇာတ်ထောင်တာပဲဗျာ။ အာဏာသိမ်းတာ သူသမ္မတဖြစ်ချင်လို့ အာဏာသိမ်းတာ၊ ဒါကြီးက ရှင်းနေတဲ့ကိစ္စပဲ။ ဒီရာထူးကို သူတော်တော်ရူးတာ” ဟု ထိပ်တန်းစစ်ဗိုလ်ချုပ်များအကြောင်း သိရှိသည့် အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

တပ်ချုပ်ရာထူး 

အာဏာသိမ်းဗိုလ်ချုပ်များ ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် ထိုနိုင်ငံ့ဝန်ထမ်းရာထူးမှ နုတ်ထွက်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဦးမင်းအောင်လှိုင်သည် စစ်ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရမည် ဖြစ်သည်။

အဆိုပါ အပြောင်းအလဲတွင် ၎င်းယုံကြည်စိတ်ချရသော၊ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ်ရာထူး ရဖွယ်ရှိကြောင်း အများက ခန့်မှန်းနေကြသည်။

သို့သော်လည်း အာဏာသိမ်းခေါင်းဆောင် ပြင်ဆင်နေသည်မှာ သမ္မတဖြစ်ရေးတစ်ခုတည်း မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ယုံကြည်ကြသည်။

လွှတ်တော်နှင့် အစိုးရအဖွဲ့သာမက စစ်တပ်နှင့်  ကြံ့ခိုင်ရေးပါတီတို့၏  အရေးပါသည့် နေရာများတွင် ၎င်း၏ ဩဇာခံ စစ်ဗိုလ်ချုပ်များသာ ရှိနေစေရန် အာဏာသိမ်းပြီးချိန်မှ စတင်စီစဉ်ခဲ့ခြင်း ဖြစ်သောကြောင့် အာဏာ၏ အချက်အချာအားလုံးကို ၎င်းက ဆက်လက် ဆုပ်ကိုင်ထားမည်ဟု သုံးသပ်ကြသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ကို ကိုင်တွယ်ရမည်ဖြစ်ပြီး၊   အာဏာသိမ်းပြီးကတည်းက ၎င်း၏အနီးတွင် ရှိနေသော ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက အမျိုးသားလွှတ်တော်ကို ကိုင်တွယ်ရမည် ဖြစ်သည်။

စစ်တပ်အရာရှိဟောင်းလည်းဖြစ်၊ လက်ရှိ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်လည်းဖြစ်သူ ဘူးလက်လှဆွေသည် ၎င်းတို့ပါတီအနေဖြင့် အာဏာ ရေရှည်ချုပ်ကိုင်ရန်   ပြင်ဆင်နေကြောင်း မကြာသေးခင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီ ငါးနှစ်တင်မက လာမယ့် ငါးနှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် နိုင်ငံကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ စဉ်းစားထားတယ်” ဟု ဦးလှဆွေက သတင်းထောက်များကို မတ်လ ၁၆ ရက်နေ့တွင် ပြောခဲ့သည်။

အတိုင်ပင်ခံကောင်စီ

စစ်တပ် စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်   သမ္မတသည်  စစ်တပ်နှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိပေ။ သို့သော်လည်း အာဏာသိမ်းခေါင်းဆောင်တွင် တပ်ချုပ်အသစ်ကို ထိန်းချုပ်ရန် စီစဉ်ထားပြီးဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။

ဖေဖော်ဝါရီလ ၃ ရက်တွင် ‘ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ’ အမည်ဖြင့် ဥပဒေတရပ်ကို ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အလျင်စလို ပြဋ္ဌာန်းခဲ့သည်။

ကောင်စီသည် လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးခြင်း၊ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အဖွဲ့ဝင် ငါးဦး ပါဝင်မည့် ကောင်စီတွင် ဥက္ကဋ္ဌနေရာကို အာဏာသိမ်းခေါင်းဆောင်က ရယူပြီး  တပ်ချုပ်အသစ်ကို  သူ့လက်အောက်တွင် ထည့်သွင်း၍ ကောင်စီကို ဖွဲ့စည်းလိမ့်မည်။ ထိုနည်းဖြင့် စစ်တပ်ကို ဆက်လက် ထိန်းချုပ်ရန် စီစဉ်ထားဖွယ် ရှိသည်ဟု နေပြည်တော်ရှိ Myanmar Now သတင်းရင်းမြစ်များက ပြောသည်။

Related Articles

Back to top button