အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေးကာလအကျပ်အတည်းများအကြား တပ်ပြေးမှုများ ရှိလာ

တော်လှန်ရေးကာလရှည်ကြာလာသည်နှင့်အမျှ PDFတပ်ဖွဲ့များအတွင်း စိန်ခေါ်မှုအသစ်များ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှု ဖြည့်တင်းရန် ကြိုးစားနေရချိန် တပ်မှ ထွက်ပြေးမှုများလည်း ရှိနေသည်။

နွေဦးတော်လှန်ရေး ငါးနှစ်ကျော် ကြာမြင့်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် တော်လှန်ရေးလက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့များတွင် တပ်ပြေးမှုဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာပြီး အချို့သည် စစ်တပ်ထံ လက်နက်ချသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်သုံးလအတွင်း ထိုကဲ့သို့ အဖွဲ့ဝင်များ နုတ်ထွက်ခြင်း၊ အခြားအဖွဲ့သို့ကူးပြောင်းခြင်း၊ စစ်တပ်ထံ လက်နက်ချခြင်းစသည့်တပ်ပြေးခြင်းဖြစ်စဉ်များသည် တော်လှန်ရေးအဖွဲ့များတွင် ပျှမ်းမျှ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရှိနေကြောင်း တော်လှန်ရေးခေါင်းဆောင်အချို့နှင့် မြေပြင်တပ်ဖွဲ့ဝင်များက သုံးသပ်ကြသည်။

အဓိက အကြောင်းအရင်းများမှာ စစ်ရေးဖိအား၊ လက်နက်ခဲယမ်းမလုံလောက်မှု၊ တပ်တွင်း စီမံခန့်ခွဲမှုဆိုင်ရာ ဖိစီးမှုများ၊ တစ်ကိုယ်ရည် မိသားစုဆိုင်ရာအခက်အခဲများနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ စသည်တို့ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

သို့ရာတွင် တပ်ပြေးကြသူ အနည်းစုသည်သာ စစ်ကော်မရှင်ထံ လက်နက်ချသွားကြခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က သိရသည်။ 

လူရာချီ လက်နက်ချကြောင်း စစ်တပ်ထုတ်ပြန်

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် PDF တပ်ဖွဲ့ဝင်များဖြစ်သည့် မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး သုံးဦး၊ အမပူရမြို့နယ်မှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး နှစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား တစ်ဦး ၊စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၁၂ ဦးတို့အပါအဝင် မြို့နယ်ပေါင်းစုံမှ PDF တပ်ဖွဲ့ဝင် ၁၅၀ ကျော်တို့သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးနန်းတွင်း၌ လက်နက်ချခဲ့သည်ဟု စစ်ကော်မရှင်တပ်က ထုတ်ပြန်သည်။

ယခုလ မတ်လ ၄ ရက်နေ့တွင်မူ  စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ကျော်မိုး(ခ)ကာဗွန် ဦးဆောင်သည့် PDFရဲဘော် ၁၀ ဦးနှင့် ရဲမေ ငါးဦး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY- PDF) တပ်ဖွဲ့ မှ သာမင်းထက်(ခ)လကွယ် ဦးဆောင်သည့် ရဲဘော် ၃၁ ဦးနှင့် ရဲမေ ငါးဦးတို့သည် လက်နက် ၁၆ လက် နှင့်အတူ ဘက်ပြောင်းခိုလှုံသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် မတ်လ ၁၉ ရက်တွင် မန္တလေးတိုင်းအတွင်း PDF ၅၀၀ ကျော် လက်နက်ချခဲ့သည်ဟု စစ်တပ်က အခမ်းအနား ပြုလုပ်ပြီး ရုပ်သံ၊ ဓာတ်ပုံများ ဝေဝေဆာဆာ ဖြန့်ချိသလို ပြည်တွင်းသတင်းဌာနများ၊ နိုင်ငံခြားမီဒီယာအချို့ကို သတင်းယူခွင့်ပေးခဲ့သည်။

PDF အဖွဲ့ဝင် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး၊ စုစုပေါင်း ၅၀၆ ဦး လက်နက်၊ ခဲယမ်းများနှင့် အတူ ဝင်ရောက်လာသဖြင့် မိဘအုပ်ထိန်းသူများထံလွှဲပြောင်းအပ်နှံခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ 


ထိုထုတ်ပြန်မှုအား တော်လှန်ရေးအင်အားစုဘက်က  ဝါဒဖြန့်ခြင်းဟု တုံ့ပြန်ကြသူများရှိသလို တပ်ပြေး လက်နက်ချက်သူများ ပါဝင်နိုင်သော်လည်း စစ်တပ်ပြောသကဲ့သို့ လူအင်အား မရှိဟု မှတ်ချက်ပေးကြသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တပ်ပြေးများ ရှိသော်လည်း စစ်တပ်က ထုတ်ပြန်သည့်ပမာဏသည် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့က Myanmar Now ကို ပြောထားသည်။ 

“ ဒါ စစ်တပ်က ဝါဒဖြန့်တာသက်သက်ပါပဲ။ ကျွန်တော်တို့ တပ်တွေရဲ့ သဘောသဘာဝအရ တချို့ ကင်းကွာတာတွေ၊ တချို့ ပြေးတာတွေ ဒါတွေကတော့ ရှိပါတယ်။ အရေအတွက်အားဖြင့်တော့ အရမ်း နည်းပါတယ်။ အခုလိုမျိုး လူ ၅၀၀ ကျော်လောက်  ဒီလို ဒီလို လုပ်တယ်ဆိုတဲ့ကိစ္စက အချိန်ကိုက် စစ်တပ် ဘက်ကနေပြီးတော့ ဝါဒဖြန့်ပြီး PDF တွေကို သိက္ခာကျအောင် ၊ တော်လှန်ရေးကို အယုံအကြည်မဲ့အောင် သက်သက်လုပ်တဲ့ လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်” ဟု သူက ပြောသည်။ 

အမည်ထုတ်မပြောလိုသည့် မန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ဦးနေဘုန်းလတ်ကဲ့သို့ အလားတူ မှတ်ချက်မျိုး ပေးသည်။

“စစ်တပ်နဲ့သွားပူးပေါင်းတာ ၊ လက်နက်ချတာတွေလည်းရှိပါတယ်။ များပါတယ်။ ဒါပေမဲ့ ဒီလောက် အင်အားကြီးကတော့ သူတို့ (စစ်တပ်) ဘက်ကလည်း အလွန်အကျွံဝါဒဖြန့်တာတွေလည်း ပါတာပေါ့ ” ဟု ထိုသူက ဆိုသည်။
စစ်တပ်ဝါဒဖြန့်သူအချို့က ထို ၅၀၀ ပမာဏသည် တစ်ရက်တည်းဝင်ရောက်လာခြင်းမဟုတ်ဘဲ နယ်မြေခံ တပ်ရင်းများထံ ချိတ်ဆက်ဝင်ရောက်လာသူများကို လပခတွင် ထားကာ တစ်စုတစ်စည်းတည်း ထုတ်ပြန် ခြင်းဖြစ်ကြောင်း ပြောထားကြသည်။

မတ်လ ၁၉ ရက်နေ့က မန္တလေးနန်းတွင်း၊ လပခတွင်  ပြုလုပ်သော PDF ၅၀၀ ကျော် လက်နက်ချပွဲ ဆိုသည့်အခမ်းအနား။ (ဓာတ်ပုံ- CINCDS)

ဘာကြောင့် တပ်က ပြေးကြတာလဲ

ရှေ့တန်းစစ်မျက်မှာအချို့၌ ရိက္ခာနှင့်ခဲယမ်း မလုံလောက်မှုသည် အဓိကစိန်ခေါ်မှုဖြစ်ပြီး ယင်းအခြေအနေက တပ်ဖွဲ့ဝင်များ၏တိုက်ပွဲဝင်လိုစိတ်ကို ထိခိုက်စေခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းတွင် ပြောင်းရွှေ့အခြေစိုက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုမှ အမည်မဖော်လိုသော တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ လက်နက်ခဲယမ်းအခက်အခဲပါပဲ။တိုက်ပွဲခေါ်ရင် သွားချင်ပေမယ့် ကိုယ့်မှာက ကျည်ဆန်က အကန့်အသတ်နဲ့ဆိုတော့ ရှေ့တန်းမှာ အခက်တွေ့ရတယ်။ နောက်ပြီးစားဝတ်နေရေးကလည်း အဆင်မပြေတော့ ရေရှည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာတာမျိုးတွေရှိတယ်”ဟု ရှေ့တန်းရဲဘော်တစ်ဦး ဖြစ်သည့် ထိုအမျိုးသားရဲဘော်က ဆိုသည်။

လူငယ်ရဲဘော်များ တပ်ဖွဲ့မှ ထွက်ခွာခြင်းသည် လက်နက်ခဲယမ်းမပြည့်စုံမှုက အဓိကအချက်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“လက်နက်မစုံတော့ တိုက်ပွဲသွားရင် မဲနှိုက်ရတာမျိုး၊ အလှည့်စောင့်ရတာမျိုးတွေ ရှိတယ်။ တိုက်ချင်စိတ် ပြင်းထန်တဲ့လူငယ်တွေက လက်နက်ပိုစုံတဲ့အဖွဲ့တွေဆီ ကူးပြောင်းသွားကြတာမျိုးတွေရှိတယ်”

“နောက်တစ်ခုကတော့ မိသားစုရေးရာ စားဝတ်နေရေးအခက်အခဲတွေပေါ့။ တော်လှန်ရေးကာလ ကြာလာတော့ နောက်ကွယ်ကမိသားစုမှာလည်း ဦးဆောင်ဖြေရှင်းရမယ့်အရေးတွေရှိတော့ တပ်ဖွဲ့ကထွက်ပြီး မိသားစုကို ပြန်အလုပ်အကျွေးပြုကြတာတွေလည်းရှိတယ်”ဟု သူက ဆိုသည်။

အထက်ပါ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်က အင်အား ၁၀၀ ဝန်းကျင်ရှိသည့် ၎င်း၏တပ်ဖွဲ့တွင် ပြီးခဲ့သည့် နှစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ခန့် တပ်မှစွန့်ခွာသွားကြပြီး ၁၈ ဦးသည် အခြားအဖွဲ့ထံ  ကူးပြောင်းသွားကာ နှစ်ဦးသည် စစ်တပ်ထံ လက်နက်ချသွားကြောင်းပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်မားလာခြင်းနှင့်တပ်ဖွဲ့ဝင်အင်အားကြောင့် ရိက္ခာပိုင်းတွင် လျှော့စားရသည် အထိ အကျပ်အတည်းများလည်းရှိနေသည်။ အညာဒေသ PDFများသည် အခြား ဝင်ငွေလမ်းစမရှိဘဲ ပြည်သူထောက်ပံ့မှု အပေါ်တွင်သာ မှီခိုနေရသဖြင့် NUG ထံက ထိရောက်သောထောက်ပံ့မှုများ ရောက်ရှိ လာရန် မျှော်လင့်သည်ဟု ၎င်းကဆိုသည်။

“NUG ဆီက အထောက်အပံ့တွေ မျှော်လင့်တာပေါ့နော်။ တစ်ခါတလေ စစ်ရှောင်တွေအထဲကတောင် ပြန် အလှူခံစားရတဲ့အခြေအနေတွေ ရှိတယ်။ ဆန်လေးတွေ ဖဲ့လှူကြ၊ ဆီလေးတွေပေးကြနဲ့ တကယ် မျက်ရည် ကျမိပါတယ်”

စစ်ရေးအခြေအနေများကြောင့် ၎င်းတို့တပ်ဖွဲ့သည်လည်း မန္တလေးတိုင်းမှ စစ်ကိုင်းတိုင်းအတွင်း ပြောင်းရွှေ့အခြေစိုက်ထားရသည်။

မန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ခံက “အခုနောက်ပိုင်း လူငယ်တွေ အဖွဲ့ကနေ ထွက်ခွာရတဲ့အကြောင်းအရင်းက နယ်မြေတွေဆုတ်ပေးလိုက်ရတဲ့ ဟာတွေရှိတယ်ပေါ့နော်။ ဆုတ်ပေးလိုက်ရတော့ စိတ်လေကြတာပေါ့။အခုနောက်ပိုင်းတွေမှာ ထိုးစစ်တွေက ကိုယ့်ဘက်ကနားထားတော့ အဲဒီမှာ စိတ်ဓာတ်တွေကျပြီးတော့မှ ဟိုအဖွဲ့ကူး ဒီအဖွဲ့ကူးနဲ့ နောက် လက်နက်ချတာတွေဖြစ်ကုန်တာပေါ့”ဟု ပြောသည်။

“အခက်အခဲတွေကို တစ်လျှောက်လုံးရင်ဆိုင်လာပြီးမှ ဒီမြို့တွေဘာတွေသိမ်းပြီး သာသာယာယာ နေခဲ့ရတော့ အဲဒီမှာတင် မြို့တွေပြန်ဆုတ်ခွာပေးရတဲ့အခါ သူတို့တွေက မနေတတ်တော့ဘူး။ ပြောရရင် တဖန် ဒုက္ခပြန်ရောက်မယ့်အချိန်တွေကို မလိုချင်တော့ဘူးပေါ့။ စိတ်ဓာတ်ပိုင်းတွေ ပျော့ညံ့သွားတာပေါ့”

မန္တလေးတိုင်းအတွင်း MDY- PDFနှင့် အခြားတပ်များ ထိန်းချုပ်ထားသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့မှ တော်လှန်ရေးတပ်များ ဆုတ်ခွာရသလို ရှမ်းမြောက်တွင်လည်း တရုတ်ဖိအားနှင့် စစ်တပ်တန်ပြန်ထိုးစစ်တို့ကြောင့် မန္တလေးတိုင်းနှင့်ထိစပ်နေသည့် မြို့အများအပြား လက်လွှတ်ခဲ့ရသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နှစ်အတွင်း  ခဲယမ်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး  ခဲယမ်းအကန့်အသတ်ကြောင့် စစ်ဆင်ရေးစီမံချက်အချို့ကို အစီအစဉ်အတိုင်း အကောင်အထည် မဖော်နိုင်ခဲ့သည်များရှိကာ အချို့မြို့များတွင် ခွာစစ်ဆင်ခဲ့ရကြောင်း ဝန်ခံထားသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် စစ်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ထုတ်ဖော်ဝန်ခံထားခြင်းဖြစ်ပြီး ယမန်နှစ်အတွင်း ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု လျော့ကျခြင်းနှင့် စစ်ရေးပြင်းထန်သည့် ဒေသများတွင် ရဲဘော်များ အနားမရခြင်း စသည့် ကြီးမားသော စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။ 


ပြုန်းတီးလာသည့် စစ်အင်အားနှင့် လိုအပ်ချက်

စစ်ကော်မရှင်သာမက NUG အပါအဝင် နွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ စစ်သား လိုအပ်ချက် အများအပြားရှိနေသဖြင့် အပြိုင်အဆိုင် စစ်သားသစ် ခေါ်ယူစုဆောင်းနေကြသည်။

အာရက္ခတပ်တော်(AA) တွင် အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းထားသလို ကချင်တပ် (KIA) သည်လည်း စစ်သားစုဆောင်းမှုများကြောင့် လူထုဝေဖန်မှုများရှိနေသည်။ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း စစ်သားစုနေသလို NUG ထံတွင်လည်း စစ်သားလိုအပ်ချက်ရှိ၍ မကြာခဏ  လူသစ်ခေါ်ယူမှုများလည်းရှိနေသည်။

စစ်ပွဲ ကြာမြင့်လာသည်နှင့်အမျှ စစ်ကော်မရှင်နှင့်တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်အင်အား ပြုန်းတီးမှုအများအပြား ရှိခဲ့သည်။

လေကြောင်း၊ လက်နက်ကြီးနှင့် မြေပြင်တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ကျဆုံးမှုများလည်း အများအပြားရှိခဲ့ပြီး ယခုနောက်ပိုင်းစစ်တပ်က အဆင်မြင့်ဒရုန်းများအသုံးပြုမှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် စစ်တပ်များအကြား တိုက်ပွဲပေါင်း ၇,၁၃၉ ကြိမ် ဖြစ်ပွားခဲ့စဉ် စစ်တပ်ဘက်မှ သေဆုံးသူ ၅,၆၉၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂,၇၂၆ ဦး၊ စစ်သုံ့ပန်း  ၁,၁၂၄ ဦး ရှိခဲ့ကြောင်း NUG ဘက်က ဆိုသည်။ တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ပါရှိသော်လည်း NUG က စာရင်းအတိအကျမဖော်ပြထားပေ။ 

ရှမ်းတောင်-ကရင်နီအခြေစိုက် NUG တပ်ရင်းများတွင် တော်လှန်ရေးကာလ ကျဆုံးခဲ့သော PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Mo Riarty Facebook)


စစ်ကော်မရှင်က စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်း၍  အရပ်သားများကို စစ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းခဲ့ရာ စစ်မှုထမ်း အပတ်စဉ် ၂၀ ကျော်ရှိနေပြီဖြစ်ရာ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ ဖြင့် စစ်သားသစ် တစ်သ်ိန်းကျော် စုနိုင်ခဲ့ပြီဖြစ်သည်။

နှစ်ဖက်စလုံး၏  အတင်းအကျပ် စစ်သားစုဆောင်းမှုများကြောင့် ဒေသခံလူထုသည် စိုးရိမ်နေကြသည်။

စစ်သားလိုအပ်ချက်ရှိနေချိန် တော်လှန်ရေးတပ်များဘက်မှ ထွက်ပြေးမှုများ ရှိလာသလို စစ်ကော်မရှင်ကလည်း PDF များကို အလင်းဝင်ရန် ဝါဒဖြန့်ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေသည်။

တော်လှန်ရေးတပ်များဘက်ကလည်း တပ်မှ ထွက်ပြေးသွားသူများကို  ဓာတ်ပုံ၊ အမည်၊ နေရပ်လိပ်စာ များနှင့်တကွ ထုတ်ပြန်မှုများ ယခုနှစ်ဆန်းတွင် ခပ်စိပ်စိပ်တွေ့လာရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အခြေစိုက် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနှင့် အမှတ် (၁၀)တပ်ရင်းတို့မှ တပ်ပြေး ကိုးဦးအား ကြေညာခဲ့သည်။

ထို ကိုးဦးအား လက်ခံထားသည့် လူ၊ အဖွဲ့အစည်းများအား ထိုရဲဘော်များ ခံယူရမည့် ပြစ်မှုပြစ်ဒဏ်များနှင့်အညီ ခံယူရမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို တွေ့ရှိက တပ်ရင်းကို အကြောင်းကြားပေးရန် ထုတ်ပြန်ခဲ့သည်။ တပ်ပြေးအချို့သည် စစ်တပ်ထံ ဝင်ရောက်သွားပြီး စစ်တပ်၏ ကန့်သတ်မှုအောက် နေထိုင်ရကြောင်းလည်း ပါရှိသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်စိတ်မှူးအပါအဝင် ရဲဘော် ၁၅ ဦး ကို တပ်ပြေးအဖြစ်ကြေညာခဲ့သည်။

တပ်ကင်းကွာအဖြစ် သတ်မှတ်သော ရက်ကျော်လွန်ပြီး တာဝန်မထမ်းဆောင်ခြင်း၊ တပ်တွင်း ရဲဘော်များအား သွေးဆောင်ဖြားယောင်းပြီး တော်လှန်ရေးအပေါ် သစ္စာဖောက်ခြင်းတို့ကြောင့် အဆိုပါရဲဘော် ၁၅ ဦးကို တပ်ပြေးများအဖြစ် ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ကို တွေ့ရှိပါက ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ အကြောင်းကြားပေးရန်နှင့် ရဲဘော် များအနေဖြင့် တာဝန်ပြန်လည်ထမ်းဆောင်လိုပါက တပ်ရင်းသို့ ဆက်သွယ်နိုင်သည်ဟု ပါရှိသည်။

ပေါက်တောင်ပိုင်းအခြေစိုက် ROCKET FIGHTER အဖွဲ့ကလည်း ၎င်းတို့ တပ်ဖွဲ့ဝင် လေးဦးထွက်ပြေး သွားကြကြောင်း မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ အမည်၊ နေရပ်လိပ်စာ အတိအကျဖော်ပြကာ တပ်ပြေးအဖြစ် ထုတ်ပယ်ခြင်းများအပေါ် တော်လှန် ရေးအင်အားစုများအကြား ဝေဖန်မှုများလည်း ရှိနေကြသည်။ 

ပေါက်မြို့နယ်ပကဖ၊၊ Rocket Fighter အဖွဲ့ တပ်ပြေးကြေညာချက်များကို တွေ့ရစဉ်။

တပ်ပြေးများကို ဘယ်လိုအရေးယူလဲ 

တပ်ဖွဲ့ဝင်များ ထွက်ပြေးခြင်းနှင့် ရန်သူ့ထံလက်နက်ချခြင်းများအပေါ် တပ်စည်းကမ်းနှင့်အညီ အရေးယူမှုများရှိကြောင်း မန္တလေးတိုင်းအခြေစိုက် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးကဆိုသည်။ 

လိုက်လံဖမ်းဆီးပြီး ပြန်လည်ဖမ်းဆီးရမိသော တပ်ပြေးများကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိပြီး စစ်တပ်နှင့်ပူးပေါင်းသူများကိုမူ သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြောင်း ဆိုသည်။

“သူတို့ ဘာဖြစ်လို့ ပြေးရတာလဲဆိုတဲ့ အဆင်မပြေမှုတွေကို ဝိုင်းဝန်းဖြေရှင်းပေးပါတယ် ။ အကယ်၍ တပ်ထဲမှာ ဆက်မနေလိုဘဲ ကိုယ့်ဘက်ကိုပြန်ပြီးရန်သူမလုပ်ဘူးဆိုရင်တော့ နုတ်ထွက်ခွင့်ပြုတဲ့အထိ လုပ်ဆောင်ပေးပါတယ်”ဟု အထက်ပါ PDF တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

“လက်နက်ပါယူပြီး စစ်တပ်ဘက်ပူးပေါင်းသွားသူတွေကတော့ အထူးသစ္စာဖောက်ပေါ့။ ဒါကတော့ တစ်ခါတည်း တွေ့တဲ့နေရာ ကြုံသလို ပစ်မိန့်ပေါ့”

တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ ခေါင်းဆောင်ပိုင်းနှင့်အောက်ခြေရဲဘော်များအကြား အမိန့်စီးဆင်းမှု (Chain Of Command) အားနည်းလာသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။ 

အောက်ခြေရဲဘော်များ၏အခက်အခဲများကို ခေါင်းဆောင်ပိုင်းက လျစ်လျူရှုသကဲ့သို့ ဖြစ်နေခြင်းအပေါ် ပြန်လည်ထိတွေ့ဆက်ဆံရန် လိုအပ်နေသည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

အောက်ခြေမှတင်ပြလာသည့်အားနည်းချက်များကို ပြင်ဆင်ခြင်း၊ ဝန်ကြီးဌာန၏ညွှန်ကြားချက်များကို ချပြ ရှင်းလင်းခြင်းနှင့်ရဲဘော်များ ကိုယ်ကာယနှင့်စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြေရှင်းပေးခြင်း၊ သင်တန်းများပို့ချခြင်းဖြင့် တပ်တည်ဆောက်ရေးကို ပြန်လည်အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ဆိုသည်။ 

စစ်တပ်ထံ လက်နက်ချသွားသူများကြောင့် ဒေသတွင်း တပ်ဖွဲ့များ တည်နေရာများ ပေါက်ကြား၍ စခန်း တိုက်ခိုက်ခံရပြီး သေဆုံးခဲ့မှုများ၊ စီးနင်းဖျက်ဆီးခံရသောဖြစ်စဉ်များလည်း ရှိခဲ့သည်။ 

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ် (၃၅) PDF တပ်ရင်းစခန်း စီးနင်းခံရပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ ဗျူဟာ (၄၇) က ထုတ်ပြန်ထားသည်။

စစ်တပ်ထံ ခိုလှုံသွားတဲ့ BNRA ဗိုလ်နဂါးတပ်ဖွဲ့ဝင်တစ်ချို့၏ လမ်းပြမှုကြောင့် စီးနင်းခံရခြင်းဖြစ်ပြီး ထိုတပ်ရင်းက တိုက်ပွဲသွားနေချိန် ဖြစ်သဖြင့် အရေးကြီးပစ္စည်းအချို့ကိုသာ သယ်ယူနိုင်ခဲ့ကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ထားသည်။

စခန်း အလွယ်တကူ ပြောင်းရွှေ့ရန် ခက်ခဲခြင်း၊ ငွေကြေးကုန်ကျမှုများခြင်းတို့ကြောင့် စခန်းမရွှေ့ရသေးမီ တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူများထံက သိရသည်။ 

တစ်ဖက်တွင်လည်း စစ်တပ်ထံက ထွက်ပြေးလာသော စစ်သားများ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းများလည်း တော်လှန်ရေးအင်အားစုထံ ထွက်ပြေးခိုလှုံလာသည်များလည်း ရှိနေသည်။

၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း ဗိုလ်မှူး နှစ်ဦး အပါအဝင် စုစုပေါင်း ၅၃၆ ဦးသည် စစ်အာဏာရှင် ဘက်မှ စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြကြောင်း NUG က ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ယမန်နှစ်ကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားပြီး မြို့နယ်ပေါင်း ၄၁  မြို့နယ်ကို ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

NUG အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း မဟာဗျူဟာနှင့်အညီ မျှော်မှန်းထားသော တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖန်တီးဖော်ဆောင်သွားရန် ရည်မှန်းထားသည်ဟု ဆိုထားသည်။ 

အမှတ် (၃၅) PDF တပ်ရင်းစခန်း မီးရှို့ခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- ယင်းမာပင်ခရိုင်၊ ဗျူဟာ (၄၇))

Related Articles

Back to top button