ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်သည် ယနေ့ (ဧပြီလ ၁ ရက်) တွင် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှ လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များထံက သိရသည်။
အာဏာသိမ်း စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ လက်ဖက်ရည်ဆိုင်တစ်ခု၌ ကိုဂျိမ်းစ်ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ) ဖြင့် ငါးနှစ် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့သည်။
ထို့နောက် ပုဒ်မ ၅၀၅ (က)ကို လွတ်ငြိမ်းချမ်းသာ ပေးခဲ့ပြီး ပုဒ်မ ၅၂ (ခ) ဖြင့် ထောင်ကျခဲ့ရာမှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က Myanmar Now ကို ပြောသည်။
“သူက ၅၀၅ (က) နဲ့ ၅၂ (ခ) ပေါ့ ။ နှစ်မှု နဲ့ သူက တရားစွဲဆို ထောင်ချခံရတဲ့ အခါကျတော့ ၅၀၅ (က) တွေ ဖြုတ်လိုက်တဲ့ အခါကျတော့ တစ်မှု ပြုတ်သွားတာပေါ့။ ပုဒ်မ ပြုတ်သွားတော့ နေသား (ထောင်တွင်းနေရက်) တွေက အစ ၅၂ (ခ) ထဲကို ပြန်ရောက်သွားတော့ ၅၂ (ခ) ရဲ့ လွတ်ရက်စေ့လို့ ပြန်လွတ်လာတယ်လို့ပဲ ပြောလို့ရတာပေါ့ ” ဟု ၎င်းက ဆိုသည်။
ကိုဂျိမ်းစ်သည် ရန်ကုန်မြို့ အင်းစိန်ထောင်နှင့် ဧရာဝတီတိုင်း မြောင်းမြထောင်တို့တွင် လေးနှစ်နီးပါး အကျဉ်းကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ကိုဂျိမ်းစ် ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် အင်းစိန်ထောင် ထောင်ဝင်စာဌာန၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထောင်ဝင်စာပို့ရန်ရောက်ရှိနေသည့် ၎င်း၏ မိခင် ဒေါ်ကြည်ကြည်မြင့် (ခ) ဒေါ်ကြီးမြင့် သေဆုံးခဲ့သည်။
ထောင်ဝင်စာလာပို့သူ ပြည်သူငါးဦးနှင့် အကျဉ်းဦးစီးဝန်ထမ်း သုံးဦးသေဆုံးခဲ့သည့် ထိုပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ ယနေ့အချိန်အထိ အဖြေရှာနေဆဲဖြစ်သည်။
မြောင်းမြထောင်မှ လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့ရှိ ၎င်း၏ မိခင်ဖြစ်သူ၏ အုတ်ဂူကို သွားရောက် ဂါရဝပြုလိုသည်၊ ခံတွင်းနှင့် ပတ်သက်သည့် ကျန်းမာရေး ဝေဒနာအချို့ကိုလည်း ခံစားနေရသည်ဟု မဖြိုးဖြိုးအောင်က ဆက်ပြောသည်။
“အင်းစိန်ထောင်ကနေ မြောင်းမြထောင်ကို မပြောင်းခင်တုန်းကတော့ သူ့ရဲ့ခံတွင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုနဲ့ ကြုံတယ်။ ခံတွင်းရဲ့ Muscles (ကြွက်သား)တွေနဲ့ ပတ်သက်ပြီးတော့ ကျုံ့လို့ ကြွလို့ မရတဲ့ အဲဒီလို ပြဿနာမျိုးတော့ရှိတယ်။ နယ်ထောင်က လွတ်တာဆိုတော့ နယ်မှာပဲ ရှိသေးတယ်။ ရန်ကုန်ပြန်ရောက်ရင်တော့ သူ့ အမေ အုတ်ဂူဆီကိုတော့ သူ သေချာပေါက်သွားမှာပေါ့”
ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ နှင့် အကြမ်းဖက်ပုဒ်မများသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်း ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သူများအား တရားစွဲလေ့ရှိသော နိုင်ငံရေးပုဒ်မများဖြစ်ကြသည်။
ကိုဂျိမ်းစ်ကို အမှုဖွင့်ထောင်ချခဲ့သော ပုဒ်မ ၅၂ သည် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ ပူးပေါင်းပါဝင်ခြင်းတို့အတွက် ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ ခုနစ်နှစ်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ်၏ နိုင်ငံရေးဖြတ်သန်းမှု
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ကိုလင်းထက်နိုင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့ အရေးအခင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၄၃၊ ၁၄၅၊ အသင်းအဖွဲ့ဥပဒေပါ ပုဒ်မ ၆၊ ၇ တို့ဖြင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခံရကာ ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ကိုလင်းထက်နိုင်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၅၀၅ (ခ) ဖြင့် ခြောက်လကြာ တရားရင်ဆိုင်ခဲ့ရသည်။
၂၀၂၀ ပြည့်နှစ်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သည်ဆိုကာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပြီး စစ်တပ်က အာဏာသိမ်းရန်ရက်ပိုင်းအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် လွတ်မြောက်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ကိုလင်းထက်နိုင် ထပ်မံဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူ ၃၀၇၁၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၁၄၃၉၂ ဦးမှာ အကျဉ်းကျခံနေရသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော် (၇၃၃၇ ဦး)၊ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပြစ်ဒဏ်ကျခံနေသူများအပါအဝင် စုစုပေါင်း တစ်သောင်းကျော် (၁၀၁၇၂)ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားရုံးအသီးသီးတွင် စစ်တပ်က ဖမ်းဆီး (သို့မဟုတ်) အလိုရှိနေသူ ၁၂၄၈၇ ဦးကိုလည်း အမှုပိတ်ပေးခဲ့သည်။
ထိုသို့လွှတ်ပေးသည်ဆိုသော်လည်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၉ ခုမှ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျနေသူ လေးထောင်ကျော် (၄၄၀၃ ဦး) သာ လွတ်မြောက်လာခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်( PPNM)က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



