အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KIA စခန်းကုန်းများကိုစစ်တပ်နှင့် ရှမ်းနီတပ်တို့ပူးပေါင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ KIA သိမ်းပိုက်ထားသော စခန်းနှစ်ခုကို စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA) တို့က မတ်လ ၂၇ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ KIA ဘက်ကလည်း နောက်ဆုတ်မပေးဘဲ တန်ပြန်တိုက်စစ်ဖြင့် ပြန်လည်ခုခံနေသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကချင်ပြည်နယ် မိုးညှင်း မြို့နယ် အင်းတော်ကြီးဒေသရှိ ပတ္တမြားကုန်းစခန်းနှင့် ကာကင်းစခန်းကုန်းများကို စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA) ပူးပေါင်းတပ်က မတ်လ ၂၇ ရက်တွင် စတင်၍ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

မိုးညှင်းမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ အင်းတော်ကြီးကန် အနောက်ဘက်ကမ်းရှိ လုံးတုံရွာနှင့် မမုန်ကိုင်ရွာတို့သည် အင်းတော်ကြီးဒေသနှင့် ဖားကန့်မြို့ကို ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီးပေါ်တွင်ရှိပြီး စစ်တပ်နှင့် SNA တပ်တို့က ထိန်းချုပ်ထားသည်။

အဆိုပါရွာများ၏ လုံခြုံရေးအတွက် ရွာများအနီးတပ်စွဲထားသည့် ပတ္တမြားကုန်းစခန်းနှင့်ကာကင်းစခန်းကုန်းများကို ပြီးခဲ့သည့် မတ်လတွင် KIA နှင့် ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်တပ်နှင့် SNA ပူးပေါင်း၍ ထိုစခန်းများ ပြန်ရရန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တိုက်ပွဲ ခြောက်ရက်ကြာမြင့်လာပြီးနောက် ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၅ နာရီခန့်တွင် စစ်တပ်ကလက်နက်ကြီးအပြင် ဒရုန်းများပါ အသုံးပြုပြီး မမုန်ကိုင်ရွာအနောက်ဘက်တွင်ရှိသည့်ပတ္တမြားကုန်းစခန်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

“ဟောင်ဝှစ်ဇာတွေ၊ ၁၂၀ မမ အမြောက်တွေနဲ့ ပစ်ပြီးတော့(စစ်ကြောင်း) ထိုးနေတယ်ကျွန်တော်တို့ရှိတဲ့နေရာဘက်ကို၊ အဓိကကတော့ မမုန်ကိုင်အနောက်ဘက်မှာရှိတဲ့ ပတ္တမြားကုန်းကို ပြန်ရချင်နေတာ။ အဲဒီတောင်ကုန်းက လုံးတုံကိုရော မမုန်ကိုင်ကိုပါ စစ်ရေးအရဖိအားပေးနိုင်တဲ့ တောင်ကုန်းပါ” ဟု အဆိုပါ KIA သတင်းရင်းမြစ်က ပြောသည်။

ခြောက်ရက်ကြာ အပြန်အလှန်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ပတ္တမြားကုန်းကို ထိုးစစ်ဆင်နေသလိုKIA ပူးပေါင်းတပ်များကလည်း မမုန်ကိုင်ရွာအနီးရှိ တပ်မကုန်းကို စစ်ရေးဖိအားပေးပြီး ပြန်လည်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

“မဆုတ်ပေးရပါဘူး ကျွန်တော်တို့ဘက်ကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့တန်ပြန်တိုက်စစ်တွေနဲ့ လုပ်နေနိုင်တယ်လေ။ နေရာတော့ မဆုတ်ပေးရပါဘူး။ အဲဒီထက်ပိုရဖို့ပဲရှိပါတယ်” ဟု အဆိုပါ စစ်ရေးရင်းမြစ်က ပြောသည်။တိုက်ပွဲအတွင်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်များ ထိခိုက်သေဆုံးမှုများကြောင်းနှင့်မတ်လ ၃၀ ရက်နေ့တိုက်ပွဲတွင် SNA တပ်က အားကိုးရသည့် စနိုက်ပါသမားတစ်ဦးကိုပါပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ သို့သော် ထိုသေဆုံးမှုနှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

လုံးတုံရွာတွင် SNA တပ်များအပြင် မိုးကောင်းမြို့အခြေစိုက် စစ်တပ်၏ အမှတ်(၃)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ ၃) လက်အောက်ခံ ဟိုပင်မြို့အခြေစိုက်ခြေလျင်တပ်ရင်း ခလရ(၃၈၉)မှ တပ်များလည်း ပူးပေါင်းထားသည်။

ထို့အပြင် အင်းတော်ကြီးကန် အနောက်ဘက်ခြမ်းရှိ လုံးတုံ၊ မမုန်ကိုင်နှင့် မိုင်းနောင်ရွာတို့တွင်စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက အင်အား ၁၀၀၀ ခန့်ဖြင့် တပ်စွဲ၍ အခိုင်အမာခံစစ်ပြင်ထားကြောင်းသိရသည်။

“လုံးတုံက အင်းတော်ကြီးရဲ့ ဗဟိုချက်ပါ။ သူက KIA တပ်ရင်း ၂၆ ရဲ့ တပ်ရင်းဝင်ပေါက်လမ်းမှာရှိနေတာ။ အင်းတော်ကြီး တစ်နယ်လုံးရဲ့ SNA ပြည်သူ့စစ်တွေကိုလည်း လုံးတုံကပဲချုပ်ကိုင်ထားတာ” ဟု အထက်ပါ KIA စစ်ရေးရင်းမြစ် အမျိုးသားက ပြောသည်။

အင်းတော်ကြီးဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

SNA တပ်သည် ယခင်က စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်းစစ်တပ်အာဏာ သိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ကိုင်းနှင့် ကချင်ပြည်နယ်အတွင်းစစ်ရေးလှုပ်ရှားမှုများကို ပူးပေါင်းလုပ်ဆောင်နေသည်။

ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသအပြင် ဗန်းမော်မြို့နှင့် ခေါင်လန်ဖူးမြို့တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

၂၀၂၄ ခုနှစ် မတ်လတွင် စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိမဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

Related Articles

Back to top button