အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူခရိုင် ရေနံမြေတွင် NUG တပ်အချင်းချင်း စစ်ရေးတင်းမာနေ

တစ်နိုင်တစ်ပိုင် ရေနံထွက်သောနေရာများကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်ရိုက်အမိန့် စီးဆင်းသော စစ်ကိုင်း၊ မင်းဘူး၊ မကွေး PDF တပ်များက ဝင်ရောက်စီးနင်းထား၍ ဒေသတွင်းလှုပ်ရှားသော ပကဖ အပါအဝင် ဒေသခံတပ်များနှင့် စစ်ဆိုင်နေကြသည်။

မကွေးတိုင်း၊ မြိုင်နှင့်ပေါက်မြို့နယ်များရှိ ရေနံမြေများကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG)  ဗဟို၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မတ်လ ၃၀ ရက်နေ့က စပြီး စီးနင်းထားသဖြင့် ထိုဒေသအခြေစိုက် လှုပ်ရှားသော တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ 

စစ်တပ်က ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ကာ အစိုးရသစ်ဖွဲ့စည်းရန် ကြိုးပမ်းနေချိန် နိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းတွင်း NUG ဗဟိုအစိုးရနှင့် NUG လက်အောက်ခံ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့အကြား ထိုသို့တင်းမာနေခြင်းဖြစ်သည်။

မကွေးတိုင်းရှိ အဆိုပါမြို့နယ်နှစ်ခုမှ ရေနံထွက်ရှိရာ ဒေသများကို မတ်လ ၃၀ နေ့ ရက်ညနေတွင် NUG  ဗဟိုလက်အောက်ခံ  စစ်ကိုင်း၊ မင်းဘူး၊ မကွေး PDF တပ်များက အင်အားရာချီနှင့် ဝင်ရောက် စီးနင်းခဲ့ကြရာမှ ထိုသို့ စစ်ရေးတင်းမာမှုပေါ်ပေါက်လာခြင်းဖြစ်သည်။

“ NUG တပ်တွေ လာတာပေါ့ဗျာ။ ရေနံမြေကိုပေါ့။ အဲ့ဒီဟာကကျွန်တော်တို့ဒေသခံတွေ (ဒေသတွင်း PDF) တွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့အရာပေါ့ဗျာ။ သူတို့ကတော့ ဒီအတိုင်း ယူနစ်အစိုးရနဲ့တွေ့ဆုံ ညှိနှိုင်းခြင်းမရှိဘဲ ပြည်ထောင်စုကပဲ အကုန်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာပေါ့ဗျာ။ အဲ့ဒါကြောင့် ဒေသခံတွေနဲ့တင်းမာ နေကြတာပေါ့”ဟု မကွေး ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါရေနံထွက်ရှိရာနေရာများကို မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအင်အားစုများ ကွပ်ကဲဆောင်ရွက်နေခြင်းဖြစ်သည်။ 

NUG က အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးများ ပိုမိုဆောင်ရွက်ရန် ရည်ရွယ်ပြီး ဒေသအလိုက် အစိုးရအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်နေရာ စစ်ကိုင်း၊ မန္တလေးနှင့် မကြာသေးမီ မတ်လက မကွေးတိုင်းအစိုးရအဖွဲံ ဖွဲ့စည်းခဲ့ကာ ဒေသအလိုက်အစိုးရများကို ဖက်ဒရယ်ယူနစ်ဟု အမည်သုံးစွဲခဲ့ခြင်းဖြစ်သည်။

ဒေသအတွင်းရှိ သယံဇာတစီမံခန့်ခွဲမှုများကို ယူနစ်အစိုးရက ဗဟိုအစိုးရနှင့် ညှိနှိုင်း ခွဲဝေရမည်ဖြစ်သော်လည်း လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု အပြီးမသတ်ရသေးမီ ကာကွယ်ရေးဝန်ကြီးဌာန (MOD)  အမိန့် တိုက်ရိုက်စီးဆင်းသော တပ်အင်အားဖြင့် စီးနင်းလာခြင်းဖြစ်ကြောင်းသိရသည်။

ဖက်ဒရယ်ယူနစ်အစိုးရသည် သဘာဝသယံဇာတအရင်းမြစ်များမှရရှိသော အကျိုးစီးပွား ဘဏ္ဍာငွေများကို ပြည်ထောင်စုအစိုးရနှင့်ညှိနှိုင်းခွဲဝေရမည်ဖြစ်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်းက ပြဋ္ဌာန်းခဲ့သည့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဆိုင်ရာ ဥပဒေ သဘာဝသယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည်။ 

“ ဒီအတိုင်းတောင်းရင် ဖြေလျှော့တာမျိုးတွေနဲ့ လိုချင်သလောက်မရမှာစိုးလို့ စကားပြောကောင်းအောင် အင်အားပြပြီးတော့ ဆွေးနွေးရေးလမ်းကြောင်းပေါ်ခေါ်တဲ့သဘောမျိုးဖြစ်နေတာပေါ့။ သူတို့လိုချင်တဲ့ အတိုင်းပေးမှာလား၊ မပေးဘူးလားလို့ အင်အားပြနေတဲ့သဘောပေါ့”ဟု ပခုက္ကူခရိုင်မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ယခုပဋိပက္ခအပေါ် ကိုင်တွယ်ဆောင်ရွက်နေသည့်အခြေအနေနှင့်ပတ်သက်ပြီး မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းဖော်ပြချိန် အထိ တုံ့ပြန်လာခြင်းမရှိသေးပေ။

ယနေ့ ညနေအထိ NUG ဗဟို လက်အောက်ခံ PDF တပ်များက ပြန်မဆုတ်ဘဲ ဆက်လက်နေရာယူထားဆဲ ဖြစ်ပြီး မနက်ဖြန် (ဧပြီလ၂ ရက်နေ့)တွင် မကွေးတိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

သယံဇာတအကျိုးအမြတ်ခွဲဝေမှုအသေးစိတ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ဆောင်ရွက်နေဆဲ အဆင့်သာ ရှိသေးပြီး မနက်ဖြန် ကျင်းပသည့်ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အထက်ပါ မြိုင်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။ 

လက်ရှိ မြိုင်မြို့နယ် ပကဖက ၎င်းတို့ဒေသတွင်း လက်နက်ကိုင်သွားလာမည် ဆိုပါက ကြိုတင်အကြောင်းကြားရန်၊ ကြည်ဖြူစွာ အစစ်ဆေးခံရန် မတ်လ ၃၀ ရက်မှာပင် သတိပေးချက် ထုတ်ထားသည်။ အဆိုပါသတိပေးချက်ထုတ်ပြန်စာတွင် ဒေသတွင်းအာဏာပိုင်များထံ သတင်းမပို့ဘဲ ဖြတ်သန်းသွားပါက လမ်းပိုင်းများအား မိုင်းဖောက်ခွဲဖျက်ဆီးမည်ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်ထားသည်။ 

မတ်လ ၃၀ ရက်နေ့က မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်။ 

ထိုသို့ NUG လက်အောက်ခံ တပ်များအချင်းချင်း တပ်ဆိုင်ထားကာ စစ်ရေးတင်းမာနေကြသည့်အပေါ် ဒေသခံ လူထုကလည်း စိုးရိမ်နေကြပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများကလည်း ရှုတ်ချကြောင်း ပြောသည်။ 

မကွေးတိုင်းအတွင်းရှိ ရေနံမြေများကို MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ စီးနင်းဝင်ရောက်သည့် အခြေအနေနှင့် ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ ညနေအထိ တုံ့ပြန်ဖြေကြားခြင်းမရှိပေ။ 

ပခုက္ကူခရိုင်ရှိ သဘာဝသယံဇာတနှင့်ပတ်သက်သည့် ပဋိပက္ခသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေး ဖက်ဒရယ်ယူနစ်အစိုးရအကြား အကျေအလည်ဆွေးနွေးရမည့်ကိစ္စဖြစ်ကြောင်း၊ အကျေအလည် မညှိနှိုင်းနိုင်ပါက အောက်ခြေတွင် ရေတိုပဋိပက္ခတင်မကဘဲ ရေရှည်လက်နက်ကိုင်ပဋိပက္ခအသွင် ဆောင်ရန် ဦးတည်နိုင်သဖြင့် စကားဝိုင်းတွင် ဆွေးနွေးအဖြေရှာကြရန် ပခုက္ကူခရိုင် PDF တပ်ရင်း ၆ ခုနှင့်  အရပ်ဘက်အဖွဲ့များအပါအဝင်  ဒေသတွင်း တော်လှန်ရေးအင်အားစုများက ယမန်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။ 

လက်နက်ဖြင့်အဖြေရှာရန်ကြိုးပမ်းမှုများအားလုံးကို ကန့်ကွက်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းထားသည်။ 

“ ဒီဟာကိုစားပွဲဝိုင်းနဲ့ပဲသွားချင်တယ်။ ဒီလိုမျိုး ထိခိုက်လွယ်တဲ့အချိန်ခါမျိုးမှာဒါမျိုးလုပ်တာက စဉ်းစားမယ်ဆိုရင် ပြည်သူဘက်ကို လုံးလုံးမတွက်တော့တာလားပေါ့။ ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင် စစ်ကောင်စီက လွှတ်တော်ခေါ်နေတဲ့ ဒီလိုအခင်းအကျင်းမျိုးမှာ ကိုယ့်ဘက်က ဒီလိုမျိုး အချင်းချင်း ဖြစ်နေတာက တစ်ခါမဟုတ်၊ နှစ်ခါမဟုတ် ဖြစ်နေတဲ့ အခါမျိုးကြီးမှာတော့ တော်လှန်ရေးတစ်ခုလုံး ကို ကျွန်တော်တို့ စိတ်မကောင်းဖြစ်တယ်”ဟု အထက်ပါ ပခုက္ကူခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပေးသည်။ 

ဘုံရန်သူဖြစ်သည့် စစ်တပ်ကိုမတိုက်ဘဲ တော်လှန်ရေးအင်အားစုအချင်းချင်းကြားတွင် ပွတ်တိုက်မှုများ  ဖြစ်လာခြင်းအပေါ် တော်လှန်ရေးအင်အားစုများရောဒေသခံများကပါ ဝေဖန်ထောက်ပြမှုများ ရှိနေသည်။ 

“ရန်သူပဲ အဓိက ဦးတည်ပြီးထိုးနှက်နေရတဲ့အချိန်မှာ ရန်သူကိုမထိုးနှက်ဘဲနဲ့ အင်အားတွေက ဒီလိုနေရာတွေမှာ စုပုံနေတာက ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။ ရန်သူအတွက်တော့ ပျော်စရာပေါ့။ စစ်မတိုက်နိုင်ရင် အဲ့ဒီရေနံမြေကြီးကို ဒီလိုပဲလုနေကြရင် စစ်တပ်ကလာထိုင်သွား အလကားပဲဖြစ်မှာ”ဟု မကွေးတိုင်း၊ ယောဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။ 

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီ အကျပ်အတည်းကို တစ်နိုင်ငံလုံးရင်ဆိုင်နေရချိန် တော်လှန်ရေးအင်အားစုများ စိုးမိုးထားရာ မကွေးတိုင်း ရေနံမြေများမှ ထွက်ရှိသည့် ချက်ဆီများသည် ဒေသခံများအတွက် ဆီအကျပ်အတည်းအတွက် အသက်ရှုပေါက် ချောင်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ဒီမှာဆီတစ်ဘူးကို တစ်သောင်းခွဲလောက်ရှိနေပြီ။ အဲ့လိုသုံးနေရတဲကိစ္စကို အဲ့ဒီမှာပဋိပက္ခဖြစ်ရင် အခက်အခဲတွေဖြစ်ကုန်မှာ။အဲ့ဒီကြားထဲမှာ စစ်တပ်ကဝင်ပြီးတော့ အခွင့်အရေးယူသွားရင်တော်လှန် ရေးနယ်မြေက လူထုကစက်သုံးဆီအခက်အခဲတော်တော်ဖြစ်မှာ။ ကမ္ဘာရဲ့အနေအထားလက်ရှိ စက်သုံးဆီ အနေအထားတွေလည်း လုပ်သင့်တဲ့အချိန်လား၊ မလုပ်သင့်တဲ့အချိန်လား၊ လုပ်သင့်တဲ့အရာလား၊ မလုပ်သင့်တဲ့အရာလား၊ တွေးဖို့လိုတယ်”ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိတော်လှန်ရေးအင်အားစုအချင်းချင်းကြားပွတ်တိုက်မှုကြောင့် ရေနံမြေအနီးဝန်းကျင်ရှိ ကျေးရွာ သုံးခုမှ ဒေသခံများ ထိတ်လန့်ပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

“အခုနေရပ်စွန့်ခွာပြီး ရှောင်ကြရတယ်။ နေပူပူနေ့ခင်းဘက်၊ ညဘက်ဆို မိုးကဖွဲဖွဲရွာ အချင်းချင်း ပြဿနာ ဆိုတော့ ကူညီမယ့်သူတွေလည်းမကူညီရဲတော့ ပိုခက်ခဲတာပေါ့။ ပြည်သူကိုမငဲ့ကြတော့ဘူး။ ရှက်ဖို့ လည်းကောင်းပါတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။ 

တော်လှန်ရေးအင်အားစုများကြား ရေနံတွင်းကိစ္စ ပွတ်တိုက်မှုများရှိနေချိန်တွင် တစ်ဖက်တွင်လည်း ပေါက်မြို့နယ်တောင်ပိုင်းတွင်  ပျူစောထီးကျေးရွာများသို့ ရိက္ခာပို့မည့် စစ်တပ် စစ်ကြောင်းထိုးနေသည်မှာ တစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။ 

အင်အား ၄၀၀ ပါသည့် ထိုစစ်ကြောင်းက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာ ၁၄ ရွာမှ လူဦးရေ ကိုးထောင်နီးပါး ဘေးလွတ်ရာ စစ်ရှောင်နေရသည်။ 

Related Articles

Back to top button