မန္တလေးတိုင်းအတွင်း နယ်မြေများကို သိမ်းပြီးနောက် စစ်ကိုင်းတိုင်းဘက် ဆက်ထိုးဖောက်လာသည့် စစ်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာ မန္တလေးတိုင်းအတွင်းမှ လက်ကျန်မြို့ဖြစ်သည့် တကောင်းမြို့ကို တစ်လနီးပါးကြာထိုးစစ်ဆင်ပြီး မတ်လ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ပြီးနောက် ထိုစစ်ကြောင်းသည် အထက်ဘက် ထီးချိုင့်မြို့ဘက်သို့ ဆက်တက်လာခြင်းဖြစ်သည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုများက နှစ်နှစ်နီးပါးကြာအောင် မြို့တစ်ဝက်နီးပါးထိ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် မြို့မှဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံကသိရသည်။
“ထီးချိုင့်မြို့ပေါ်ပဲ စစ်တပ်က ရသွားတာဟုတ်တယ်။ မြို့ပြင်ထွက်တာနဲ့ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အကုန်လုံးထိန်းချုပ်ထားတာ”ဟု ဒေသတွင်းအခြေအနေသိရှိသည့် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
မန္တလေးမြို့၏ မြောက်ဘက်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့ကို ယမန်နှစ်နှစ်ကုန်ပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် စစ်တပ်သည် ဖေဖော်ဝါရီလဆန်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ကျေးရွာအနီးရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃) မှတဆင့် တကောင်းမြို့သို့ ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။
တကောင်းမြို့ကို အလုံးစုံ ထိန်းချုပ်ပြီးနောက် စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်သို့ ဆက်လက်ထိုးဖောက် ဝင်ရောက်လာခဲ့ပြီးနောက် ထီးချိုင့်မြို့နယ်၊ မြတောင်ရွာအနီး တကောင်းနီကယ်စက်ရုံ၊ ထီးချိုင့်တံတားတို့ကို မတ်လကုန်ပိုင်းတွင်ပြန်လည်ထိန်းချုပ်ခဲ့သည်။
“တကောင်းနီကယ်စက်ရုံကလည်း စစ်တပ်ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီ။ တကောင်းနီကယ် စက်ရုံနားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့အနေအထားမရှိဘူး။ တကောင်းကနေ စပြီးတော့ စစ်ကောင်စီ စစ်ကြောင်းတွေ တက်လာပြီဆိုကတည်းက ရရှိတဲ့သတင်းတွေအရ တကောင်းနီကယ် စက်ရုံက တရုတ်တွေက အလုပ်သမားတွေကို ထွက်ပြီးတော့မပြေးကြဖို့ ပြောထားတယ်။ တရုတ်တွေ ပြောထားတဲ့အတိုင်းပဲ အဲ့ဒီနားမှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်ဘဲနဲ့ မောင်းကုန်းကိုကျော်ပြီးတော့ မြတောင်ဘက်ခြမ်းကိုရောက်သွားပြီ”ဟု CDM ဗိုလ်ကြီး ဇင်ယော်ကပြောသည်။
တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နှင့်အမှတ် (၁)သတ္တုတွင်း ဝန်ကြီးဌာနတို့ နှစ် ၂၀ သက်တမ်းဖြင့် အကျိုးတူပူးပေါင်း လုပ်ဆောင်သည့် တကောင်းနီကယ်စက်ရုံကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင်စတင်လည်ပတ်ခဲ့ပြီး တစ်နှစ်လျှင် ဖယ်ရိုနီကယ် တန်ချိန် ၈၅၀၀၀ ကျော်ထုတ်နိုင်ရန်လျာထားခဲ့သည်။ ထိုတကောင်းနီကယ်စီမံကိန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တော်လှန်ရေးအင်အားစုများက သေနတ်တစ်ချက်မဖောက်ဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထီးချိုင့်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်နယ် ဝင်ပေါက် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းတို့ အလယ်တည့်တည့်တွင်ရှိသဖြင့် နှစ်ဖက်လုံးအတွက် ဆက်သွယ်ရေးအရ အချက်အချာကျသည်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို NUG အမှတ် (၁) စစ်ဒေသကဦးဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့သည်။ မြို့ကို အပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ စစ်တပ်နှင့်တော်လှန်ရေး အင်အားစုများသည် မြို့ကိုတစ်ဝက်စီထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေဖြစ်သည်။
ထီးချိုင့်မြို့တွင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဟုဆိုကာ မြို့ပေါ်ရပ်ကွက်ကြီး ငါးခုရှိပြီး စစ်တပ်၏ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲမှုများကြောင့် ထိုစဉ်ကတည်းက တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။

စစ်တပ်၏တန်ပြန်ထိုးစစ်တွင် ဒရုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး ထိုအချက်သည်တော်လှန်ရေးအင်အားစုများအတွက် စိန်ခေါ်ချက်တရပ်ဖြစ်လာသည်။
“အဓိကတော့ ဒရုန်းတွေပေါ့။ အရှေ့ကနေ ဒရုန်းနဲ့တိုက်တယ်။ နောက်မှစစ်ကြောင်းတက်လာတယ်”ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
တော်လှန်ရေးအင်အားစုများ ထီးချိုင့်မြို့ကို လက်လွှတ်ရပါက နိုင်ငံအလယ်ပိုင်း ပင်မစစ်မျက်နှာ ဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့နှင့်ဆက်သွယ်ရေး ဖြတ်တောက်ခံ ရနိုင်သည့်အခြေအနေဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူတို့က သုံးသပ်သည်။
“ထီးချိုင့်ကို လက်လွှတ်လိုက်ရရင်တော့ ဆုံးရှုံးမှုတော်တော်လေး ကြီးမားတယ်လို့ ပြောရမယ်။ ဘာလို့လဲ ဆိုတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း နှာပေါက်ကို ပိတ်ခံလိုက်ရသလို တစ်ဖက်မှာ စစ်တပ်က ထီးချိုင့်ကနေ အမြတ်ထုတ် အောင်မြေချဲ့မယ်ဆိုရင် ငအိုးအထိ ပြန်ထိန်းချုပ်လာနိုင်မယ်ဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ မဘိန်း၊ မိုးမိတ်နဲ့လည်း စစ်ကိုင်းတိုင်းအထက်ပိုင်းက ပိတ်သွား ပြီ။ အဲ့ဒီကနေတဆင့် တဖြည်းဖြည်းချင်းနဲ့ ရွှေကူဘက်လမ်းကြောင်း ကသာ ကိုသာရသွားပြီဆိုရင် ကချင်ပြည်နယ်ကလမ်းကြောင်းတွေကို စစ်တပ်ဘက်ကနေ ထိန်းချုပ်ဖြတ်တောက်နိုင်တဲ့အနေအထားမျိုးပဲ”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် ကသာခရိုင်မြို့နယ်များဖြစ်သည့် ကသာ၊ အင်းတော်၊ ဗန်းမောက်တို့ အနက် အင်းတော်မြို့နယ်ကိုသာ တော်လှန်ရေးအင်အားစုများက အပြီးသတ်ထိန်းချုပ်ထားနိုင်သည်။
ဗန်းမောက်မြို့နယ်ကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များကသိမ်းနိုင်ခဲ့သော်လည်း စစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် ရှမ်းနီတပ်များ၏ ပူးပေါင်းထိုးစစ်ဆင်မှုကြောင့် ဖေဖော်ဝါရီလတွင် လက်လွှတ်ခဲ့ရသည်။ ထို့အပြင်ထီးချိုင့်မြို့မြောက်ဘက်ကပ်လျှက်ရှိ ကသာမြို့ကို တော်လှန်ရေး အင်အားစုများက ယခုလအတွင်း ထိုးစစ်အရှိန်မြှင့်နေပြီး မြို့ပေါ်ရှိ စစ်တပ်ခြေကုပ်ယူထားသည့် နေရာများကို တိုက်ခိုက်နေသည်။
ထီးချိုင့်တွင်ရောက်နေသည့် စစ်တပ်သည် စစ်ကိုင်း၊ ကချင်နှင့်ထိစပ်နေသည့် ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့ဘက်သို့ ဆက်လက်ဦးတည်လာနိုင်ကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ် ကသုံးသပ်သည်။
“အင်းတော်၊ ဗန်းမောက်၊ ဟုမ္မလင်းကို လက်ယှက်သလို ယှက်လိုက်ပြီဆိုရင် ကချင်ပြည်နယ်ကနေ အောက်ဆင်းဖို့ ပြည်မမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ERO တွေနဲ့ အချိတ်အဆက်ပြတ် သွားမှာပေါ့။ ဒါဆိုရင်တော့ ကုန်းတွင်းပိတ်ဖြစ်သွားပြီ။ ကြိုက်သလို သူတို့စစ်ကစားလို့ရသွားပြီ”ဟု ၎င်းက ဆိုသည်။
ရှမ်းမန်းစစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် မန္တလေးတိုင်းမှ မြို့နယ်များအားလုံးကို ပြန်လည် လက်လွှတ်ခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်း ခါမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူး၊ ပင်လည်ဘူးနှင့် အင်းတော်မြို့တို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။



