အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က မြဝတီတံတားနှင့် အာရှလမ်းပြန်ဖွင့်၍ ထိုင်းနယ်စပ်ကုန်သွယ်ရေးပြန်စရန် စီစဉ်နေ 

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်နေရာအများစုကို ပြန်လည်ထိန်းချုပ်သွားနိုင်ပြီးနောက် စစ်ကော်မရှင်သည် မြဝတီ-မဲဆောက် အမှတ်(၂) တံတားနှင့် အာရှလမ်းပိုင်းကို လာမည့်လဆန်း၌ ပြန်ဖွင့်ရန် ပြင်ဆင်နေသည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အခရာကျသည့် မြဝတီ-မဲဆောက် အမှတ်(၂) တံတားနှင့် အာရှလမ်းပိုင်းကို ယခုနှစ် ဧပြီလအတွင်း ပြန်လည်ဖွင့်လှစ်၍ ထိုင်းနှင့်ကုန်သွယ်မှုပြန်စရန် စစ်ကော်မရှင်က စီစဉ်နေကြောင်း သိရသည်။ 

လိုင်စင်မဲ့ကုန်စည်တားဆီးရန်ဟု အကြောင်းပြကာ အမေရိကန်ဒေါ်လာဘီလီယံချီကုန်သွယ်နေသည့် ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှ တော်လှန်ရေးတပ်များအခွန်ရရှိမှုကို ပိတ်ပင်ရန် ကုန်စည်များဖြတ်သန်းသယ်ဆောင်သော မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့်နှစ် ဩဂုတ်လလယ်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ရက်အတိအကျကို မပြောနိုင်သေးသော်လည်း ထိုတံတားကို ပြန်ဖွင့်ရန်ပြင်ဆင်နေပြီး ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း စစ်ကော်မရှင်၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညီညီဇော်က Myanmar Now ကို ပြောသည်။ 

“ပြင်ဆင်နေကြတာ အမိန့်ရရင်ဖွင့်မယ်။ အမိန့်မရသေးရင် အချိန်အတိအကျရက်တွေဘာတွေ ပြောလို့ မရသေးဘူး။ သူပြောထားတဲ့ရက်တွေဘာတွေက ဒီပတ်ဝန်းကျင်လောက်ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါကတော့ ညွှန်ကြားချက်ရတာနဲ့လုပ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။ 

ထိုင်းနယ်စပ်မြို့များဖြစ်သည့် မဲဆောက်မြို့နှင့် မြဝတီကို ဆက်သွယ်ထားသော အမှတ် (၂) တံတားကို ပြန်ဖွင့်လှစ်သည့် တပြိုင်တည်းတွင် ကုန်သွယ်ရေး၌ အရေးပါသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်ဖွင့်၍ ထိုင်းနယ်စပ်ကုန်သွယ်ရေးပြန်စရန် စစ်ကော်မရှင်က စီစဉ်နေကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။  

နယ်စပ်ကုန်သွယ်ရေးကိုထိန်းချုပ်ရန် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ စစ်ကော်မရှင်၏ တပ်စခန်းများကို ကရင်အမျိုးသားအစည်းရုံး(KNU)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 

ထိုသို့တိုက်ခိုက်ပြီးနောက် မိုင်ပေါင်း ၅၀ ကျော်ရှည်လျားသည့် ကျုံးဒိုး-ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း အောင်ဇေယျစစ်ကြောင်းအမည်ဖြင့် ထိုလမ်းပိုင်းကို နှစ်နှင့်ချီထိုးစစ်ဆင်ခဲ့ပြီးနောက်  ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ 

ကရင်ပြည်နယ် အာရှလမ်းပေါ်တွင် စစ်ကော်မရှင်က အပြည်အဝထိန်းချုပ်ထားနိုင်သော်လည်း တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဆက်ရှိနေသလို အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း ထိုင်းနယ်စပ်ရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ဆိုသည်။ 

စစ်ကော်မရှင်ခေါင်းဆောင်တို့က အာရှလမ်းအတိုင်း ကားနှင့်လာရောက်၍ မြဝတီ အမှတ် (၂) တံတားနှင့် အာရှလမ်းပိုင်းကို ဧပြီလ ၂ ရက်နေ့တွင် ဖွင့်လှစ်ရန်လျာထားခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကော့ကရိတ်မြို့အနီး တိုက်ပွဲပြန်ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံရေးစိုးရိမ်၍ ဖွင့်မည့်ရက်အတိအကျကို  မထုတ်ပြန်ခြင်းဖြစ်ကြောင်း မြဝတီမြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

သို့ရာတွင် စီးပွားကူးသန်းနှင့် အကောက်ခွန်ဌာနများဘက်က နယ်စပ်လမ်းကြောင်းပြန်ဖွင့်လှစ်မည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များမထုတ်ပြန်သေးသလို အာရှလမ်းပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သည့်အခြေအနေရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ 

“အလုံးစုံကွက်ပြည့်နင်းနိုင်တယ်ဆိုရင် အာရှလမ်းမှာ တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူး။ သူ (စစ်တပ်) ထိန်းနိုင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အကြောင်းမရှိဘူး။ အဲဒီတော့ လုံခြုံရေးနဲ့ပတ်သက်ရင် စဉ်းစားစရာ ထပ်ဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။ 

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် လမ်းကြောင်းအဆင်ပြေပြီး အစစ်အဆေးမရှိပါက လမ်းကြောင်းတို၍ ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ကြောင်း အထက်ပါလုပ်ငန်းရှင်အမျိုးသားက မှတ်ချက်ပြုသည်။

အာရှလမ်းမကြီး အမှတ်(၁) (AH-1)သည် ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီ ချိတ်ဆက်ထားသော အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးလည်းဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၂၄၊ ဧပြီလတွင် ကရင်ပြည်နယ်၊ မြဝတီရှိ စစ်စခန်းများကို KNU နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ချိန် စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်အဖြစ် ထိုင်းနယ်စပ်ရှိ ရနောင်းနှင့် ကော့သောင်း ကမ်းရိုးတန်းဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် စီစဉ်ခဲ့သည်။

ကော့သောင်းသည် ရနောင်းမြို့နှင့် ပါချန်မြစ်သာခြားပြီး ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် သွားနိုင်သည်။ စစ်တပ်၏ကြီးကြပ်မှုဖြင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား ထိုရေလမ်းကြောင်းမှ ကုန်သွယ်ရန် စတင်ခွင့်ပြုခဲ့သည်။ မြဝတီလမ်းကြောင်းပြန်ဖွင့်ပါက ထိုရေလမ်းကြောင်းကုန်သွယ်မှုကို မည်သို့စီစဉ်မည်ကို မသိရသေးပေ။ 

အာဏာမသိမ်းမီ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြဝတီနယ်စပ်မှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းထားသည့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၂၃-၂၄ တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရှိခဲ့သည်။ 

ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ အာရှလမ်းကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားခဲ့ရာ ကုန်သွယ်မှုလည်း ကျဆင်းလာခဲ့သည်။ စစ်ကော်မရှင် စီးပွားကူးသန်းဝန်ကြီးဌာနက ဧပြီလနှင့် ဇွန်လတွင် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၆၃ သန်းရှိကြောင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထုတ်ပြန်ခြင်းမရှိတော့ပေ။

စစ်ကော်မရှင်သည် ထိုင်းနယ်စပ်အပြင် တရုတ်နှင့် ကုန်သွယ်နေသည့် မြန်မာ၏ အကြီးဆုံးနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်နိုင်ရန် မျှော်မှန်းထားသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း မဟာမိတ် တအာင်းတပ်(TNLA) အဓိက သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်(MNDAA) အလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဩဇာညောင်းသည့် ထိုတပ်၏ ထိန်းချုပ်မှုလက်အောက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ပြန်စနိုင်ကြောင်း ကုန်သည်များက တွက်ဆထားကြသည်။ 

Related Articles

Back to top button