ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်တပ်ခြေလျင်တပ်ရင်း အမှတ် (၅၅) နေရာအနီး ဧပြီလ ၁ ရက်၊ နံနက် ၁၁ နာရီတွင် လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်ဗုံးကြဲစဉ် ကလေးများအပါအဝင် အရပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။
လေကြောင်းဖြင့် နာရီဝက်နီးပါး အပြင်းအထန် ဗုံးကြဲချခဲ့သလို ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်သင်္ဘောဖြင့်လည်း လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ထိုအနီးအနား နေထိုင်သူများက ပြောကြသည်။
“ထမင်းစားဖို့လုပ်နေတုန်း၊ ဂျက်လာတယ်။ ပထမဆုံး ဗုံးကြဲတဲ့အခါ ကျွန်မ သေသွားပြီလို့ ထင်သွားတယ်။ ဗုံးခိုကျင်းမရောက်ခင်လေးမှာ ဂျက်က နီးနီးလေးပျံဝဲနေတာ။ တခြားသူကို စိတ်ပူရမလား၊ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပူရမလား မေ့သွားတယ် “ဟု ထိုပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ခလရ (၅၅) အနီးအနားဝန်းကျင်၌ ကျောက်တော်မြို့နယ်မှ လာရောက်စစ်ဘေးရှောင်နေထိုင်နေကြသည့် မိသားစုမှ နှစ်နှစ်အရွယ် မအေးငြိမ်းလှိုင်၊ ခုနစ် နှစ်အရွယ် မပြည့်ဖြိုးနွယ်တို့ ညီအစ်မနှင့် မိခင်ဖြစ်သူ ဒေါ်မအောင်သန်း (၂၆ နှစ်) ၊ အဘွားဖြစ်သူ ဒေါ်မအေးမေ (၄၇ နှစ်) တို့ သေဆုံးသွားကြသည်။
သုံးနှစ်အရွယ် မသဲရတီဦး ၊ ရှစ်နှစ်အရွယ် မမိုးထက်သန္တာနှင့် မိခင် ဒေါ်အေးသန္တာဦး (၂၈ နှစ်) တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်အေးသန္တာဦးမှာ ကိုယ်ဝန်ဆောင်ဖြစ်သည်ဟု အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်အရ သိရသည်။
“စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်”ဟု AA ဘက်က ဆိုသည်။
သမ္မတကြီးဖြစ်လာရန် ရည်မှန်းထားသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနားယူပြီးနောက် တပ်ချုပ်ရာထူးအား ဆက်ခံရယူသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ယခုကဲ့သို့ဗုံးကြဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက ထပ်မံဗုံးလာကြဲမည်စိုးရိမ်၍ တစ်ရက်တာလုံး ကြောက်လန့်နေရသည်ဟု ဆိုသည်။
“ညပိုင်းလည်း အိပ်မပျော်တော့ဘူး။ အသံကြားရရင် ဂျက်လာနေတယ်၊ ပစ်တော့မယ်လို့ချည်း ထင်နေတယ်”ဟု ၎င်းက ပြောသည်။
ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး၊ ထိခိုက်ဒဏ်ရာရှိသွားသူများအားလည်း အရေးပေါ် ဆေးကုသပေးလျက်ရှိသည်ဟု AA က ဆိုသည်။
ယခုရက်များအတွင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် တစ်ကြိမ်တည်းမှာပင် လေယာဉ် အများအပြား အသုံးပြု တိုက်ခိုက်လာကြောင်း AA က ဆိုခဲ့ပြီး ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိရန် တိုက်တွန်းထားသည်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း မတ်လ ၂၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲချသောကြောင့် အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦးတို့ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့ညနေ ၄ နာရီခန့်ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သဖြင့်အသက် ၁၆ နှစ်အောက် ကလေး လေးဦးအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရသည့်အနက် ကလေးနှစ်ဦး ပါဝင်ပြီး လူနေအိမ်များလည်း မီးလောင် ပျက်စီးခဲ့သည်။
AA သည် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့ကလွဲပြီး ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုမြို့နယ်များကို ခရိုင် ရှစ်ခုဖွဲ့စည်းပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟု ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း လောင်စာဆီ အကျပ်အတည်းဖြစ်နေသည့် မတ်လအတွင်းမှာပင် အာဏာသိမ်းစစ်တပ်က လူအစုလိုက်အပြုံလိုက် လူ ၃၀၀ ထက်မနည်း သေဆုံးစေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ရခိုင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်ဒေသတို့တွင် ပြုလုပ်ခဲ့သည်။
ထိုတိုက်ခိုက်မှုများတွင် လေယာဉ်အများအပြားဖြင့် ပစ်မှတ်တစ်နေရာတည်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်ပုံစံမျိုး တွေ့မြင်လာရသည်ဟု လေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများက Myanmar Now ကို ပြီးခဲ့သည့်ရက်များက ပြောထားကြသည်။
လူထုကို အကြောက်တရားသွင်းရန်ရည်ရွယ်ချက်ဖြင့် အရပ်ဘက် ပစ်မှတ် ဦးတည်တိုက်ခိုက်မှုများ လုပ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူများကို သုံးသပ်သည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းများထိန်းသိမ်းထားသည့် စခန်းတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် သေဆုံးမှုအများဆုံးဖြစ်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ မှတ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၂၉၃ ခုဖြင့် အရပ်ဘက် အခြေခံအဆောက်အဦများကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းသည် အဆိုးဆုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



