အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်းသတင်း

“လူဦးရေ နှစ်သန်းကျော်ဟာ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာရှိပါတယ်” မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်နှင့် တွေ့ဆုံခြင်း

မကွေးယူနစ်တစ်ခုလုံးဆိုရင် လူဦးရေအချိုးက ၄ ဒသမ ၁ သန်းရှိတယ်။ ပြောရမယ်ဆိုရင် ၄၁ သိန်းရှိတာပေါ့။ အဲဒီမှာ ၆၀ ရာခိုင်နှုန်းဟာ တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေထဲမှာရှိတယ်ဆိုတော့ အနည်းဆုံးတော့ လူဦးရေ နှစ်သန်းကျော်ဟာ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာရှိပါတယ်။ လူ နှစ်သန်းကျော်ရဲ့လုံခြုံမှုတွေ ပြည်သူ့ဝန်ဆောင်မှုယန္တရားတွေ ဆက်ပြီးတော့ တော်လှန်ရေးအောင်မြင်မှု အရွေ့အတွက် ဆက်ပြီး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ယူနစ်များ ပေါ်ထွက်လာခြင်းသည် တော်လှန်ရေးကာလအတွင်း အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။ 

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရသည် NUG ဗဟိုအစိုးရနှင့် ချိတ်ဆက်၍ တိုင်း (သို့မဟုတ်) ပြည်နယ် ယူနစ်အဆင့်အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းနေ ကြခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းတွင် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော ဒေါက်တာရဲထွန်းဇော်ကို  မကွေးဖက်ဒရယ်ယူနစ်၏ အခင်းအကျင်း၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း Myanmar Now က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ မကွေး ဖက်ဒရယ်ယူနစ်အကြောင်းမသွားခင် မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆရာ့အနေနဲ့ အများသိအောင်မိတ်ဆက်ပြောပြလို့ရမလား။ ၂၀၂၁ မတိုင်ခင်က ဘာတွေ လုပ်တယ်။ ၂၀၂၁ နောက်ပိုင်း တော်လှန်ရေးထဲ ဘယ်လိုရောက်လာပြီး ဘာတွေ လုပ်ကိုင်ဖြစ်တယ်ဆိုတာပြောပြလို့ ရမလားခင်ဗျာ။

ဖြေ ။ ။ ၂၀၂၁ အာဏာသိမ်းမှုမတိုင်ခင်မှာတော့ ကျွန်တော့်အနေနဲ့ မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်မှာ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်တဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်အသက် ၄၂ နှစ်ထဲမှာရှိပါပြီ။ တစ်ဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ပါတီဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မင်းလှမြို့နယ်မှာဆိုရင် မလွန်မင်းလှ ပရဟိတအဖွဲ့ရဲ့ဦးဆောင်သူတစ်ဦးအဖြစ် သက်ငယ် မုဒိမ်းမှုတွေမှာ ကျူးလွန်ခံရတဲ့ Victim ကလေးတွေဘက်က အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ 

ကိုဗစ် ၁၉ ကပ်ရောဂါ အချိန်ကာလတုန်းကလည်း သရက်ခရိုင်မှာ Volunteer တွေကို လေ့ကျင့်သင်ကြားပေးတဲ့ ဆရာဝန်တစ်ဦးအဖြစ် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းတဲ့ အချိန်မှာတော့ ကျွန်တော်တို့မြို့မှာရှိတဲ့ သပိတ်အင်အားစုတွေကို ဦးဆောင်ပြီးတော့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာရှိတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရောက်တဲ့အချိန်မှာတော့ မြို့မှာ ၅၀၅ (က) စပြီးအထုတ်ခံရတယ်။ အစောဆုံး အထုတ်ခံရတဲ့ အထဲမှာလည်း ကျွန်တော်တစ်ဦးအပါအဝင်ဖြစ်တယ်။ မတ်လရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးကိုသွားမယ့် အရိပ်အယောင်တွေရှိလာပြီ။ ဆိုတော့ ကျွန်တော်ကိုယ်တိုင်သည်လည်း လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ဖို့အတွက် အခြေခံစစ်သင်တန်း တက်ရောက်မှုတွေ သွားပြီးတော့ လုပ်ခဲ့တယ်။ 

ရှမ်းပြည်က ERO တစ်ခုမှာ ၂၀၂၁ ခုနှစ်မတ်လအကုန်တည်းက အခြေခံစစ်သင်တန်းတွေ တက်ရောက်‌ နေပြီဖြစ်တယ်။ NUG အစိုးရမဖွဲ့ခင်ကတည်းက အခြေခံစစ်သင်တန်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ 

စစ်သင်တန်းတက်ပြီးတဲ့အချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) က စစ်တိုင်း ငါးတိုင်းဖွဲ့ဖို့ ပြင်ဆင်နေတာရှိပါတယ်။ ဆိုတော့ အနောက်ပိုင်းတိုင်းရဲ့ လေ့ကျင့်ရေးကော်မတီမှာ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ နပတ (မကွေး) လို့ အတိုကောက်ခေါ်ကြတဲ့ ဌာနပေါ့။

အနောက်ပိုင်းတိုင်းရဲ့ ဒရုန်းလေ့ကျင့်ရေးကိစ္စတွေ ကျွန်တော်ဦးဆောင်ခဲ့တာရှိတယ်။ နောက်ပိုင်းတော့ MOD ရဲ့ ဌာနတစ်ခုမှာ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တာရှိပါတယ်။ တစ်ဖက်မှာလည်း မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) မှာလည်း အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ကြားကာလအစီအမံပေါ်ပေါက်ရေးကော်မရှင်မှာလည်း ကော်မရှင် အတွင်းရေးမှူးအဖြစ် နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အစီအမံပေါ်ပေါက်ပြီးတဲ့အခါမှာလည်း ရွေးချယ်ရေးကော်မရှင်ကနေ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးတော့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ကနေလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာရဲထွန်းဇော်
Photo Credit – Ye Htun Zaw Facebook 

မေး ။ ။ ဘာကြောင့်လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ဖြစ်ခဲ့တာလဲ။

ဖြေ ။ ။ ကျွန်တော်တို့သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်တို့က ရွေးချယ်တာ မဟုတ်ဘဲနဲ့ တော်လှန်ရေးရဲ့ အခြေအနေအရ တစ်နိုင်ငံလုံးက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ် သွားခဲ့တာဖြစ်တယ်။ တော်လှန်ရေးထဲမှာတော့ နောက်ဆုံးအဆင့် ရွေးချယ်မှုဖြစ်တယ်။ ပြည်သူတရပ်လုံး လက်နက်ကိုင်တော်လှန်ရေး ကူးပြောင်းတဲ့အချိန်မှာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးရမယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မေး ။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဆရာရဲ့ အမြင် ရပ်တည်ချက်ကို ပြောပြလို့ရမလားခင်ဗျာ။

ဖြေ ။ ။ လက်ရှိ နွေဦးတော်လှန်ရေးပေါ့။ ဒါသည် ပြည်သူက ရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရ တရပ်ကို အာဏာသိမ်းသွားတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ကြည့်လို့ရှိရင် အာဏာသိမ်းတဲ့ဖြစ်စဉ်တွေက အကြိမ်ကြိမ်ဖြစ်နေတာပေါ့။ ကျွန်တော်တို့ တိုင်းပြည် နည်းနည်းလေး ဦးမော့လာလိုက် အာဏာသိမ်းသွားလိုက်နဲ့ သံသရာလည်နေတာဖြစ်တယ်။ လက်ရှိ ၂၀၂၁ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းမှု ဖြစ်စဉ်တွေအကုန်လုံးကို အမြစ်ပြတ်ချေမှုန်းဖို့ ရှိတယ်။ 

ဒီတိုင်းပြည်မှာ ဘယ်တော့မှ အာဏာသိမ်းခွင့်မရအောင် ခိုင်မာတဲ့ ဒီမိုကရေစီစနစ်၊ ခိုင်မာတဲ့ ဖက်ဒရယ် စနစ်တွေ တည်ဆောက်မှသာ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်ကောင်းမယ်။ ကျွန်တော်တို့ရဲ့ နောက် မျိုးဆက်အတွက်ကောင်းမယ်။ ဒီအတွက်ကြောင့် နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ်တွေ အကုန်လုံးကို အမြစ်ပြတ်ချေမှုန်းမယ့် တော်လှန်ရေးဖြစ်တယ်လို့ ပြောချင်ပါတယ်။ 

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ် ဖြစ်ပေါ်လာပုံကို ပြောပြပေးလို့ရမလားခင်ဗျာ။

ဖြေ ။ ။ ၂၀၂၃ ခုနှစ်လောက်မှာပေါ့။ တော်လှန်ရေးစပြီး နှစ်နှစ်ကျော်အကြာမှာ ကျွန်တော်တို့ဘက်မှာလည်း ထိုက်သင့်သလောက် စိုးမိုးနယ်မြေတွေရှိလာပြီပေါ့။ ယခင်ကတော့ တိုင်းဒေသကြီးခေါ်တာပေါ့။ တစ်ဖက်မှာလည်း ဘာတွေရှိသလဲဆိုတော့၊ တချို့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ အာဏာလေဟာနယ်တွေ စပြီးတွေ့လာရတယ်ပေါ့။ ဆိုတော့ မကွေးသည် မကွေးဖက်ဒရယ်ယူနစ်အဖြစ် ယူနစ်အစိုးရ ဖွဲ့စည်းဖို့လိုအပ်တယ်။ လက်ရှိ အာဏာလေဟာနယ်ကို ထိန်းချုပ်ပြီးတော့၊ ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေ ပေးဖို့လိုအပ်တယ်ဆိုပြီး ၂၀၂၃ ခုနှစ်လောက်မှာ စတင်ပြင်ဆင်ခဲ့တာရှိတယ်။

ကျွန်တော်သည် အခုအချိန်မှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် အတွင်းရေးမှူးတစ်ဦးအနေနဲ့ မကွေး ဖက်ဒရယ်ယူနစ်လွှတ်တော်ကနေ ဒီနိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ခဲ့တာရှိပါတယ်။ ကနဦးအနေနဲ့  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ မှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကနေ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံကြိုတင်ရေးဆွဲရေး ဥပဒေ ရေးဆွဲပြဋ္ဌာန်းခဲ့တာရှိပါတယ်။  ဒီဥပဒေအရပဲ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်ဆိုပြီး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ခဲ့တာရှိတယ်။ ယူနစ်ထဲမှာ အစုအဖွဲ့ ခုနစ်ခုပါဝင်တာရှိပါတယ်။ 

အစုအဖွဲ့ ခုနစ်စုသည် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအတွင်းမှာပဲ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ၊ တော်လှန်ရေးအမြန်ဆုံးအောင်မြင်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ရယ် ဖက်ဒရယ် ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဖက်ဒရယ်ယူနစ်အတွက်ကို ကြားကာလအတွင်းမှာပဲ ဖွဲ့စည်းတည်ဆောက်ဖို့ကို ဒီရည်ရွယ်ချက်နဲ့ စီမံချက်ရေးခဲ့တာဖြစ်ပါတယ်။ ကြားကာလအစီအမံသည် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်တယ်။ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယူနစ်ရဲ့ လိုအပ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဖွဲ့စည်းတည်ဆောက်ဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။ ဒါက ယူနစ်နဲ့ပတ်သက်ပြီး အကျဉ်းချုပ် ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။

မေး ။ ။ လွှတ်တော်ဆိုတာက တော်လှန်ရေးအင်အားစုတွေ စုထားတဲ့မကွေးတိုင်းလွှတ်တော်ကို ဆိုလိုတာပါလားခင်ဗျာ။

ဖြေ။ ။ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုတာကတော့ ယခင်အခေါ်အဝေါ်ပေါ့။ မကွေးလွှတ်တော်ကို ဆန္ဒပြပွဲတွေဖြစ်နေတဲ့ကြားကပဲ မကွေးမြို့တစ်နေရာမှာ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လွှတ်တော်အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပခဲ့တယ်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ကနေ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အဖြစ် အမည်ပြောင်းတဲ့အခါ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ်က ဘာတွေလုပ်ကိုင်ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ မကွေးဖက်ဒရယ်ယူနစ်လို့ သုံးနှုန်းလိုက်ပြီဆိုရင် ယူနစ်အတွင်းမှာ မဏ္ဍိုင် သုံးရပ်နဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဆောင်ရွက်သွားဖို့ရှိတယ်ပေါ့။ ဆိုတော့ ဥပဒေပြုရေးအာဏာအနေနဲ့ မူလက တည်ရှိပြီးသားဖြစ်တဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ဥပဒေ ပြုရေးမဏ္ဍိုင်ကို ဦးဆောင်မှာ ဖြစ်တယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်မှာတော့ ဝန်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော်က ဦးဆောင်ပြီးတော့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေ၊ ရှေ့နေချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေက ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားရေးမဏ္ဍိုင်ကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။  မဏ္ဍိုင်တရပ်နဲ့ တရပ်ကြားမှာ အပြန်အလှန်ထိန်းကြောင်းမှုတွေ အာဏာခွဲဝေကျင့်သုံးမှုတွေ ဒါတွေကျင့်သုံး ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လိုအပ်တဲ့ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ရယ်၊ လူထုဝန်ဆောင်မှု ယန္တရားလည်ပတ်ဖို့ရယ် ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

မေး ။ ။ မကွေးတိုင်းအခြေအနေကို ရှင်းပြပေးလို့ရမလား။ မကွေးတိုင်းမှာ ဘယ်နေရာတွေကို စစ်တပ်က စိုးမိုးထားပြီး တော်လှန်ရေးတပ်က ဘယ်နေရာတွေကို ထိန်းချုပ်ထားပါသလဲ။

ဖြေ ။ ။ လက်ရှိကတော့ မကွေးဖက်ဒရယ်ယူနစ်လို့ ပြောင်းလဲခေါ်ဝေါ်တော့ လက်ရှိအသုံးကတော့ မကွေး ဖက်ဒရယ်ယူနစ်ပေါ့။ ဒီယူနစ်အတွင်းမှာ မူလကနယ်နိမိတ်တွေ သတ်မှတ်ထားတာဖြစ်လို့ မြို့နယ်ပေါင်း ၂၅ မြို့နယ် ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ ၂၅ မြို့နယ်မှာတော့ မြို့ကြီးတွေမှာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားတာဖြစ်တယ်။ မြို့ကြီးတွေက အပြင်ထွက်လိုက်တဲ့အခါ နယ်ဘက်တွေမှာတော့ တော်လှန်ရေးဘက်က စိုးမိုးထိန်းချုပ်ထားတာဖြစ်တယ်ပေါ့။ အထူးသဖြင့် ခရိုင်ငါးခုမှာ ဂန့်ဂေါခရိုင် ၊ ပခုက္ကူခရိုင်နဲ့ မင်းဘူးခရိုင် ဒီခရိုင် သုံးခုမှာတော့ ထိန်းချုပ်နယ်မြေအများစုကို စိုးမိုထားပါတယ်။ ကျန်တဲ့ မကွေးခရိုင်နဲ့ သရက်ခရိုင်မှာတော့ ထိန်းချုပ်နယ်မြေတွေရှိပြီးတော့ တဖြည်းဖြည်းတိုးချဲ့နေဆဲကာလ ဖြစ်တယ်လို့ ဖြေကြားပါရစေ။

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ်ရဲ့ အုပ်ချုပ်ရေးနယ်မြေထဲမှာ လူဦးရေ ဘယ်လောက်နေထိုင်တယ်လို့ ပြောလို့ရမလဲ။ 

ဖြေ ။ ။ မကွေးယူနစ်တစ်ခုလုံးဆိုရင် လူဦးရေအချိုးက ၄ ဒသမ ၁ သန်းရှိတယ်။ ပြောရမယ်ဆိုရင် ၄၁ သိန်းရှိတာပေါ့။ အဲဒီမှာ ၆၀ ရာခိုင်နှုန်းဟာ တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေထဲမှာရှိတယ်ဆိုတော့ အနည်းဆုံးတော့ လူဦးရေ နှစ်သန်းကျော်ဟာ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာရှိပါတယ်။ လူ နှစ်သန်းကျော်ရဲ့ လုံခြုံမှုတွေ ပြည်သူ့ဝန်ဆောင်မှုယန္တရားတွေ ဆက်ပြီးတော့ တော်လှန်ရေးအောင်မြင်မှု အရွေ့အတွက် ဆက်ပြီး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဘယ်ကဏ္ဍတွေကို အာရုံစိုက်ပြီး ဖိဖိစီးစီး အလုပ်လုပ်ဖို့ရှိမလဲခင်ဗျာ။ 

ဖြေ ။ ။ လက်ရှိမှာတော့ ဝန်ကြီးချုပ်တစ်ဦးတည်း ခန့်အပ်ထားရတာပဲရှိပြီးတော့ ဝန်ကြီးအဖွဲ့ဝင်တွေ ဆက်လက်ပြီး ရွေးချယ်နေဆဲအဆင့်ပေါ့။ အစိုးရတရပ်လုံးပေါ်ပေါက်တဲ့အဆင့်တော့ မရောက်သေးပါ ဘူး။ အကြမ်းဖျင်းတော့ ဖေဖော်ဝါရီလကုန်ခါနီးလောက် အစိုးရအဖွဲ့ကို အတည်ပြုနိုင်မယ့် အလားအလာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ စဉ်းစားချက်ဆိုရင် အပိုင်း သုံးပိုင်းရှိပါတယ်။ 

ပထမအနေနဲ့ ယူနစ်ရဲ့ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရေးဆိုတဲ့အချက်ပေါ့။ လက်နက်ကိုင်တော်လှန်ရေးကို လက်ရှိမှာ အခြေပြုထားတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးကို အောင်မြင်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒုတိယအချက်ကတော့ တော်လှန်ရေးကာလအတွင်းမှာပဲ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်ဖို့ ဆိုတဲ့အချက်ပေါ့။ 

ပြည်သူတွေကို လုံခြံမှု ပေးနိုင်ဖို့လိုတယ်။ ပြည်သူ့ဘဝလုံခြုံမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ဆက်လက်              လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခြေခံအကျဆုံး ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုမှသည် တခြား ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူဘဝလုံခြုံမှုသည် တိုးမြှင့်ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ် ဒါက နံပါတ်နှစ် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တော်လှန်ရေးကာလအတွင်းမှာပဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ယူနစ်တရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဖြစ်ပါတယ်။ ဒီကဏ္ဍ သုံးခုမှာတော့ ဦးဆောင်ရမယ့် တာဝန်ယူထားပါတယ်ခင်ဗျာ။ 

မေး ။ ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဘယ်လိုရွေးချယ်တယ်ဆိုတာ ပြောပြလို့ရမလားခင်ဗျာ။

ဖြေ ။ ။ အစိုးရအဖွဲ့ရွေးချယ်တဲ့လုပ်ငန်းစဉ်ကတော့ ကြားကာလအစီအမံဆိုင်ရာ ဥပဒေအရ ရွေးချယ်ရ တာဖြစ်တယ်။ အထူးသဖြင့် ဒီဥပဒေပုဒ်မ ၆၂ အရ ပေါ့။ နဂိုအစီအမံရေးဆွဲရေးမှာပါတဲ့ အစုအဖွဲ့ ခုနစ်စု ရှိပါတယ်။ နံပါတ် (၁)  လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ နံပါတ် (၂) နိုင်ငံရေးပါတီအစုအဖွဲ့ ၊ နံပါတ် (၃) က ချင်းတိုင်းရင်းသားအစုအဖွဲ့ ၊ နံပါတ် (၄) က တောင်သားနဲ့ ယောလူမျိုးစုများအစုအဖွဲ့၊ နံပါတ်(၅)  သပိတ်ကော်မတီ လူငယ်အမျိုးသမီးတွေ ပါဝင်တဲ့အစုအဖွဲ့ ၊ နံပါတ် (၆)  CDM နိုင်ငံ့ဝန်ထမ်းအစုအဖွဲ့ ၊ နံပါတ် (၇)  မြေပြင်တော်လှန်ရေးအင်အားစုများက ရွေးချယ်စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်များအစုအဖွဲ့ပေါ့။ ဒီအစုအဖွဲ့ ခုနစ်စုနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ ဒီအစုအဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ မျှတစွာ ရွေးချယ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ရှိတယ်။ 

ဝန်ကြီးချုပ်တစ်ဦးတည်း စိတ်ကြိုက်ရွေးချယ်ခွင့် ရတာမျိုးမဟုတ်ဘဲနဲ့ ဝန်ကြီးချုပ်သည် သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဝန်ကြီးလောင်းတွေအမည်စာရင်းကို ရွေးချယ်ရမယ်။ ပြီးရင် လွှတ်တော်ကို တင်သွင်းတယ်ဆိုတဲ့ လုပ်ငန်းစဉ်ရှိပါတယ်။ ကြားကာလအစီအမံဆိုင်ရာ ပုဒ်မ ၆၂ အရတော့ ဝန်ကြီးချုပ်နဲ့ အစုအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီး ရွေးချယ်ရမယ့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ်ရဲ့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေကို ပြောပြပေးနိုင်မလားခင်ဗျာ။

ဖြေ ။ ။ မကွေးဖက်ဒရယ်ယူနစ်မှာ အခက်အခဲတွေ စိန်ခေါ်ချက်တွေကတော့ များစွာရှိပါတယ်။ အဓိက အခက်အခဲကတော့ လွတ်လပ်ရေးရပြီးစ ကာလကတည်းက အခုအချိန်အထိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တခါမှ မကျင့်သုံးဖူးသေးတဲ့ကိစ္စပေါ့။ ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် လောလောဆယ်မှာတော့ တချို့ပြည်သူတွေကြားထဲမှာ နည်းနည်းလေး စိမ်းနေသေးတယ်။ တစ်ပြည်ထောင်စနစ်ကိုပဲ တောက်လျှောက်ကျင့်သုံးလာတာဖြစ်ပြီးတော့ ဗဟိုဦးစီးစနစ်အောက်မှာ ကျင့်သားရနေတဲ့ ပြည်သူ တချို့လည်းရှိတယ်ပေါ့။ လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးမယ်ဆိုတဲ့အချိန်မှာ တချို့ပြည်သူတွေအတွက်လည်း အစိမ်းသက်သက်ဖြစ်နေတဲ့အနေအထားမျိုးလည်း တွေ့ရတယ်။ 

ပုံမှန်ကာလတွေမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုရင်တောင် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရတတ်တယ်။ ကျွန်တော်တို့က တော်လှန်ရေးကာလဖြစ်တဲ့အခါကျတော့ သေချာပေါက် အခက်အခဲတွေရှိနေတာဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပတ်သက်ပြီးတော့ တော်လှန်ရေးကာလ မှာ အပြည့်အဝမရတဲ့ကိစ္စတွေလည်းရှိကောင်းရှိမယ်ပေါ့။ အခုက စတင်ခြင်းဖြစ်တယ်။ အသွင် ကူးပြောင်းရေးကာလနဲ့ Permanent ကာလတွေမှာ တိုးမြှင့်ဆောင်ရွက်သွားရမယ့် ကိစ္စတွေဖြစ်တယ်။ တော်လှန်ရေးကာလမှာ အရင်းအမြစ်ရှားပါးတဲ့ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

မေး ။ ။ မကွေးဖက်ဒရယ်ယူနစ်နဲ့ NUG ကြားက ဆက်ဆံရေးကရော ဘယ်လိုပုံစံမျိုးတွေ ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ မကွေးဖက်ဒရယ်ယူနစ်အတွက် အစီအမံရေးဆွဲရေးကော်မရှင်အနေနဲ့ အစီအမံရေးဆွဲနေစဉ် ကာလတစ်လျှောက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကိုးကြိမ်တိတိတွေ့ဆုံညှိနှိုင်းမှုရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကြားကာလအစီအမံရေးဆွဲတဲ့ဥပဒေပေါ့။ ဥပဒေမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် (FSCC) မှာပါတဲ့ ဝန်ကြီးတွေ ဒုဝန်ကြီးတွေ ဥပဒေတစ်ပိုဒ်ချင်းစီ ညှိနှိုင်းဆွေးနွေးပြီး ဒီဟာတွေကို အတည်ပြုခဲ့တာရှိပါတယ်။ 

လက်ရှိမှာတော့ ဝန်ကြီးချုပ်ရွေးချယ်ပြီးတော့ ဝန်ကြီးတွေ ရွေးချယ်ရမယ့်အဆင့်ပေါ့။ နောက်တဆင့် အနေနဲ့ကတော့ အစိုးရအဖွဲ့ပေါ်ပေါက်ပြီးသွားရင်တော့ NUG အစိုးရနဲ့ မကွေးဖက်ဒရယ် ယူနစ်အစိုးရတို့ကြား Division of Competency ခေါ်တာပေါ့။ အာဏာခွဲဝေကျင့်သုံးမှုနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက် ရမယ့်အဆင့်တွေ ကျန်ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျွန်တော်တို့က ဥပဒေရေးဆွဲစဉ် ကတည်းက လက်တွဲပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သတင်းစကားပါးချင်ပါတယ်ခင်ဗျာ။

မေး ။ ။  အခြားသော ဒေသက ဖက်ဒရယ်ယူနစ်တွေဖြစ်တဲ့ ဥပမာ ကရင်နီက IEC တို့လို အဖွဲ့တွေနဲ့ရော မကွေးဖက်ဒရယ် ယူနစ်က ဘယ်လိုဆက်ဆံရေးမျိုးတည်ဆောက်ဖို့ ရှိမလဲခင်ဗျာ။

ဖြေ ။ ။ လတ်တလောမှာတော့ အညာဒေသမှာရှိတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးပေါ့။ ဒီသုံးခုကတော့ အညာဒေသမှာရှိတာဖြစ်တယ်။ ကျွန်တော်တို့ရှေ့မှာ မကွေးရဲ့ အရင်ပေါ်ပေါက်တဲ့ ဖက်ဒရယ်ယူနစ်တွေ ရှိပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် ချင်းပြည်၊ ကရင်နီမှာရှိတဲ့ ယူနစ်တွေပေါ့။ ယူနစ်အစိုးရတွေ၊ ပြည်နယ်အစိုးရတွေနဲ့ ကျွန်တော်တို့က ချိတ်ဆက်လုပ်ဆောင်မှုတွေရှိတယ်။ ရှေ့လာမယ့်အလားအလာမှာလည်း အစိုးရအဖွဲ့ဖွဲ့စည်းပြီးတာနဲ့ တပြိုင်နက် ပိုပြီးချိတ်ဆက်လုပ်ဆောင်မှုတွေ လုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်။

 ဒေါက်တာရဲထွန်းဇော်နှင့်အတူတွေ့ရသည့်ABSDFခေါင်းဆောင်အချို့
Photo Credit – Ye Htun Zaw Facebook

မေး။ ။ ရဲတပ်ဖွဲ့လိုဟာမျိုးဖွဲ့စည်းပြီး တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့မှာတော့ ကြားကာလဆိုင်ရာ အစီအမံဥပဒေအရ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန ဖွဲ့စည်းမှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့ အုပ်ချုပ်ရေးဦးစီးဌာနရှိမယ်။ ပြည်သူ့လုံခြုံရေးနဲ့ အကျဉ်းဦးစီးဌာန ဒါတွေ ပါဝင်မှာဖြစ်တယ်။ 

ကျွန်တော်တို့ အနေနဲ့ကတော့ ယူနစ်မှာ ရဲတပ်ဖွဲ့လို့မသုံးဘဲနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အနေနဲ့ဖွဲ့စည်းသွားမှာ ဖြစ်တယ်။ ပြည်သူကို လုံခြုံမှုဆိုင်ရာ အကာအကွယ်တွေပေးသွားမှာဖြစ်တယ်။ အမှုအခင်းတွေ ဖြစ်လာရင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ တရားစွဲဆိုရမယ့် ကိစ္စတွေပေါ်လာရင် တရားရေးမဏ္ဍိုင်က ဆက်လက်ပြီးတော့ တရားစွဲဆိုတဲ့ကိစ္စတွေ လုပ်ဆောင်ရမှာဖြစ်တယ်။ နောက်ဆုံးအမိန့်ချမှတ်ပြီးရင်လည်း အကျဉ်းဦးစီးဌာနကို ဆက်လက်ပြီးတော့ လွှဲပြောင်းပေးရမယ့် လုပ်ငန်းစဉ်တွေပေါ့။ ဒီလိုမျိုးလေးတွေ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ထားတာရှိပါတယ်။ အဓိကတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ဒီယန္တရားကို လည်ပတ်သွားမှာ ဖြစ်ပါတယ်။ 

မေး ။ ။ အမျိုးသားညီညွတ်ရေးအစိုးရမှာလည်း အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေ ဖွဲ့စည်းထားတာရှိပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး စတဲ့အဖွဲ့တွေပေါ့။ ဆရာတို့ကလည်း အုပ်ချုပ်ရေး လုပ်မယ်ဆိုတော့ ဒီအဖွဲ့တွေနဲ့ ဆရာတို့ကြား ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်ကြဖို့ရှိမလဲခင်ဗျာ။ 

ဖြေ ။ ။ ယူနစ်အစိုးရက သီးသန့်ယန္တရားဖွဲ့တာမျိုးတော့မဟုတ်ဘူး။ NUG ရဲ့ ပြည်ထောင်စုအစိုးရနဲ့ ယူနစ်အစိုးရ ချိတ်တွဲပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်ပေါ်လာတဲ့အခါမှာ NUG ဘက်ကလည်း အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေကို အဆင့်လိုက်လွှဲပြောင်းပေးသွားမှာဖြစ်တယ်။ ကျွန်တော်တို့ဘက်ကလည်း အဆင့်လိုက်လက်ခံသွားမှာဖြစ်တယ်။ လက်ခံသွားတဲ့အချိန်မှာ ယူနစ်အစိုးရ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာရော မကွေးဖက်ဒရယ်ယူနစ်လို အဖွဲ့တွေပေါ်လာဖို့ လိုအပ်တယ် ထင်ပါသလားခင်ဗျာ။ ဖက်ဒရယ်ယူနစ်တွေက တော်လှန်ရေးမှာ ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေမှာတော့ ပေါ်ပေါက်ဖို့ သင့်တယ်ပေါ့။ ဘာကြောင့်လဲဆိုရင် နံပါတ်တစ် ဒီတော်လှန်ရေးရဲ့  ဦးတည်ချက်သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ဖွဲ့စည်းဖို့ဆိုတဲ့ ဦးတည်ချက်တရပ်ဖြစ်တယ်ပေါ့။ ကြွေးကြော်သံလို့လည်း ပြောလို့ရတယ်ပေါ့။ 

ကျွန်တော်တို့ဘက်က စိုးမိုးနယ်မြေတွေရှိလာတဲ့ ပြည်နယ် သို့မဟုတ် ယူနစ်တွေမှာတော့ ဖက်ဒရယ်ယူနစ် အစိုးရတွေ ဆက်လက်ဖွဲ့စည်းသွားဖို့ သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။ ယူနစ်အစိုးရတွေ ရှိခြင်းဖြင့် တော်လှန်ရေးကို ရှေ့ရောက်အောင် ပိုပြီး တွန်းပို့နိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူနဲ့အနီးကပ်ဆုံးအစိုးရသည် အကောင်းဆုံးအစိုးရလို့ သတ်မှတ်ကြတာရှိတယ်ပေါ့။ ဖက်ဒရယ်ယူနစ် အစိုးရတွေသည် ပြည်ထောင်စုအစိုးရနဲ့ ပြည်သူနဲ့ကြားမှာ အစိုးရ Layer (အလွှာ)တရပ် ရှိလာတာဖြစ်တယ်။ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ပြည်သူနဲ့အနီးကပ်ဆုံးမှာရှိတဲ့ အစိုးရတွေ ဖြစ်တယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိုးမိုးနယ်မြေရှိတဲ့ တိုင်းတွေ၊ ပြည်နယ်တွေမှာတော့ အစိုးရတွေအဖြစ်၊ ဖက်ဒရယ် ယူနစ်တွေအဖြစ် တည်ဆောက်သွားရင်အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။ 

မေး ။ ။ တချို့ကလည်း တော်လှန်ရေးအစိုးရတွေကို လေလှိုင်းပေါ်ကအစိုးရ စသဖြင့် ဝေဖန်တာတွေရှိတယ်။ မကွေးဖက်ဒရယ်ယူနစ်အစိုးရအနေနဲ့ဆိုရင် မြေပြင်မှာ ဘယ်လောက်အထိ ပြည်သူနဲ့ တသားတည်း ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျာ။

ဖြေ ။ ။ ပြည်သူနဲ့ တသားတည်းရပ်တည်ဖို့အတွက် ကြားကာလအစီအမံရေးဆွဲတဲ့အချိန်မှာ ဒါတွေကို ထည့်သွင်းပြဋ္ဌာန်းတာရှိပါတယ်။ ကျွန်တော်တို့ယူနစ်အတွင်းမှာ ဝန်ကြီးအဖြစ်အစိုးရတာဝန်တွေ ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေသည် ယူနစ်အတွင်းမှာ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တောင် ပါပါတယ်။ ဆိုတော့ ယူနစ်အတွင်းမှာ ရှိတဲ့ ပြည်သူနဲ့တသားတည်းရှိနေမယ့် အစိုးရဖြစ်တယ်။ ဥပဒေအရ မကွေးယူနစ်အတွင်းမှာ ၊ ပြည်သူကြားမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတာကိုလည်း တင်ပြချင်ပါတယ်။

မေး ။ ။ မကွေးတိုင်းထဲက တော်လှန်ရေးနယ်မြေမှာပြန်ပေးဆွဲမှု တချို့ဖြစ်နေတယ်လို့ သတင်းရင်းမြစ် တချို့ဆီက သိရတာရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်သွားဖို့ရှိမလဲခင်ဗျာ။

ဖြေ ။ ။ ဒီပြဿနာက မကွေးအပါအဝင် အထူးသဖြင့် တော်လှန်ရေးနယ်မြေတွေမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ကျွန်တော်တို့ မကွေးတိုင်းမှာလည်း ဖိဖိစီးစီးကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ဖွဲ့စည်းပြီးသွားရင် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တပ်ဖွဲ့အဆင့်ဆင့် ဒီဟာတွေနဲ့ ပြည်သူ့လုံခြုံမှု ဝန်ဆောင်မှုယန္တရားကို ပေးရမှာဖြစ်တယ်ပေါ့။ ဒီပြန်ပေးဆွဲမှုအပါအဝင် သက်ဆိုင်ရာ တခြားရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ ခံယူထားပါတယ်။

မေး ။ ။ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆရာ့ရဲ့သဘောထားအမြင်နဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိတယ်ဆိုတာ သိပါရစေခင်ဗျ။

ဖြေ ။ ။ ပညာရေး ၊ ကျန်းမာရေးကိစ္စတွေ အဓိက တာဝန်ရှိတာကတော့ ယူနစ်ရဲ့ ပညာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတွေပေါ့။ သူတို့ကို ဆက်လက်ပြီး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်တယ်။ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်တို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ပညာရေး စနစ်တွေပေါ့။ ဖက်ဒရယ်ကျန်းမာရေးစနစ်တွေကို ဒီတော်လှန်ရေးကာလ အတွင်းမှာပဲ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်။ 

အထူးသဖြင့် ပညာရေးကဏ္ဍမှာဆိုရင် ပြည်သူ့အခြေပြုကျောင်းတွေ ဖွင့်ထားရတာရှိပါတယ်။ ပြည်သူ့အခြေပြုကျောင်းတွေကနေ အခမဲ့ မသင်မနေရ မူလတန်းပညာရေးအထိ ကျင့်သုံးသွားနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းချက် ရည်မှန်းချက်ရှိပါတယ်။ ဥပဒေအရ ပြဋ္ဌာန်းထားတာလည်းရှိပါတယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်တယ်။ တစ်ဖက်မှာလည်း အဆင့်မြင့်ပညာသင်ကြားခွင့် ရရှိရေးဆိုတဲ့ကိစ္စတွေကို ပညာရေးကဏ္ဍမှာထည့်သွင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆိုရင်လည်း အခြေခံကျန်းမာစောင့်ရှောက်မှုအနေအထားတွေ အဆင့်မြှင့်တင်ရမှာ ဖြစ်သလို စိုးမိုးနယ်မြေမှာရှိတဲ့ ကလေးတွေ ကာကွယ်ဆေးထိုးနိုင်ဖို့ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒေါက်ရဲထွန်းဇော်နှင့်အတူတွေ့ရသည့် NUG ဒုဝန်ကြီးဒေါက်တာ ငိုင်းတမ်မောင်းအပါအဝင် တော်လှန်ရေးရဲဘော်များ
Photo Credit – Ye Htun Zaw Facebook 

မေး ။ ။ ဝန်ကြီးချုပ်အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ရှိမလဲ။ မကွေးဖက်ဒရယ်ယူနစ်အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိတယ်ဆိုတာ ယေဘူယျပြောပြလို့ရမလား။

ဖြေ ။ ။ လက်ရှိကတော့ အစိုးရအဖွဲ့ဝင်တွေ ရွေးချယ်ခန့်အပ်နိုင်ရေး လုပ်ငန်းစဉ် ဒါကတော့ ပထမ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အစိုးရဖွဲ့စည်းပြီးသွားရင် တရားရေးမဏ္ဍိုင်ပေါ်ပေါက်ဖို့လည်း ဆက်လက်ကြိုးပမ်းသွားမယ်။ မဏ္ဍိုင် သုံးရပ်ရဲ့ အပြန်အလှန်ထိန်းကျောင်းမှုအားနဲ့ မကွေးဖက်ဒရယ် ယူနစ်ကို လာမယ့် သုံးလအတွင်းမှာ အစီအစဉ်ချမှတ်ဆောင်ရွက်မယ်ပေါ့။ စီမံကိန်းတွေ ချရမှာဖြစ်တယ်။ စီမံကိန်းတွေအရ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ရယ် ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေပေးနိုင်ဖို့ရယ် ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

မေး ။ ။ ဝန်ကြီးချုပ်အနေနဲ့ လူထုကိုရော ဘာများသတင်းစကားပါးချင်ပါသလဲခင်ဗျာ။ လိုအပ်တာတွေ ရှိရင် ဖြည့်စွက်ပြောပေးပါခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတရပ်အနေနဲ့ ကျွန်တော်တို့ယူနစ်ရဲ့ တော်လှန်ရေး အောင်မြင်ရေးမှသည် ပြည်ထောင်စုတစ်ဝန်းလုံး တော်လှန်ရေးအောင်မြင်ဖို့အတွက် ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလိုကြိုးစားဆောင်ရွက်တဲ့နေရာမှာ ပြည်သူရဲ့ အားတွေလိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယူနစ်အစိုးရကိုလည်း ပြည်သူတွေဝိုင်းဝန်းထောက်ခံအားပေးကြဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ယူနစ်အတွင်းမှာရှိတဲ့ ပြည်သူရဲ့ လုံခြုံမှုနဲ့ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ဒါလေးသတင်းစကားပါးချင်ပါတယ်ခင်ဗျာ။

Related Articles

Back to top button