အာရက္ခတပ်တော် AA နှင့် ချင်းတပ်များ သိမ်းပိုက်ထားသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ နယ်မြေများကို ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်းဘက်တွင် စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်သည်။
စစ်တပ်သည် ပြီးခဲ့သည့်မေလကစ၍ မကွေးတိုင်းမှ ချင်းပြည်နယ်သို့ဝင်ပေါက် ဆောမြို့၊ AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းစပ်နေသော မင်းတုန်းမြို့၊ စစ်ရေးအရအရေးပါသည့် ကျောက်ထုမြို့များသို့ စစ်သည်အင်အားထောင်နှင့်ချီ ဖြည့်တင်းနေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
စစ်ကောင်စီတပ်သည် ကချင်၊ ရှမ်းမြောက်နှင့် နိုင်ငံအလယ်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းများကို ထိုးစစ်ဆင်ပြီးနောက်၊ လက်ရှိတွင် နယ်မြေအများစု လက်လွှတ်ထားရသည့် ချင်းနှင့် ရခိုင်ပြည်နယ်ဘက်သို့ အင်အားအလုံးအရင်းဖြင့် ဦးလှည့်လာခြင်းဖြစ်သည်။

ထိုအခြေအနေသည် မိုးရာသီကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်၍ မိုးအလွန်တွင် ရခိုင်ပြည်နယ်အထိ ထိုးဖောက်ရန် ပြင်ဆင်လာသည့် စစ်ကောင်စီ၏ ဗျူဟာမြောက်ထိုးစစ်တစ်ခု ဖြစ်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
အထူးသဖြင့် ချင်းပြည်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားခဲ့ရာ ဖလမ်းနှင့် တွန်းဇံမြို့တို့ကို ပြီးခဲ့သည့် နှစ်လအတွင်း စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ပြန်လည်စိုးမိုးနိုင်ခဲ့သည့် အခြေအနေဖြစ်နေသည်။
ထို့နောက် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်၏ ဝင်ပေါက်ဖြစ်သည့် မကွေးတိုင်းအနောက်ပိုင်း ဆောမြို့နယ်သို့ ပြီးခဲ့သည့် မေလအတွင်း အင်အား ၁,၅၀၀ ဝန်းကျင် ဖြည့်တင်း၍ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်လက်ထိုးဖောက်ရန် ဦးတည်လာသည်။
ထို့အတူ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းစပ်နေသော မကွေးတိုင်း မင်းတုန်းမြို့နယ်တွင်လည်း အင်အားတစ်ထောင်ကျော် ဖြည့်တင်း၍ ရခိုင်ရိုးမကို ထိုးဖောက်စစ်ဆင်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ချင်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးကလည်း စစ်တပ်လက်အောက်ကို ရောက်သွားပြီဆိုတော့ မြောက်ပိုင်းတစ်ခုလုံးသည် စစ်ကစားနိုင်ခွင့် ကန့်သတ်ချက်တွေ တော်တော်များသွားပြီ။ အဲ့ဒီမှာ သူတို့က ပွဲသိမ်းအနေအထားမျိုး၊ သူတို့ဘက်က စစ်ရေးစီမံချက်က ချင်းတောင်ပိုင်းကို မကွေးဘက်ကနေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ အနေအထားမျိုးပဲ”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်ကို ချင်းညီနောင်က ထိန်းချုပ်ထားပြီး အိန္ဒိယနှင့်ထိစပ်နေသည့် ပလက်ဝကို ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။

ချင်းပြည်တောင်ပိုင်းမှတဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းထိ ချိတ်ဆက်ထားသည့်အတွက် စစ်တပ်က ချင်းတောင်ပိုင်းကို ပိတ်ဆို့ဖြတ်တောက်ပြီး မိုးရာသီအလွန်ကာလတွင် ရခိုင်ပြည်နယ်ဘက်ထိ ထိုးဖောက်ရန် ဦးတည်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM စစ်သားများနှင့် တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“တကယ်လို့ ချင်းတောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ပလက်ဝကိုရသွားပြီဆိုရင် ရခိုင်ကို ကောင်းကောင်း ထိန်းချုပ်နိုင်သွားပြီ။ ဒါကြောင့်မိုးကြိုကာလ မိုးတွင်းကာလမှာ မင်းတပ်၊ မတူပီဘက်ကို ဖြတ်တောက် ထားပြီးတော့ ရခိုင်နဲ့ ချင်းတောင်ပိုင်းကို စားရေးရိက္ခာလက်နက်ဆေးဝါး စတာတွေဖြတ်တောက်မယ်။ ဖြတ်တောက်ပြီးခါမှ မိုးအလွန်ကာလမှ ရခိုင် မြောက်ခြမ်းကို ချင်းပြည်နယ်တောင်ပိုင်းကနေထပ်ပြီး ခြိမ်းခြောက်လိုတဲ့အစီအမံမျိုးရှိတယ်လို့တော့ တွေ့ရတယ်” ဟု ၎င်းကသုံးသပ်သည်။
ချင်းပြည်နယ်မြောက်ပိုင်း အချက်အချာကျသည့် ဖလမ်းကိုသိမ်းပိုက်ပြီးနောက် မြို့တော် ဟားခါးနှင့် ဖလမ်းကြား လမ်းပိုင်းစိုးမိုးနိုင်ရေး စစ်တပ်ကဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ရိခေါဒါရ်မြို့ကို စစ်တပ်က လက်ရှိစစ်ကြောင်းထိုးနေခြင်းမရှိသေးသော်လည်း တော်လှန်ရေးအင်အားစုများ ရှိနိုင်မည်ဟုယူဆသည့်နေရာများကို ဒရုန်းများဖြင့်ဆက်လက် တိုက်ခိုက်နေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကဆိုသည်။
ဆောမြို့ကို အင်အားဖြည့်တင်းခြင်း
မကွေးတိုင်း အနောက်ပိုင်း ဆောမြို့နယ်သည် ချင်းပြည်နယ် တောင်ပိုင်းသို့ ဝင်ထွက်ရာ လမ်းကြောင်းနှစ်ခုဖြင့် ချိတ်ဆက်ထားသည်။ ဆောနှင့် ကန်ပက်လက်သည် ၁၂ မိုင်ခန့်သာ ကွာဝေးပြီး ဆောမြို့နယ် ကျောက်ထုမြို့မှတဆင့် မင်းတပ်မြို့သို့ ၁၈ မိုင်ခန့်သာကွာဝေးသည်။
ကျောက်ထုတွင် အမှတ် (၃၆၈) အမြောက်တပ်အခြေစိုက်သော်လည်း ပြီးခဲ့သည့်နှစ်များတွင် အမြောက်တပ်နှင့် ဆောမြို့ပေါ် ရပ်ကွက်များမှအပ ဆောမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားနိုင်ခဲ့သည်။
မကွေး – ချင်း – ရခိုင် ဆက်သွယ်ရေးလမ်းပေါ်ရှိ အချက်အချာကျသည့် ဆောမြို့နယ် ကံကြီးရွာကို ဧပြီလကုန်ပိုင်းတွင် စစ်တပ်က အင်အား ၂၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းကာ ခြေကုပ်ယူလိုက်သည်။
အဘက်ဘက်က ကုန်စည်ပိတ်ဆို့ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်အတွက် ကုန်ပစ္စည်းများကို ဆောလမ်းကြောင်းနှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည့်အတွက် ထိုလမ်းကြောင်း ပိတ်ဆို့ခံလုက်ရခြင်းသည် ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုကို သက်ရောက်မှုရှိလာသည်။
ထို့အပြင် မေလဆန်းပိုင်းတွင် ဆောမြို့နယ်၊ လောင်းရှည်အခြေစိုက် ကပစ ၂၅ မှ ထွက်လာသည့် အင်အား ရာနှင့်ချီပါဝင်သည့် စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်လာရာ မြေပြင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်း အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
တစ်ဖက်တွင်လည်း မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှ မေလ ဒုတိယပတ်တွင် အင်အား ၄၀၀ ပါ စစ်ကြောင်းတစ်ခု၊ မေလ တတိယပတ်တွင်လည်း အင်အား ၉၀၀ ခန့်ပါစစ်ကြောင်း တစ်ခုတို့ဖြင့် ဆောမြို့နယ်ကို ထိုးစစ်ဆင်လာသည်။
စစ်ယာဉ်တန်းများအပါအဝင် အင်အားထောင်ကျော် ပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ယောဒေသ ပုံတောင်နတ်ထိပ်သို့ စစ်ကြောင်းထိုးဝင်လာချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် နှစ်ပတ်ကျော် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာသလို စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယောတပ်တော် (YA) က သတင်းထုတ်ပြန်သည်။

အင်အားဖြည့်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ထုနှင့် မင်းတပ် နယ်စပ်ရှိ ထင်ချောင်းကျေးရွာကို မီးရှို့ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။
ဆောမြို့နယ်ဘက်မှထိုးဖောက်ဝင်ရောက်လာသည့် စစ်ကြောင်းသည် ယခုအခါ မင်းတပ်နှင့် ၁၀ မိုင်ခန့် အကွာတွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများပြင်းထန်နေသည်ဟု မင်းတပ်မြို့နယ် စစ်ရှောင်အရေး စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန် ထားသည်။
စစ်တပ်က အင်အားအလုံးအရင်းနှင့် စစ်ဆင်နေသော်လည်း တော်လှန်ရေးအင်အားစုများဘက်က အပြင်းအထန်တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ချင်းတောင်ပိုင်းမကျစေရေးအတွက် အာရက္ခတပ်တော်ကလည်း ပံ့ပိုးကူညီမှုရှိနိုင်သဖြင့် အလွယ်တကူထိုးဖောက်ရန် မလွယ်ကူကြောင်း ဗိုလ်ကြီးဇင်ယော်ကဆိုသည်။
ရခိုင်ရိုးမကို ထိုးဖောက်စစ်ဆင်ရန် ကြိုးပမ်းနေ
ရခိုင်ပြည်နယ်တွင် မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာ ကျောက်ဖြူနှင့် မာန်အောင်မှအပ မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တရားများလည်ပတ်လျက်ရှိသည်။
ရခိုင်ပြည်နယ်တွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသလို ရခိုင်ပြည်နယ်ပြင်ပ မကွေး၊ ချင်းတို့မှ တဆင့်ထိုးဖောက်ဝင်ရောက်ရန် စစ်တပ်က ကြိုးပမ်းနေသည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို ယခုလ တတိယပတ်တွင် သရက်မြို့ အခြေစိုက် အမှတ် (၄၄) ခြေလျင်တပ်ရင်း၊ ကပစ ၁၂၊ လပခ လက်အောက်ခံတပ်များနှင့် ပြည်သူ့စစ်များပါဝင်သည့် အင်အားတစ်ထောင်ကျော် ဖြည့်တင်းပြီး မြို့အနောက်ခြမ်းကျေးရွာများနှင့် ရခိုင်ရိုးမအစပ်တွင် ထိုးစစ်ဆင်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
ယခင်က မင်းတုန်းဒေသကို အင်အားအနည်းငယ်ဖြင့် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ဝင်လေ့ရှိသော်လည်း ယခုကဲ့သို့ အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်ခြင်းသည် ပထမဆုံးဖြစ်သည်ဟု ဆိုသည်။
“ဝင်လာတဲ့အင်အားကအရမ်းများလွန်းတယ်။ တော်လှန်ရေးကာလအတွင်းမှာ ဒီလိုအင်အား အလုံးအရင်းနဲ့ဝင်လာတာကို ပထမဆုံးရင်ဆိုင်ရတာပါ။ အဲ့ဒီတော့ လက်ရှိတော်လှန်ရေး တစ်စုံလုံးရဲ့ အခြေအနေအရရော ရခိုင်ဘက်ခြမ်းဖြစ်နေတဲ့အတွက်ရော အဓိက ရခိုင်ဘက်ခြမ်းကို ဖိအားပေးဖို့ဝင်လာတယ်လို့မြင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ကိုမြတ်က ပြောသည်။

စစ်ကြောင်းများခွဲ ထိုးစစ်နေသည့် စစ်တပ်သည် ပြောင်းရွာ၌ အထိုင်ချထားသလို ရခိုင်ရိုးမအစပ်ရှိ ရင်းကောက်ရွာတွင်လည်း ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
မင်းတုန်းမြို့ ရခိုင်ရိုးမတစ်ဖက်ခြမ်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်၊ အမ်းတို့နှင့်ထိစပ်နေပြီး ရခိုင်နှင့် မကွေးကုန်စည်ကူးသန်းရောင်းဝယ်ရာလမ်းကြောင်းလည်းဖြစ်သည်။
ယခုနှစ် မတ်လတွင် ရခိုင်ရိုးမတောင်ခြေရှိ မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီး ကုန်ကားများ ရပ်နားသည့်နေရာကို ဗုံးကြဲခဲ့ရာ ကားသမားများအပါအဝင် နှစ်ဒါဇင်နီးပါးသေဆုံးခဲ့သည်။
ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး ပြည်မဘက်တွင် မကွေးတိုင်း ဆော၊ မင်းတုန်းလမ်းကြောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်စည်ကူးသန်းမှု အဓိကအားပြုနေရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ပြည်မဘက်မှ ကုန်စည်စီးဆင်းမှု မရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်ခြမ်းမှ တင်ပို့မှုကြောင့် ကုန်ပစ္စည်းပြတ်တောက်ခြင်းမရှိသေးသည့်တိုင် ကုန်ဈေးနှုန်းများ သိသိသာသာမြင့်တက်လာကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
“ဗမာပြည်ဘက်က ကုန်စည်တွေက လုံးဝမဝင်တော့ပါဘူး။ ဆိုတော့ ကုန်ဈေးနှုန်းတွေက တနေ့ထက် တနေ့ဈေးနှုန်းမြင့်တက်နေပါတယ်။ ဗမာပြည်ဘက်က ကုန်ပစ္စည်းတွေမတင်သွင်းရဘူးဆိုတော့ ငွေကြေးလည်ပတ်မှုလည်း လျော့နည်းသွားတယ်။ Kpay၊ Wave Pay ငွေထုတ်ခတွေလည်း အဆမတန်မြင့်တက်နေတာလည်းရှိတယ်။ ငွေတစ်သိန်းထုတ်ရင်မြို့ပေါ်မှာ လေးထောင်၊ ငါးထောင်ပေးရတယ်။ နယ်တွေမှာတော့ ငါးထောင်ကနေ တစ်သောင်းပေးရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
ရခိုင်ပြည်နယ်သို့ ပြည်မမှတင်သွင်းရသည့် စားသုံးဆီ၊ ကြက်သွန်နီ၊ ဟင်းချိုမှုန့်၊ ကော်ဖီမစ်ကဲ့သို့ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေပြီး ပြည်မဘက်မှတင်သွင်းသည့် လမ်းကြောင်းများ ပြတ်တောက်သွားလျှင် ဈေးနှုန်းသိသိသာသာမြင့်တက်လာပြီး စားဝတ်နေရေးပိုမိုခက်ခဲလာနိုင်သည်ဟု ၎င်းကဆိုသည်။
ပြည်မမှတဆင့် ရခိုင်ပြည်နယ်ဘက်သို့ ကုန်စည်စီးဝင်နေသည့် လမ်းကြောင်းများကို ပိတ်ဆို့ပြီး ထိုနယ်မြေများတွင် စိုးမိုးထိန်းချုပ်နိုင်ရေးအထိုင်ချ၍ အုပ်ချုပ်ထောက်ပံ့မှု ဖြတ်တောက်ရန်ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် မြန်မာ့စစ်ဘက်နှင့် လုံခြုံရေးရာအဖွဲ့ (MDSI) မှ စစ်ရေးတာဝန်ခံကိုနောင်ရိုးကပြောသည်။
လက်လွတ်ဆုံးရှုံးရသည့် နယ်မြေများ၊ အရေးပါသည့်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ထိန်းချုပ်နိင်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် မြို့နယ်အများစုလက်လွှတ်ထားရသည့် ရခိုင်ပြည်နယ်ကို မိုးရာသီ အလွန်ကာလတွင် ပြန်ဝင်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသည့် CDM စစ်သားများက သုံးသပ်သည်။
စစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီးနောက် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်ရန် အစီအစဉ်များကို ပြောကြားထားသော်လည်း တစ်ဖက်တွင်မူ အင်အားအလုံးအရင်းဖြင့် ထိုးစစ်အရှိန်မြှင့်ပြီး စစ်ရေးအရဖိအားပေးနေသည်။
နိုင်ငံအလယ်ပိုင်း အညာဒေသရှိ တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစု များချိတ်ဆက်ထားသည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိမြို့နယ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး- မြစ်ကြီးနားလမ်းကို စိုးမိုးနိုင်ပြီဟု စစ်တပ်ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် နိုင်ငံအနောက်မြောက်ဘက် ချင်းနှင့်ရခိုင်ဘက်သို့ ဦးတည်ထိုးဖောက်နိုင်ရန် မကွေးတိုင်းကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်။
ထိုသို့ စစ်ရေးအရဖိအားပေးနေသည့် တချိန်တည်းတွင်ပင် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးခန့်အပ်ခဲ့သည် စစ်ခေါင်းဆောင်သည် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိမ်နီးချင်း အိန္ဒိယသို့သွားရောက်ခဲ့သည်။ အင်အားကြီး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် ပြီးခဲ့သည့်နှစ်ပိုင်းကစပြီး အာဏာသိမ်းစစ်တပ်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးတရပ်ရှိလာသည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းတို့ အပြီးသတ်နိုင်ရေး ကြိုးပမ်းမည်ဟု စစ်ခေါင်းဆောင်က ကတိပြုခဲ့သည်။ ထိုစီမံကိန်းနှစ်ခုလုံး ဖြတ်သန်းသွားရာ ဒေသများသည် စစ်တပ်က အပြည့်အဝစိုးမိုးထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပေ။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေမှတဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်းကုန်းလမ်းမှတဆင့် သယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း နယ်မြေတွင် ကုလားတန် မြစ်ကမ်းဘေး ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝ တို့ပါဝင်ပြီး ဆိပ်ကမ်းရှိရာစစ်တွေမှအပ ကျန်မြို့တို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
ထို့နည်းတူ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံချိတ်ဆက်ထားသည့် အဝေးပြေးလမ်းစီမံကိန်းသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်တို့ကို ဖြတ်သန်းသွားပြီး စစ်ရေးပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုတို့ကြောင့်အပြီးမသတ်နိုင်သေးပေ။
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အိန္ဒိယနိုင်ငံကြား သံတမန်ရေးအရချဉ်းကပ်မှုများပြားလာခြင်းက တော်လှန်ရေးအင်အားစုများအပေါ်ကို ဖိအားပိုမိုများပြားလာစေနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကဆိုသည်။
အိန္ဒိယခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့် နယူးဒေလီကြား ရပ်တန့်နေသည့် စီမံကိန်းများနှင့် ပတ်သက်သည့် သဘောတူညီချက်အချို့အရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် စစ်တပ်က ထိုးစစ်အရှိန်မြှင့်တင် လာနိုင်ကြောင်း အိန္ဒိယ- မြန်မာအရေးလေ့လာစောင့်ကြည့်နေသည့် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုရ်ခါက သုံးသပ်သည်။
“လက်တွေ့အခြေအနေအရ စစ်တပ်နဲ့ မင်းအောင်လှိုင်နဲ့ နယူးဒေလီကြားချက်ချင်း အကောင်အထည် ဖော်လို့ရတာတစ်ခုမှမရှိဘူး။ ဒါပေမဲ့ ဒါကိုတစ်ခုပြီးတစ်ခုအသုံးချပြီးတော့ စစ်ရေးကဏ္ဍမှာ တိုက်ရိုက် သက်ရောက်မှုရှိနိုင်တယ်လို့ စိုးရိမ်တယ်။ မြေရှားသဘောတူညီချက်ဖြစ်စေ၊ စီမံကိန်းကိစ္စဖြစ်စေ ဒါတွေ အားလုံးက တော်လှန်ရေးအင်အားစုတွေလက်အောက်မှာ ရှိတဲ့အတွက် စာရွက်ပေါ် သဘော တူညီချက်အဆင့်သာသာနဲ့ပဲ ပြန်လှည့်တဲ့ သဘောဖြစ်တယ်။ ဒါပေမဲ့ ဒါကိုပဲ အကြောင်းပြုပြီးမှ ထိုးစစ် လုပ်လာလိမ့်မယ်လို့တော့ ထင်ပါတယ်”



