နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ “သတ်မှတ်နေအိမ်” ဆိုတဲ့ နေရာတစ်ခုဆီ ပြောင်းရွှေ့လိုက်တာကို မြန်မာစစ်တပ်က သူတို့ရဲ့ သဘောထားကြီးမှုအဖြစ် ပုံဖော်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီအရွေ့ဟာ အခြေခံကျတဲ့ မေးခွန်းတွေကို ထွက်ပေါ်လာစေပါတယ်။ အဲဒါကတော့ သူ အခု ဘယ်မှာလဲ၊ သူ့ကို ဘယ်သူ တွေ့ခွင့်ရလဲ၊ စစ်တပ်ဘက်က ပြောဆိုချက် သက်သက်မဟုတ်ဘဲ သူ့ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို အတည်ပြုပေးနိုင်မယ့် တခြား တစုံတယောက် ရှိသလား ဆိုတာပါပဲ။
စစ်တပ်ရဲ့ ဒီနည်းဗျူဟာက ရိုးအီနေပါပြီ။ သူတို့အပေါ် ဆန့်ကျင်သူတွေကို ထောင်ချမယ်၊ အကျဉ်းထောင်တွေ၊ နေရာတွေ တလှည့်စီ ပြောင်းမယ်၊ တချို့တလေကို ခြွင်းချက်နဲ့ ဟန်ပြ လွှတ်ပေးမယ်၊ ထောင်ဒဏ်တွေ လျှော့ပေါ့ပေးမယ်၊ ပြီးရင် နိုင်ငံတကာက ချီးကျူးလာမယ့်အချိန်ကို ထိုင်စောင့်နေမယ် ဆိုတဲ့ ပုံစံပါ။ အနောက်နိုင်ငံ အစိုးရတချို့ကတော့ ဒီကိစ္စကို သတိထား တုံ့ပြန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးဖို့နဲ့ အသက်ရှင်လျက် ရှိကြောင်း သက်သေပြဖို့ တောင်းဆိုကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ စစ်တပ်လိုချင်တဲ့ အသံနဲ့ ပိုနီးစပ်တဲ့ တုံ့ပြန်မှုမျိုး လုပ်လာကြပါတယ်။
ဥရောပသမဂ္ဂ (EU) က ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပြီး သတိထား တုံ့ပြန်ပါတယ်။ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) ဦးဆောင်တဲ့ “အသက်ရှင်လျက် ရှိကြောင်း သက်သေပြရေး (Proof of Life)” လှုပ်ရှားမှုကို ပြင်သစ်က ကြိုဆိုထောက်ခံခဲ့သလို၊ အမေရိကန်နဲ့ ကနေဒါကလည်း သူ့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ယူကေရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး ဆီးမား မယ်လ်ဟိုထရာ (Seema Malhotra) ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပေမယ့် အခုလို နေရာပြောင်းရွှေ့လိုက်တာကို “ကြိုဆိုရမယ့် ပထမခြေလှမ်း” လို့ ထုတ်ပြန်ခဲ့လို့ ဒါဟာ သတိထားစောင့်ကြည့်ရမယ် အခြေအနေ ဖြစ်လာပါတယ်။
လက်တွေ့အမှန်တရားက ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ခွင့်ရနေတာမဟုတ်ပါဘူး။ သူ့ကို ချုပ်နှောင်ထားတဲ့ နေရာ ပြောင်းသွားတာပဲ ရှိပါတယ်။ ၁၉၈၉ ကနေ ၂၀၁၀ အတွင်း သူဟာ ၁၅ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရဖူးပါတယ်။ နေအိမ်အကျယ်ချုပ်ဆိုတာ လွတ်လပ်ခွင့် မဟုတ်ဘူးဆိုတာ အထင်အရှားပါပဲ။
နိုင်ငံရေးစနစ်ကို ဘာတစ်ခုမှ မပြောင်းလဲဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်တစ်ယောက် စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ် ပြောင်းဝတ်လိုက်ချိန်မှာ ဒီလိုရိုးအီနေတဲ့ ဇာတ်ကွက်ဟောင်းကြီးက ပြန်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်း သမ္မတနေရာကို ယူလိုက်ပေမယ့် ဒီအုပ်ချုပ်ရေးယန္တရားကို စစ်တပ်က တည်ဆောက်ထားပြီး စစ်တပ်ကပဲ ဆက်လက် ချုပ်ကိုင်ထားဆဲပါ။
ဒီလို ဟန်ပြဇာတ်ကွက်မျိုးကို ကမ္ဘာကြီးက အရင်ကလည်း မြင်ခဲ့ဖူးပါတယ်။ ဒါကို EU ရော ဗြိတိန်ကပါ တချိန်တုန်းက ယုံကြည်လက်ခံခဲ့ဖူးကြပါတယ်။
ဘီလီယံချီ ထောက်ပံ့ခဲ့တဲ့ အပြောင်းအလဲအိပ်မက်
နိုင်ငံရေးတံခါးဖွင့်မှု အစပြုခဲ့တယ်လို့ ဆိုကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ မြန်မာစစ်တပ်ဟာ အနောက်နိုင်ငံအစိုးရတွေ ကြားချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ပေးခဲ့ပါတယ်၊ အဲဒါကတော့ ကာလရှည် ဖိနှိပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ စရိုက်ကို ပြင်ပြီ၊ ဒီမိုကရေစီကို ထောက်ခံလာပြီ ဆိုတာပါပဲ။ အဲဒီအချိန်က အသုံးအနှုန်းတွေကတော့ နိုင်ငံကြီး တံခါးပွင့်လာပြီ၊ နိုင်ငံတကာက ဝင်ရောက်ဆက်ဆံလာတာတွေဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးရာရောက်လိမ့်မယ်၊ ပြီးတော့ ငွေကြေးထောက်ပံ့မှုတွေက ဆယ်စုနှစ်ချီ ကြာနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကူညီပေးလိမ့်မယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဥရောပ အလှူရှင်နိုင်ငံတွေကလည်း ဒီဇာတ်လမ်းကို ငွေကြေးတွေ၊ အကြံပေးပညာရှင်တွေနဲ့ ကြိုဆိုခဲ့ကြပြီး၊ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ တကယ်တမ်း ဖယ်ရှားမပစ်နိုင်ခဲ့တဲ့ “အသွင်ကူးပြောင်းရေး” ဆိုတာကြီးအပေါ် ယုံကြည်မှုတွေ ပုံအောခဲ့ကြပါတယ်။ အာရှဖောင်ဒေးရှင်း (Asia Foundation) ရဲ့ ၂၀၂၄ ခုနှစ် သုံးသပ်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာပေါ်က အကူအညီရယူတဲ့ နိုင်ငံတွေထဲမှာ အဆင့် ၇၉ ရှိရာကနေ၊ ၂၀၁၅ ခုနှစ်မှာတော့ သတ္တမမြောက် အများဆုံး ရရှိတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံ အထိ အထောက်အပံ့ ရခဲ့ပါတယ်။
အသိအမှတ်ပြုမှု အနေနဲ့ ပြောရရင် အဲဒီအကူအညီထဲက တချို့ဟာ ကျန်းမာရေး၊ ပညာရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ တိုင်းရင်းသားဒေသတွေက လူမှုအသိုင်းအဝိုင်းတွေကို တကယ် အထောက်အကူ ဖြစ်စေခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ တွက်ဆမှုကတော့ လုံးဝကို မှားယွင်းခဲ့ပါတယ်။ အများအားဖြင့် အနောက်နိုင်ငံက အလှူရှင်တွေဟာ စစ်တပ်က ပုံဖော်ထားတဲ့ တံခါးဖွင့်မှုကြီးကို စစ်အာဏာလက်အောက်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီကို သွားတဲ့ အစစ်အမှန် အသွင်ကူးပြောင်းရေး အဖြစ် သဘောထားခဲ့ကြလို့ပါပဲ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြား မပါဝင်ခဲ့သလို၊ ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ဖြေရှင်းနိုင်စွမ်း မရှိတဲ့အပြင်၊ စစ်တပ်ကို အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ မထားရှိနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အမျိုးသား ငြိမ်းချမ်းရေးအုတ်မြစ်အဖြစ် သူတို့က သတ်မှတ်ခဲ့ကြပါတယ်။
၂၀၁၄ ကနေ ၂၀၂၀ ကြား ကာလအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် EU က ယူရို ၁၀၃ သန်းကို လျာထားခဲ့တယ်လို့ EU ရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ISP-Myanmar က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အတွက် ယူရို ၈ ဒသမ ၇ သန်းနဲ့ EU ရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေး အစီအစဉ်အတွက် ယူရို ၅၈ သန်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ACLED ရဲ့ ပဋိပက္ခအချက်အလက်တွေကတော့ ဒီအကောင်းမြင်မှုကို ထောက်ခံမပေးပါဘူး။ ပြုပြင်ပြောင်းလဲရေးလို့ ခေါ်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြမ်းဖက်မှုတွေ ပျောက်ကွယ်မသွားခဲ့သလို၊ ၂၀၁၇ မှာ စစ်တပ်ဦးဆောင်တဲ့ အကြမ်းဖက်မှုတွေ သိသိသာသာ ထိုးတက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အော်စလို ငြိမ်းချမ်းရေး သုတေသနသိပ္ပံ (PRIO) နဲ့ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု (MIPS) တို့ရဲ့ လေ့လာချက်တွေအရ ယေဘုယျ ခြုံကြည့်ရင် မြန်မာနိုင်ငံက အစုအဖွဲ့ အားလုံး မပါဝင်နိုင်တဲ့ အပစ်အခတ် ရပ်စဲရေးတွေဟာ အကြမ်းဖက်မှုတွေကို လျော့ကျစေခဲ့ခြင်း မရှိဘူး ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
အစိုးရနဲ့ နီးစပ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို ထောက်ခံပံ့ပိုးပေးတာဟာ တိုင်းရင်းသား အဖွဲ့တွေအတွက်တော့ အလှူရှင်နိုင်ငံတွေဟာ ပဋိပက္ခထဲမှာ နေပြည်တော် အုပ်ချုပ်ရေးပိုင်းကိုပဲ ရပ်တည်ပေးနေတယ်လို့ ခံစားသွားရစေတယ်ဆိုပြီး ဝေဖန်သူတွေက အဲဒီအချိန်ကတည်းက သတိပေးခဲ့ပါတယ်။ တိုင်းရင်းသားတွေကြား ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တဲ့ အဲဒီခံစားချက်ဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါဟာ နေပြည်တော်ကချည်းပဲ ဦးဆောင်တဲ့ လုပ်ငန်းစဥ်ကို နိုင်ငံရေးအရ စစ်မှန်တဲ့ ဖြေရှင်းမှုအဖြစ် အထင်မမှားကြဖို့ အလှူရှင်နိုင်ငံတွေကို သတိပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဥရောပနိုင်ငံတွေဟာ စစ်တပ်ကို တရားဝင်မှုနဲ့ အဆင့်အတန်း တစ်ခုကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။ ၂၀၁၆ ခုနှစ် ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ စစ်ရေးကော်မတီ အစည်းအဝေးကို ဗိုလ်မင်းအောင်လှိုင် တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဗြိတိန်အစိုးရဆိုရင်လည်း စစ်တပ်က ကျူးလွန်တဲ့ “လူမျိုးသုဉ်းသတ်ဖြတ်မှု” အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာ အကျပ်အတည်းကြီး ပေါ်လာချိန်မှသာ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ မဖြစ်နိုင်တော့လို့ စစ်တပ်နဲ့ ဆက်ဆံရေးကို ရပ်တန့်ခဲ့တာပါ။
ဒါ့အပြင် EU ဟာ MYPOL လို့ သိကြတဲ့ အစီအစဉ်ကနေတဆင့် မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ ရဲတပ်ဖွဲ့ကို သင်တန်းပေး၊ ထောက်ပံ့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ EU က သင်တန်းပေးထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို သေစေလောက်တဲ့ နှိမ်နင်းမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်းမှသာ EU က ဒါကို ရပ်ဆိုင်းခဲ့တာပါ။
ကနဦး တံခါးဖွင့်ပြီး အနောက်နိုင်ငံတွေနဲ့ ပြန်လည်ဆက်ဆံပြီးနောက်မှာတော့ စစ်တပ်ဟာ သူ့ရဲ့ ဖိနှိပ်တဲ့ မူလဓလေ့စရိုက်ပုံစံဆီကို လျင်လျင်မြန်မြန်ပဲ ပြန်လည်ရောက်ရှိသွားပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ တွေမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တယ်၊ တိုင်းရင်းသားဒေသတွေမှာ စစ်မီးတွေ ပြန်မွှေးခဲ့တယ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပိတ်ဆို့ခဲ့တယ်၊ နောက်ဆုံး မဲရုံတွေမှာ စစ်အုပ်ချုပ်ရေးကို မဲဆန္ဒရှင်တွေက ပြတ်ပြတ်သားသား ထပ်မံ ငြင်းပယ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဒီမိုကရေစီစနစ်ကို ရပ်ဆိုင်းပစ်တဲ့ ၂၀၂၁ အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် လက်နက်မဲ့ ဆန္ဒပြသူတွေ လမ်းတွေပေါ် ထွက်လာချိန်မှာ အဲဒီဖိနှိပ်ရေး ယန္တရားတွေကိုပဲ မြို့ကြီးတွေမှာ ဖြန့်ကြက် အသုံးပြုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ကဆိုရင် ရဲတပ်ဖွဲ့က နေပြည်တော်မှာ အသက် ၂၀ အရွယ် လက်နက်မဲ့ အမျိုးသမီး မမြသွဲ့သွဲ့ခိုင်ကို နေ့ခင်းဘက် လူမြင်ကွင်းမှာ ခေါင်းကို ပစ်ခတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အရပ်သားထောင်ချီ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေထဲက သူဟာ ပထမဆုံး အထင်အရှား မြင်တွေ့ခဲ့ရတဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။
အဲဒီအချိန်ကစလို့ စစ်ကောင်စီဟာ ရွာတွေကို မီးရှို့တယ်၊ ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကြဲတယ်၊ နိုင်ငံရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ထောင်ချတယ်၊ ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တယ်၊ အကူအညီတွေကို ပိတ်ဆို့ပြီး တနိုင်ငံလုံးကို စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။
ဒီနေရာမှာ ဥရောပနိုင်ငံတွေက ကိုယ်တိုင်ကျူးလွန်နေတယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး။ ဥရောပဟာ စစ်တပ်ထိန်းချုပ်မှုအောက်က အဖွဲ့အစည်းတွေကို တရားဝင်ဖြစ်အောင် ကူညီပေးခဲ့ပြီး၊ နောက်ဆုံးမှာ အဲဒီအဖွဲ့အစည်းတွေကပဲ အရပ်သားတွေအပေါ် ပြန်ဖိနှိပ်ခွင့်ရလာခဲ့တယ်ဆိုတဲ့ အချက်ကို အဓိက ထောက်ပြချင်တာပါ။
တကျော့ပြန်ဇာတ်ခင်းပြန်ပြီ
ဒီကနေ့ ဥရောပအတွက် မေးခွန်းထုတ်ရမှာက ဗိုလ်မင်းအောင်လှိုင်နဲ့ သူ့တပည့်တွေရဲ့ လမ်းစဉ် ပြောင်းသွားပြီလား ဆိုတာ မဟုတ်ပါဘူး။ ဥရောပကိုယ်တိုင်ကရော သူတို့ရဲ့ အကျင့်ဟောင်းတွေကို ပြင်ပြီလားဆိုတာကို မေးရမှာပါ။
လက်ရှိ အခြေအနေကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံအပေါ် EU ရဲ့ ပိတ်ဆို့အရေးယူမှုတွေက ဆက်ရှိနေဆဲပါ။ ၂၀၂၆ ဧပြီလမှာ EU ဟာ မြန်မာပြည်က လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခု အပါအဝင် လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်တာ၊ စစ်ရေးသင်တန်းတွေ ကန့်သတ်တာတွေကို ၂၀၂၇ ဧပြီလအထိ သက်တမ်းတိုးခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပအနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ရုပ်သွင်အသစ်ကို အသိအမှတ်ပြုဖို့ သံတမန်ရေးအရ အရွေ့တစ်ခု ရွှေ့လိုက်မယ်ဆိုရင်တော့ ဒီပိတ်ဆို့မှုတွေဟာ အရာမထင်ဘဲ အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။
ယူကေမှာလည်း ကွဲပြားပေမယ့် ဆက်စပ်နေတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ ဗြိတိန်ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ၂၀၁၀ အလွန်က ဗြိတိန်လုပ်ခဲ့တဲ့ အမှားတွေရဲ့ ပဲ့တင်သံလို ဖြစ်နေတယ်လို့ Burma Campaign UK က မကြာသေးခင်ကပဲ သတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းတာကို ကြိုဆိုလိုက်ခြင်းအားဖြင့်၊ စစ်ဗိုလ်ချုပ်တွေ တမ်းတနေတဲ့ အရာတစ်ခုကို လန်ဒန်က ပေးလိုက်မိနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အဲဒါကတော့ ဟန်ပြ ဇာတ်ကွက်တစ်ခုအတွက် အသေးစား ဆုလာဘ်တစ်ခု ပေးလိုက်တာမျိုးပါပဲ။
သေချာတာကတော့ စစ်ဗိုလ်ချုပ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ကမ်းလှမ်းနေတာ မဟုတ်ပါဘူး။ သူတို့က ကမ္ဘာ့ရေးရာ ဖြစ်စဥ်ကြီးတွေ အများအပြားနဲ့အတူ အားနည်းထွေပြားလာနေတဲ့ နိုင်ငံတကာကို အခွင့်ကောင်းယူနေတာပါ။ ယူကရိန်းစစ်ပွဲ၊ ဂါဇာအရေး၊ ရွှေ့ပြောင်းအခြေချမှု ပြဿနာ၊ စီးပွားရေး ဖိအားတွေအပြင် ပြင်းထန်လာတဲ့ ပြည်တွင်းနိုင်ငံရေး ကွဲပြားမှုတွေကြောင့် ဥရောပနိုင်ငံတွေ အလုပ်များနေတယ် ဆိုတာကို သူတို့ ကောင်းကောင်းသိပါတယ်။ ပြင်းပြင်းထန်ထန် ဖိနှိပ် အကြမ်းဖက်ပြီး တိုင်းပြည် တည်ငြိမ်အောင် လုပ်လာနိုင်မယ်ဆိုရင်တောင် တခြား ကိစ္စရပ်တွေကြောင့် ဝန်ပိနေပြီးဖြစ်တဲ့ ဥရောပ သံတမန်တွေက လက်ခံလာလိမ့်မယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေက လောင်းကြေးထပ်ထားတာပါ။
ဒါဟာ ဦးစားပေး ပြဿနာတွေ ပိုပြီး များပြားလာနေတဲ့ မျက်မှောက်ကမ္ဘာကြီးနဲ့ ကိုက်ညီအောင် မွမ်းမံထားတဲ့ ၂၀၁၀ ပြည့်နှစ်က ဇာတ်ညွှန်းဟောင်းကြီးပါပဲ။ ဗိုလ်မင်းအောင်လှိုင် အနေနဲ့ သူ့ကို ဥရောပ ဒါမှမဟုတ် အမေရိကန်က အပြည့်အဝ ဖက်လဲတကင်း ကြိုဆို လက်ခံလာဖို့ အထိ မလိုသေးပါဘူး။ အနည်းဆုံးတော့ အခု မလိုသေးပါဘူး။ ပျော့ပျောင်းတဲ့ စကားလုံးတွေ၊ ဖိအားလျှော့ချမှုတွေ၊ တိတ်တဆိတ် ဆက်သွယ်မှုတွေ၊ ကုန်သွယ်ရေး တည်ဆောက်လာမှုတွေ၊ သူတို့ ထိန်းချုပ်မှုအောက်က လူသားချင်းစာနာမှု အကူအညီ လမ်းကြောင်းတွေနဲ့အတူ ဘာမှမရှိတာထက်စာရင် တစ်ခုခု ရှိတာက ပိုကောင်းတယ်လို့ ရှုမြင်ချင်တဲ့ အနောက်နိုင်ငံ အစိုးရ တချို့ကတဆင့် ရလာမယ့် အသေးစား အခွင့်အရေး လမ်းစလေးတွေပဲ သူလိုအပ်တာပါ။
ဒီလိုအခြေအနေမျိုးက ဘယ်လောက် မြန်မြန်ဆန်ဆန် ဖြစ်သွားနိုင်တယ်ဆိုတာကို လက်ရှိမှာကို အမေရိကန်က ပြသနေပါတယ်။ စစ်တပ်ဟာ ကုန်သွယ်ရေး၊ သွင်းကုန်ခွန်၊ သဘာဝသယံဇာတနဲ့ စီးပွားရေး သဘောတူညီချက်တွေကတဆင့် ထရမ့်အစိုးရဆီ ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။ ဗိုလ်မင်းအောင်လှိုင်က ထရမ့်ကို ချီးမြှောက်ခဲ့သလို ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။ ဝါရှင်တန်မှာ လော်ဘီတွေကို ငှားတာမျိုး လုပ်ပါတယ်။ နောက် အမေရိကန်ကနေ ပဲပိစပ် ဝယ်ယူမယ့် ကိစ္စမျိုး၊ အမေရိကန်ကို ပေါ်ဆန်းဆန် တင်ပို့ရေး ကိစ္စမျိုးတွေနဲ့ စပြီး လမ်းစပေါက်ဖို့ လုပ်နေပါတယ်။
ထရမ့်ရဲ့ ထုံးစံအတိုင်း နိုင်ငံတကာ ဆက်ဆံရေးကို စီးပွားရေးလို အပေးအယူဆန်ဆန် လုပ်တတ်တဲ့ မျက်မှောက် ကမ္ဘာမှာ စီးပွားရေးအရ ဆက်သွယ်မှုတွေကတဆင့် နိုင်ငံရေးအရ ပြန်လည်အသက်သွင်းပေးမှု ဖြစ်လာနိုင်မလားဆိုတာကို စစ်ဗိုလ်ချုပ်တွေက စမ်းသပ်ကြည့်နေတာပါ။ ဒီအချက်ကို ဥရောပအနေနဲ့ သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။
အတုအယောင် အသွင်ကူးပြောင်းရေးတွေ ဆိုတာ ဒီလိုပဲ အစပြုတာပါ။ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲလိုက်တာမျိုး မဟုတ်ဘဲ၊ လက်တွေ့ကျကျ ဆောင်ရွက်မှုဆိုတဲ့ စကားလုံးတွေအောက်မှာ ဖုံးကွယ်ထားတဲ့ အသေးစား အလျှော့ပေးမှုလေးတွေနဲ့ စတင်တာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ဥရောပအနေနဲ့ ၂၀၁၀ အလွန်ကာလ ကျူးလွန်ခဲ့တဲ့ အမှားမျိုးကို ထပ်မလုပ်သင့်ပါဘူး။ အစိုးရဗဟိုပြု ငြိမ်းချမ်းရေး ပြဇာတ်နောက်တစ်ပုဒ်ကို ထပ်ပြီး ငွေတွေ ပုံအော မထောက်ပံ့သင့်သလို၊ နိုင်ငံရေးအကျဉ်းသားတွေကို အပြောင်းအရွှေ့ လုပ်ရုံလေးနဲ့ တိုးတက်မှုလို့ မသတ်မှတ်သင့်ပါဘူး။ ပြီးတော့ စစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ဝင်ထွက်ခွင့်ရတာကိုပဲ သူတို့အပေါ် သြဇာလွှမ်းမိုးနိုင်ပြီဆိုပြီး အထင်အမြင် မလွဲမှားသင့်ပါဘူး။
ဒီကနေ ရလိုက်တဲ့ သင်ခန်းစာက ဥရောပအနေနဲ့ မြန်မာနိုင်ငံကို ပစ်ထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဥရောပက စစ်တပ်အပေါ် ဗဟိုပြုနေတာကို ရပ်တန်းက ရပ်ရမယ်ဆိုတာပါပဲ။ အဲဒီအစား အရပ်ဘက်အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ သတင်းဌာနတွေ၊ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အဖွဲ့တွေ၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အုပ်ချုပ်ရေးယန္တရားစနစ်၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု အနာဂတ်ကို အောက်ခြေကနေ စတင် တည်ဆောက်နေကြတဲ့ ဒီမိုကရေစီအင်အားစုတွေဆီကိုသာ အထောက်အပံ့တွေ သွားသင့်ပါတယ်။
ဗိုလ်မင်းအောင်လှိုင်ရဲ့ သမ္မတဆိုတဲ့ ဂုဏ်ပုဒ်အသစ်ဟာ ငြိမ်းချမ်းရေးဆီသွားမယ့် လမ်းကြောင်း မဟုတ်ပါဘူး။ ဒါဟာ အရေခွံပြောင်းထားတာ သက်သက်ဖြစ်ပြီး ဒီလို မျက်နှာဖုံးစွပ် ကကြိုးကကွက်တွေကို အနောက်နိုင်ငံတွေက မြင်ဖူးပြီးသား ဖြစ်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရှက်ဖွယ်လုပ်ရပ်နဲ့ အစပျိုးပြီး နောက်ထပ်တစ်ကြိမ် ကြိုးစားလာတာက စိုးရိမ်စရာ မရှိလှပါဘူး။ တကယ်တမ်း စိုးရိမ်စရာကတော့ ဒီအကွက်ဟောင်းကြီးကို မသိချင်ယောင်ဆောင်ချင်တဲ့ လက္ခဏာတွေ ဘရပ်ဆဲလ်နဲ့ လန်ဒန်ရဲ့ နိုင်ငံရေးသံတမန် စကားလုံးတွေထဲမှာ စမြင်လာနေရတာပါပဲ။
(Asia Times တွင် မူလဖော်ပြခဲ့သည့် Europe shouldn’t buy Myanmar junta’s Suu Kyi ploy ကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။ ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာတစ်ဦးဖြစ်ပြီး မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူဖြစ်သည်။ ယခင်က BBC နှင့် VOA တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။)



