မွန်းလွဲသုံးနာရီထိုးပြီး မကြာမီတွင် စူးရှပူပြင်းနေဆဲ နေရောင်အောက် ကွန်ကရစ်များခင်းထားသော ကွင်းပြင်ကျယ်တစ်ခုဆီသို့ သနပ်ခါးပါးကွက်ကြားလေးများလိမ်းခြယ်ထားသော အမျိုးသမီးများနှင့် လူငယ်လူရွယ်များ ထမင်းထုပ်ကိုယ်စီဆွဲ၍ အလျှိုလျှိုရောက်လာကြသည်။
ထိုကွင်းနံဘေးရှိ ဟင်းလင်းပွင့်အဆောက်အအုံအောက် တစ်ဦးနှင့် တစ်ဦး စကားစမြည်ပြောစောင့်ဆိုင်းကြရင်း နာရီဝက်ခန့်အကြာတွင် လူပေါင်းရာဂဏန်းကျော်ကို စုစည်းပြီးသားဖြစ်သွားသည်။ ထို့နောက် ၎င်းတို့သည် အုပ်စုခွဲ ဓာတ်ပုံရိုက်၊ လူစစ်ဆေးခံ၍ ကွင်းလယ်၌ အသင့်စောင့်နေသော Express ကားကြီးနှစ်စီးပေါ်သို့ တက်ကြသည်။
ထို့နောက် ထိုကားကြီးနှစ်စီးသည် ကုန်ပစ္စည်းထုပ်ပိုးတင်ပို့သည့် အွန်လိုင်းဈေးဝယ်လုပ်ငန်းခွင်တွင် ညလုံးပေါက်လုပ်ငန်းခွင်ဝင်ရန် ထိုလူအုပ်ကြီးကို တင်ဆောင်၍ ထွက်ခွာသွားတော့သည်။
ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင် မဟာချိုင်မြို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးအခြေချနေထိုင် အလုပ်လုပ်ကိုင်သည့် မြို့ပေါ်ရပ်ကွက်တစ်ခုတွင် အပတ်စဉ် တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် အမြဲတွေ့ရသည့် နေစားမြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်သွားရောက်သည့် မြင်ကွင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စားဝတ်နေရေးအကျပ်အတည်းကြောင့် ရေကြည်မြက်နုရာ ရှာဖွေရန် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ လမ်းကြောင်းအမျိုးမျိုးမှ ရောက်ရှိလာခဲ့ကြသည်။

ထို့သို့ရောက်လာပြီးနောက် အထောက်အထားမရသေးသူနှင့် အထောက်ထားများပြည့်စုံသော်လည်း အလုပ်အကိုင်အတည်တကျမရှိသူတို့က ထိုကဲ့သို့ နေ့စားလုပ်ငန်းများကို နေ့စဉ်ဘဝရပ်တည်ရေးအတွက် ဝင်လုပ်ကြကြောင်း တနင်္သာရီတိုင်း မောတောင်မြို့မှလာသည့် အသက် ၂၆ နှစ်အရွယ် ကိုကျော်(အမည်လွှဲ)က ဆိုသည်။
“အထောက်အထားရှိရဲ့သားနဲ့ အလုပ်တွေရှာမရတော့ ဒီထဲမှာ ဝင်လုပ်နေရတဲ့ သူတွေရှိတယ်။ တချို့ကြတော့လည်း အထောက်ထားမပြည့်စုံလို့ လုပ်ငန်းကောင်းကောင်းဝင်မရလို့ ဝင်လုပ်တဲ့ သူတွေရှိတယ်။ အသက် ၅၀ ကျော်၊ ၆၀ ကျော်သွားရင် အလုပ်မခေါ်တော့ဘူး။ ဆာဝါဒီကန်ပေးတဲ့ (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီလုပ်သော) အလုပ်ရုံတွေက အလုပ်မခေါ်တော့ရင် အလုပ်မရတဲ့သူတွေက အွန်လိုင်းရှော့မှာဝင်လုပ်တယ်” ဟု သူက ပြောသည်။

အကြောင်းအမျိုးမျိုးဖြင့် အလုပ်အကိုင်အတည်တကျမရှိချိန် ရာနှင့်ချီသော အလုပ်သမားများသည် လစဉ် အခန်းခ၊ နေ့စဉ် စားသောက်စရိတ်အတွက် ထိုအလုပ်ကိုဝင်လုပ်ကြောင်း ကိုကျော်က ဆိုသည်။
အာမခံချက်မရှိသော်လည်း ရှင်သန်ရေးအတွက် ကျားကန်ခြင်း
အွန်လိုင်းရှော့ရုံဟု အလုပ်သမားများက အလွယ်တကူခေါ်ကြသည့် ထိုလုပ်ငန်းသည် ထိုင်းနိုင်ငံတွင် ရေပန်းစားသည့် Tik Tok Shop အပါအဝင် အွန်လိုင်းဈေးဝယ်လုပ်ငန်းများမှ မှာယူသည့် ပစ္စည်းများကို ထုပ်ပိုးတင်ပို့ရသည့် လုပ်ငန်းဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။
အလုပ်ရုံမှာ မဟာချိုင်မြို့မှ တစ်နာရီကျော်ကြာကားမောင်းရသည့် ပထုံဌာနီခရိုင်၌ တည်ရှိသည်။ ဧရာမကုန်လှောင်ရုံကြီးထဲတွင် လခစားစနစ်ဖြင့် အလုပ်လုပ်ကိုင်သည့် အချိန်ပြည့်ဝန်ထမ်းများရှိသလို အလုပ်ပွဲစားများဖြင့် ချိတ်ဆက်၍ နေ့စားစနစ်ဖြင့် လုပ်ခွင့်ပေးထားသည့် အလုပ်သမားများရှိသည်။

လွန်ခဲ့သည့် သုံးလက အလုပ်ရှင်နှင့် အဆက်သွယ်ရခဲ့ပြီး မြန်မာအလုပ်သမားများကို ထိုအလုပ်ရုံတွင် နေ့စားအလုပ်လုပ်ကိုင်ရန် ချိတ်ဆက်ပေးခဲ့ကြောင်း အလုပ်ပွဲစားတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုအောင်ချစ်က Myanmar Now ကို ပြောသည်။
ကနဦးအစောပိုင်းတွင် လူပေါင်း ၅၀ ဝန်းကျင်ရှိရာမှ ယခုအခါ ၂၀၀ နီးပါးရှိလာသည်ဟု သူက ဆိုသည်။ ၎င်းနည်းတူ အခြားပွဲစားများကလည်း ထိုအလုပ်အတွက် နေ့စားအလုပ်သမားများသွင်းပေးထားကြောင်း သိရသည်။
“ခဏတဖြုတ်လုပ်တဲ့သူလည်းရှိတယ်။ တချို့ကလည်းရေရှည်လုပ်တဲ့သူလည်းရှိတယ်။ သူတို့အတွက် အခန်းဖိုးတို့ စားစရိတ်တို့ အဆင်ပြေတယ်ပေါ့။ ရေရှည်လုပ်မယ်ဆိုရင်တော့ ဒါလည်းလုပ်ငန်းကြီးပဲ။ ရေရှည်အတွက်ပဲ။ သူတို့လုပ်မယ်ဆိုရင် ဒီထိုင်းနိုင်ငံမှာ နေတဲ့အထိလုပ်လို့ရတယ်” ဟု သူက ဆိုသည်။
တစ်ရက်လုပ်ခလစာအနေဖြင့် ထိုင်းအစိုးရသတ်မှတ်ဈေး ၃၇၂ ဘတ်ရရှိပြီး အချိန်ပိုကြေး တစ်နာရီကို ၆၈ ဘတ်ရရှိသည်။ တစ်ရက်လျှင် အချိန်ပို ငါးနာရီမှ ခြောက်နာရီထိဆင်းရလေ့ရှိပြီး အချိန်ပိုလုပ်ခအပါအဝင် တစ်ရက်လျှင် ဘတ် ၇၀၀ ကျော်ရရှိသည်ဟု ကိုအောင်ချစ်က ဆိုသည်။ မြန်မာကျပ်ငွေနဲ့တွက်မည်ဆိုပါက တစ်ရက်လျှင် ကျပ် ကိုးသောင်းကျော်သည့် ဝင်ငွေဖြစ်သည်။
သို့ရာတွင် အလုပ်သမားဥပဒေပါ အခွင့်အရေးများဖြစ်သည့် ရက်မှန်ကြေး၊ အိပ်ရေးပျက်ကြေး၊ ခွင့်နှင့် နားရက်အပါဝင် အခြားခံစားခွင့်များမရှိသလို လုပ်ငန်းခွင်ထဲတွင် မတော်တဆထိခိုက်မှုများဖြစ်ပေါ်လျှင် လျော်ကြေးနှင့် နစ်နာကြေးများလည်းမရှိကြောင်း သိရသည်။
အထောက်အထားစောင့်ဆိုင်းနေချိန်ဖြစ်၍ အလုပ်သမားများကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုရှိလျှင် ထိုအလုပ်ရုံက ကူညီပေးမှုရှိသည်ဟု ဆိုသည်။
ငြင်းပယ်ရန်ခက်သည့် အချိန်ပို
အလုပ်သမားများသည် တစ်ရက်လျှင် အချိန်ပို ခြောက်နာရီအပါဝင် ၁၅ နာရီကြာအလုပ်လုပ်ကြရလေ့ရှိပြီး လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ခြင်း၊ ကားစီးခြင်း၊ လက်မှတ်ထိုးခြင်းတို့အတွက် ငါးနာရီခန့်အချိန်ပေးရ၍ အိပ်စက်အနားယူချိန် လေးနာရီသာရှိကြောင်း ကိုကျော်က ဆိုသည်။
“ဒီအလုပ်က ဘာမှန်းလည်းမသိသေးဘူး။ အိုတီ(အချိန်ပို) မလိုလို့ မယူဘူးပြောရင်လည်း မရဘူး။ သူတို့ ခြောက်နာရီပေးရင်လည်း ခြောက်နာရီလုံးယူရတယ်။ ငါးနာရီပေးရင် ငါးနာရီလုံးယူရတယ်။ မယူရင် နောက်ရက် မဆင်းနဲ့တို့ဘာတို့ အဲဒီလိုတွေဖြစ်ကုန်တာ။ ဒီမှာ အခက်အခဲဖြစ်နေတဲ့သူတွေက အလုပ်မရှိမှာကို ကြောက်တယ်။ ထိုင်းထဲမှာ အခုကာလ အလုပ်မရှိရင် တအားပင်ပန်းတယ်”ဟု သူက ပြောသည်။
ထို့ကြောင့် အလုပ်မရှိမည်ကို စိုးရိမ်၍ ကြိတ်မှိတ်လုပ်ကြရသည်ဟု ၎င်းက ဆိုသည်။

ပစ္စည်းများထုပ်ပိုးခြင်း၊ ကားတင်ပေးခြင်းလုပ်ငန်းဖြစ်၍ ခက်ခဲကြမ်းတမ်းစွာမလုပ်ရသော်လည်း အိပ်စက်ချိန်နည်းပါးလွန်းခြင်းကြောင့် အလုပ်သွား၊ အလုပ်ပြန်နှင့် လုပ်ငန်းခွင်ထဲ၌ အိပ်ချင်စိတ်ကို အတင်းထိန်းချုပ်၍ လုပ်ကိုင်ရကြောင်း နောက်ထပ်အလုပ်သမားတစ်ဦးဖြစ်သူ ကိုထွေးက ဆိုသည်။
ညလုံးပေါက်အလုပ်လုပ်ရခြင်းကြောင့် လုပ်နိုင်စွမ်းလျှော့လာချိန် ဝဏဟုခေါ်သည့် ထိုင်းနိုင်ငံသား အလုပ်သမားခေါင်းဆောင်များက အော်ဟစ်လေ့ရှိကြောင်း သူက ဆိုသည်။
“(အလုပ်တအားပင်ပန်းချိန်) ညဉ့်နက်လို့ အပြင်မှာသွားပြီး နားနေလို့ရှိရင် တစ်နာရီလောက် နာရီဝက်လောက်ဖြစ်သွားရင် အလုပ်က ဘန်းလိုက်တယ်။ ဘန်းတယ်ဆိုတော့က အဲဒီတစ်ရက်ကို နားပစ်လိုက်ခိုင်းတယ်။ အိုတီလည်းမပေးဘူး။ ရက်လည်းမပေးဘူး” ဟု ကိုထွေးက ပြောသည်။
ထိုအလုပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုသည် အိပ်စက်ချိန်နည်းခြင်းဖြစ်ပြီး အလုပ်သမားတိုင်းက အိပ်ရေးမဝကြောင်း ပြောဆိုကြသည်။
အချိန်ပိုများပြီး ငွေရမှန်ခြင်းကြောင့် အိပ်စက်ချိန်ကို ထည့်မတွက်ပဲ ငွေရှာသူများလည်းရှိကြောင်း ကိုအောင်ချစ်က ဆိုသည်။ ထို့အပြင် အလုပ်ရှာရန်အတွက် ပွဲစားများကို စမတ်ကြေးဟုခေါ်ဆိုသည့် အကျိုးဆောင်ခအများအပြားပေးရန်မလိုသဖြင့် ကြိုက်နှစ်သက်သူများလည်းရှိကြောင်း သိရသည်။
အချိန်ပိုအပါအဝင် လုပ်ခလစာသည် တစ်ရက်လျှင်ဘတ် ၇၀၀ ခန့်ရပြီး ယခင်က လုပ်ခလစာကို ပွဲစားမှတဆင့် တစ်ပတ်တစ်ကြိမ် ငွေရှင်းပေးခဲ့ရာမှ ယခုအခါ လစဉ် ၂၀ ရက်နေ့ရောက်တိုင်း ငွေရှင်းပေးမည်ဖြစ်ကြောင်း ကိုအောင်ချစ်က ဆိုသည်။
“တကယ်ပိုက်ဆံလိုချင်စိတ်ရှိတဲ့သူက အလုပ်မရွေးဘူးပေါ့။ ပိုက်ဆံ ရှာချင်တဲ့သူက မြန်မြန်ဆန်ဆန်နဲ့ရတယ်ပေါ့။ အခုဏ ပြောသလို တစ်လတစ်ခါလည်း မဟုတ်ဘူး။ ပိုက်ဆံလည်း မရတာမရှိဘူး။ တစ်ပတ်တစ်ခါရှင်းရင် သူတို့အတွက် စားဝတ်နေရေး အဆင်ပြေတယ်ပေါ့ဗျာ။ အခန်းဖိုးလေးဘာဖိုးလေး။ လုံးလုံးကြီး အလုပ်ကို လုရှာစရာမလိုဘူးပေါ့” ဟု သူက ဆိုသည်။

စဉ်းစားချက်ကိုယ်စီရှိကြသော်လည်း အလုပ်သမားအများစုကမူ အထောက်အထားများရလာလျှင် အလုပ်သမားအခွင့်အရေးရပြီး ပုံမှန်လခစားအလုပ်ကို ပြောင်းမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
ထို့ကြောင့် အထောက်အထားများမြန်မြန်ရရန် မျှော်လင့်နေကြောင်း ကိုထွေးက ဆိုသည်။
“ကောင်းတဲ့စက်ရုံမှာလုပ်မယ်။ ဒီလို တောက်လျှောက်ကြီး လုပ်နေရတဲ့အလုပ်ကို ဘယ်သူက လုပ်ချင်မှာတုန်း။ Work Permit (အလုပ်လုပ်ခွင့်ပါမစ်ကတ်) မရှိလို့လုပ်နေတာပေါ့။ Work Permit ရတဲ့သူတွေကတော့ ထွက်မဲ့သူတွေချည်းပဲ” ဟု သူက ဆိုသည်။
အထောက်အထားများကြန့်ကြာခြင်း
တိုင်းတစ်ပါးတွင် ငွေရှာပြီး မိသားစုကို ပြန်လည်ထောက်ပံ့မည်ဟုမျှော်လင့်ချက်များဖြင့် ထိုင်းသို့ ရောက်လာသော အလုပ်သမားများသည် နေ့စဉ်ဘဝရပ်တည်ရှင်သန်ရေး ကြုံရာကျပန်းနေ့စားနှင့် ပုတ်ပြတ်အလုပ်များ လုပ်ကိုင်နေရခြင်းသည် အထောက်အထားရရန်ကြန့်ကြာမှုနှင့် ဆက်စပ်နေကြောင်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
ထိုင်းအစိုးရသည် အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန် အထောက်အထားမဲ့ ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများကို အလုပ်လုပ်ခွင့်ပါမစ်နှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ပန်းရောင်ကတ်ဟုခေါ်သည့် ယာယီသက်သေခံကတ်ပြားကို အလျဉ်းသင့်သလိုဆုံးဖြတ်ချက်ချ၍ ပြုလုပ်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှိနေပြီးသားလူဟောင်းများကို သက်တမ်းတိုးခြင်း၊ လူအသစ်များအတွက် အသစ်ပြုလုပ်ခြင်းတို့ပါဝင်သည်။ ပြီးခဲ့သည့် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် အထောက်အထားမဲ့ဝင်လာသော မြန်မာများအတွက် အလုပ်လုပ်ခွင့်ပါမစ်အသစ်ပြုလုပ်ရန် ဖွင့်ပေးခဲ့သည်။

သို့သော်လည်း အလုပ်လုပ်ခွင့်ပါမစ်နှင့် ပန်းရောင်ကတ်စသည့် အထောက်အထားများမပြည့်စုံခြင်း၊ ထိုအထောက်ထားများမရရှိသဖြင့် အလုပ်ရှင်ပြောင်းခွင့်မရခြင်းတို့ကြောင့် ရရာအလုပ်အကိုင်ကို ဝင်လုပ်နေရကြောင်း မဟာချိုင်မြို့အခြေစိုက် မြန်မာ့အလင်း အလုပ်သမားကူညီရေးအဖွဲ့ ဦးဆောင်သူ ဦးနေလင်းသူက ပြောသည်။
“Work Permit ဆိုတဲ့ ကတ်ပြားတွေ မထွက်တဲ့အတွက်၊ ပန်းရောင်ကတ်တွေမထွက်တဲ့အတွက် အဲ့ဒီဟာတွေ စုံမှသာလျှင် အလုပ်ပြောင်းဖို့အတွက် ထွက်စာတွေရမှာပေါ့။ အဲ့ဒါတွေရမှ သာလျှင် အလုပ်တစ်ခုကို ကောင်းကောင်းလျှောက်လို့ရမှာ” ဟု ၎င်းက ရှင်းပြသည်။
“အလုပ်သမားတွေက အဲဒီကတ်ပြားတွေလည်း မထွက်သေးဘူး။ ပန်းရောင်ကတ်တွေလည်း မထွက်သေးတဲ့အခါကြတော့ အဲ့ဒါတွေကို ထိုင်စောင့်ရင်း ထိုင်စောင့်ရင်းနဲ့ လက်ရှိအခက်အခဲကို ဖြေရှင်းဖို့ အခုဏပြောတဲ့နည်းလမ်းကို သုံးရတယ်”
အထောက်အထားများရရန် အလုပ်သမားများသည် ပွဲစားများမှတဆင့် အနည်းဆုံး ဘတ် ၆,၀၀၀ မှ ၈,၅၀၀ အထက်ပေး၍ စာရင်သွင်းမှတ်ပုံတင်ထားကြရပြီး လက်တွေ့ထုတ်ယူရန်ကြန့်ကြာနေကြောင်း သိရသည်။
ထို့ကြောင့် နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းရန် နေ့စားနှင့် ပုတ်ပြတ်အလုပ်များကိုလုပ်ကိုင်ကြရပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာလုပ်သားငါးသိန်းကျော်ရှိသည့် မဟာချိုင်တွင် ထိုအခြေအနေကို ပိုမိုတွေ့လာရကြောင်း ၎င်းက ဆိုသည်။
“ရတဲ့အလုပ်ကို ဆွဲလုပ်နေရတယ်။ နေ့စား ပုတ်ပြတ်လိုပေါ့။ အဲ့အလုပ်တွေက ကြာလာရင် ကလေးတွေ အတွက် ကျန်းမာရေးစိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မှ မအိပ်ရတာ။ အိပ်ချိန်မှ မရှိတာ” ဟု သူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တရားဝင်မဟုတ်သည့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး အထောက်အထားမဲ့နေဆဲ မြန်မာရွှေ့ပြောင်းလုပ်သားတို့သည် ၎င်းတို့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပွဲစားများ၊ အလုပ်ရှင်များနှင့် တရားမဝင် အချိတ်အဆက်များကိုသာ အလွန်အမင်း မှီခိုအားထားနေရကြောင်း ချင်းမိုင်တက္ကသိုလ်မှ သုတေသီ အမ်ပွန် ဂျီရတ်တီကွန် (Amporn Jirattikorn) က ပြောသည်။
“ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝလုံခြုံသေချာမှုမရှိခြင်းဆိုတာက အချို့သောအလုပ်ရှင်တွေက သူတို့ အလုပ်သမားတွေ ပြည်နှင်ဒဏ်ပေးခံရမှာကို အမြဲစိုးရိမ်မှုအပေါ် အခွင့်ကောင်းယူ ခေါင်းပုံဖြတ်တာတွေ ဖြစ်နိုင်သလို အာဏာပိုင်တွေကလည်း ဘေးဒုက္ခကြုံတွေ့နေရသူတွေကို အကာအကွယ်ပေးဖို့ထက် ရွှေ့ပြောင်းအခြေချမှုကို ထိန်းချုပ်ဖို့ကိုပဲ ပိုပြီး ဦးစားပေး စီမံတာမျိုးလည်း ဖြစ်ပါတယ်” ဟု အမ်ပွန်းက ဆိုသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချမှုများ သိသိသာသာ မြင့်တက်လာခြင်းက ထိုင်းနိုင်ငံ၏ လုပ်သားဈေးကွက် အခင်းအကျင်းကို ပြောင်းလဲသွားစေခဲ့သလို ခေါင်းပုံဖြတ်ခံရနိုင်ခြေများနှင့် ကြုံတွေ့နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဖြစ်ပေါ်လာစေခဲ့ကြောင်း ပြောသည်။
ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)က ၂၀၂၅ နှစ်ဆန်းတွင် ထုတ်ပြန်ခဲ့သောအချက်အလက်များအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်းကျော်ရှိနေပြီး တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား ၂ ဒသမ ၂ သန်းကျော်ရှိကြောင်း သိရသည်။
နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ(MOU) စနစ်ဖြင့် လာရောက်သည့် အလုပ်သမား ၂၆၁,၀၁၀ ရှိပြီး အထောက်အထားမဲ့ ၁ ဒသမ ၇ သန်းခန့်ရှိနိုင်သည်ဟု IMO ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စီပွားရေးကျပ်တည်းမှုနှင့် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများရှိပြီး အဓမ္မစစ်မှုထမ်းခိုင်းမှုကို ရှောင်ရှားရန် လူငယ်လူရွယ်များက ရသည့်နည်းလမ်းဖြင့် ထွက်ခွာမှုများရှိခဲ့သည်။ အရေအတွက်အတိအကျ မည်မျှရှိသည်ကို မသိရသေးပေ။
ရွှေ့ပြောင်းသူများပြားလာခြင်းကြောင့် အလုပ်အကိုင်မရေရာမှုများပိုဖြစ်လာကြောင်း IOM ၏ ထုတ်ပြန်ချက်က ဆိုသည်။ အာဏာမသိမ်းခင်ကထက် အလုပ်သမားများ၏ အခြေအနေများသည် ပိုဆိုးလာကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က ထောက်ပြကြသည်။
လွန်ခဲ့သည့် ခြောက်လဝန်းကျင်တွင် ကိုကျော်၏ ဇာတိရွာ၌ လူငယ်အများပြားသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်းနှင့် အခြားနိုင်ငံများသို့ အလုပ်ထွက်လုပ်ကြသဖြင့် သူကိုယ်တိုင်လည်း မျှော်လင့်ချက် တနင့်တပိုးဖြင့် ထိုင်းနိုင်ငံတွင် ငွေရှာရန် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
မိဘများကို ငွေပြန်ပို့ရန်မျှော်လင့်ခဲ့သော်လည်း အခြေအနေအရ အခန်းခနှင့် စားသောက်စရိတ်အတွက် မနည်းရှာနေရသည်။ သူစောင့်နေသော အထောက်အထားများမှာလည်း ယခုနှစ် အောက်တိုဘာလရောက်မှ ရရှိမည့်အခြေအနေရှိနေသည်ဟု သူက ဆိုသည်။
သို့သော်လည်း လူငယ်များကို အဓမ္မစစ်ထဲဖမ်းထည့်နေပြီး ဘက်ပေါင်းစုံ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ပြည်တော်ပြန်ရန်လည်းမဖြစ်နိုင်သေးကြောင်း သူက ဆိုသည်။
အခြားတစ်ဖက်တွင် အထောက်အထားမဲ့ဘဝဖြင့် အခွင့်အရေးအပြည့်ဝရရန် မျှော်လင့်ချက်မဲ့နေဆဲဖြစ်ကြောင်း ၎င်းက ယခုကဲ့သို့ ပြောလိုက်သည်။
“ကိုယ်တွေက ခေတ်မကောင်းတဲ့ အချိန်မှ ရောက်လာတော့ အခွင့်အရေးဘာမှမရှိဘူးဖြစ်သွားတယ်။ လောလောဆယ်တော့ မျှော်လင့်ချက်က ဘာမှမရှိဘူးဖြစ်နေတယ်။ ကိုယ့်ဘာသာအဆင်ပြေရုံလောက်ပဲ။ စားဖို့သောက်ဖို့ရပြီး အခန်းခပုံမှန်ရှင်းနေဖို့လောက်ပဲ”



