
သံတံခါးကြီး ပိတ်သွားချိန်တွင် ဘဝတစ်ခုလုံး ရပ်တန့်သွားခဲ့ရသော်လည်း၊ ထိုသံတံခါးကြီး ပြန်ပွင့်လာချိန်တွင်မူ ပြင်ပကမ္ဘာကြီးသည် အစစအရာရာပြောင်းလဲနေခဲ့ပြီဖြစ်သည်။
နှစ်ရှည်လများထောင်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာကြသူများအတွက် ထောင်ပြင်ပဘဝသည် ပန်းခင်းသောလမ်းမဟုတ်ခဲ့ပါ။ ပြင်ပလူမှုဝန်းကျင်၏ စိမ်းကားမှု၊ စီးပွားရေးအကျပ်အတည်း၊ အမြဲခြောက်လှန့်နေသော လုံခြုံရေးအန္တရာယ်နှင့် စိတ်ဒဏ်ရာများကို ကြံ့ကြံ့ခံရင်း ဘဝအသစ် ပြန်စကြရသည်။
မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် ငါးနှစ်ကျော်မျှ နေထိုင်ခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ကိုထူးအောင်(အမည်လွှဲ)သည် ဇာတိမြေသို့ပြန်လည်အခြေချနေထိုင်နေရသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သော်လည်း စီးပွားရေး၊ လူမှုရေးအကျပ်အတည်းများကြားတွင် ဘဝသည် အခြေမကျသေးပေ။
စစ်အာဏာမသိမ်းမီ အတိတ်ကာလကမူ သင့်တင့်သည့်ဝင်ငွေ၊ အတည်တကျရှိသောအလုပ်အကိုင်ဖြင့် မိသားစုကို ပူပန်မှုမရှိစေရန် တာဝန်ကျေပွန်စွာလုပ်ကျွေးနိုင်ခဲ့သည့် အိမ်ထောင်ဦးစီးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ယခုမူ ထိုအခြေအနေတို့က အတိတ်ကာလတွင်ကျန်ရစ်ခဲ့ပြီဟု ကိုထူးအောင်က ပြောသည်။
“ကျွန်တော်တို့က နိုင်ငံရေးနောက်ခံကြောင့် အလုပ်ရှင်တွေက အလုပ်ခန့်ဖို့ဆိုတာထက် စကားပြောဖို့တောင် တော်တော်ဝန်လေးတာမျိုးတွေ တွေ့ရတယ်။ ဒါ့ကြောင့်အလုပ်ရှာတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းသားဟောင်းလို့တောင် အသိခံလို့မဖြစ်ဘူး”ဟု ကိုထူးအောင်က ဆိုသည်။
ထောင်ကလွတ်သည့် တစ်နှစ်ကျော်အချိန်အတွင်းပင် စီးပွားရေးအကျပ်အတည်းနှင့် လုံခြုံရေးအခြေ အနေများကြောင့် အလုပ်ရှစ်ခုထက်မနည်း ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်။ လုပ်ငန်းခွင်တချို့တွင် အလုပ်ရှင်က သဘောကောင်းသော်လည်း စစ်ဆေးရေးနှင့်စစ်တပ်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ထွက်သွားလာမှုရှိနေပါက ကိုယ်တိုင်စိတ်မလုံခြုံခြင်းကြောင့် အလုပ်မှ နုတ်ထွက်ခဲ့ရသည့် ဖြစ်ရပ်များလည်းရှိသည်ဟု ၎င်းက ပြောပြသည်။
ထောင်မှလွတ်လာသော်လည်း စိတ်ဒဏ်ရာနှင့်စိတ်ပိုင်းဆိုင်ရာအခြေအနေများအရ ထောင်ထဲက မလွတ်မြောက်နိုင်သေးဟု ခံစားနေရကြောင်း ဆက်ပြောပြသည်။
ကဗျာဆရာမိတ်ဆွေတစ်ဦးက သူ ထောင်ကျနေစဉ်အတွင်း “အစ်ကိုရေ… အကျဉ်းနဲ့အကျယ်ပဲ ကွာတာပါ။ ကျွန်တော်တို့က အတူတူပါပဲ”ဟု စကားပါး အားပေးခဲ့ဖူးသည်။ ယခုမူထိုအတိုင်းပင်။ နေ့စဉ်ဘဝတွင် ယူနီဖောင်းများကို မြင်ရလျှင်ဖြစ်စေ၊ လက်ဖက်ရည်ဆိုင်ထိုင်ရုံမျှဖြစ်စေ စိတ်မလုံခြုံမှု ခံစားရသည်ဟု ကိုထူးအောင်ကဆိုသည်။
ထောင်အပြင် ပတ်ဝန်းကျင်၏ ရုန်းကန်ရမှုများသည် ကိုထူးအောင်တစ်ယောက်တည်း ကြုံတွေ့နေရသည့် အိမ်မက်ဆိုးတော့ မဟုတ်ပါ။ စိတ်လွတ်လပ်ခွင့် ပျောက်ဆုံးနေရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစွာရှိနေပါသည်။
ပြင်ပလောကကြီး ပြန်ရောက်ချိန် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များသာမက ရုပ်ပိုင်းဆိုင်ရာအရပါ ထောင်တွင်းတွင် ညှဉ်းပန်းခံခဲ့ရခြင်းကြောင့် နောက်ဆက်တွဲရောဂါများ ခံစားနေကြရသူများလည်း ရှိကြသည်။

ထိုအထဲတွင် မန္တလေး၊ အိုးဘိုထောင်မှ သုံးနှစ်ကျော်ကြာ နေထိုင်ခဲ့ရပြီး လွတ်လာသည့်” ကိုကျော်သူ (အမည်လွှဲ) တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြမှုဖြင့် နန်းတွင်းစစ်ကြောရေးတွင် လူမဆန်စွာ ရိုက်နှက်နှိပ်စက်ခံရပြီး ဒဏ်ရာများ ရခဲ့သည်၊ ပြန်လည်လွတ်လာသည် အထိ ဝေဒနာများ ခံစားနေရဆဲဖြစ်သည်။
နောက်ဆက်တွဲအဖြစ် ခါးနာခြင်း၊ ဆီးနှင့်ကျောက်ကပ်ဝေဒနာများအတွက် နေ့စဉ်နှင့်အမျှ ဆေးကုသမှု ခံယူနေရသလို၊ ယခင်ကလို ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်တော့ခြင်းကြောင့် ရေရှည်ရပ်တည်ရေးကိုပါ ခက်ခဲစေကာ ဘဝကိုအသစ်ကပြန်စရန်ပင် လမ်းပျောက်နေရသည်ဟု ကိုကျော်သူကဆိုသည်။
“ရာသီဥတုအေးတဲ့အချိန်တွေဆိုရင် ဒဏ်တွေကနာတယ်။ ကိုက်တယ်။ ပြီးတော့ ဆီးသွားရခက်တာပေါ့နော်။ ဆီးမသွားနိုင်တာတွေလည်း မကြာခဏဖြစ်တယ်”ဟု ကိုကျော်သူက ပြောပြသည်။
ထိုသို့သော ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများအပြင် မလုံခြုံသောပြင်ပလောကမှ အခြေအနေဆိုးများကြောင့် ယခုထက်တိုင် ထောင်ကျသကဲ့သို့ပင် နေထိုင်နေရကြောင်းဆိုသည်။
“လူက အပြင်မှာသာနေရတာလေ။ မလုံခြုံဘူး။ ကိုယ်တင်မဟုတ်ပါဘူး။ ရှိသမျှလူ အကုန်လုံးက လုပ်ငန်းရှင်တွေ ရော၊ သူဌေးတွေ၊ ဆင်းရဲသားတွေမချန် အကုန်လုံးက ဘယ်သူမဆို နေ့စဉ်နဲ့အမျှ ဖမ်းခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာကိုး” ဟု ဆိုသည်။
“အတွင်းနဲ့အပြင်ဆိုရင် နံရံတွေကြားမှာ နေရတာနဲ့ လွတ်လွတ်လပ်လပ်နေရတာနဲ့ ဒါပဲကွာတာပါ။ အားလုံးက ထောင်ကျနေသလိုခံစားချက်ကြီး”
အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းကြောင့် စားဝတ်နေရေးခက်ခဲနေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများအပြင် လုံခြုံရေးဆိုင်ရာ ခက်ခဲသည့်အခြေအနေများလည်း ရင်ဆိုင်နေကြရသည်ဟု ကိုကျော်သူက ပြောပြသည်။
“ကျွန်တော်နဲ့အတူ လွတ်လာတဲ့နိုင်ကျဉ်းတချို့ဆိုရင် အပြင်ရောက်တာ နှစ်နှစ်လောက်ရှိပြီ။ အခုချိန်ထိ အလုပ်အကိုင်အတည်တကျ မရကြဘူး။ တောက်တိုမယ်ရလေးတွေနဲ့ ခက်ခက်ခဲခဲရုန်းကန်နေကြရတယ်”ဟု ဆိုသည်။
စားဝတ်နေရေးအခက်အခဲသာမက နိုင်ကျဉ်းဖြစ်သည့်အတွက် စောင့်ကြည့်ခံရခြင်း၊ အစစ်အဆေးခံရခြင်းစသည့် လုံခြုံရေးအန္တရာယ်များရင်ဆိုင်ကြရသည်။
“လူထူထူထပ်ထပ်ထဲ သွားရင် ဒီကောင်တွေက ယူနီဖောင်းဝတ်ထားပြီး မဲမဲမြင်ရာရန်မူချင်တဲ့စိတ်ရှိတော့၊ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့လေ၊ သူတို့မြင်ရင်ကို မလုံခြုံဘူးလို့ ခံစားနေရတာ။ ဒါ့ကြောင့် ဒီကောင်တွေနဲ့ မပတ်သက်ချင်လို့ကိုရှောင်တယ်။ အေးဆေးနေတယ်”ဟု ပြောသည်။
မိတ်ဆွေများက ပေးသော ဝေဒနာ
နိုင်ကျဉ်းဟောင်းတို့ရင်ဆိုင်ရသည်မှာ အဆိုပါ လုံခြုံမှုမရှိသည့်ပတ်ဝန်းကျင်မျှပင် မကပေ။ ၎င်းတို့ကို ပိုမိုအနာတရဖြစ်စေသည်မှာ လူမှုပတ်ဝန်းကျင်၏ စိမ်းကားမှုဖြစ်သည်ဟုဆိုသည်။
တချိန်က အရင်းနှီးဆုံးဟူသည့် မိတ်ဆွေများကပင် ပြဿနာတက်မည်စိုး၍ ရှောင်ဖယ်သွားကြခြင်း၊ ပတ်ဝန်းကျင်၏ “မင်းတို့ အနေအထိုင်မတတ်လို့ ထောင်ကျတာ၊ ဟီးရိုးလုပ်ချင်လို့ ခံရတာ နည်းသေးတယ်”ဟူသော ရင်နာစရာ ဝေဖန်ကဲ့ရဲ့မှုများကလည်း ရင်ဝကို ဆောင့်ကန်သလိုရှိလှသည်ဟု ကိုကျော်သူကဆိုသည်။
“လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ကိုယ်နဲ့ထိုင်ရင် အဖမ်းခံရတော့မှာလိုလို၊ ကိုယ်ရောက်လာရင် ထပြေး ကြတာတို့၊ မခေါ်ရဲ၊ မပြောရဲတဲ့သူတွေတောင်ရှိတယ်”
သို့သော် ထိုသို့သော အထီးကျန်မှုနှင့် အချို့သော ကဲ့ရဲ့ရှုတ်ချမှုတို့ကြားတွင် မိမိနိုင်ငံအတွက် လုပ်သင့် လုပ်ထိုက်သည့် တာဝန်များကို ပြည်သူတစ်ဦးအနေဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အကြောင်း တွေးတောမိရင်း ထောင်ကျခဲ့သည်ကို ဂုဏ်ယူမိသည်ဟု ၎င်းကဆိုသည်။
“အခုလည်း နိုင်ရာတာဝန်ထမ်းတယ်။ ကိုယ်တတ်နိုင်တာမှာ ပါဝင်တယ်။ ကိုယ့်ဆွေမျိုးထဲမှာတောင်မှ စစ်တပ်နဲ့ မကင်းသူတွေ၊ ဝန်ထမ်းလုပ်နေတဲ့သူတွေ၊ CDM မလုပ်သူတွေ မပတ်သက်တော့ဘူး။ ကင်းအောင်နေလိုက်တယ်”ဟု ပြတ်သားစွာဆိုသည်။

ပြောင်းလဲနေသော နည်းပညာခေတ်နှင့်အမီလိုက်ရန် စိန်ခေါ်မှု
ထောင်တွင်း၌ လေးနှစ်၊ ငါးနှစ် ဖြတ်သန်းခဲ့ရသူများအတွက် နည်းပညာတိုးတက်မှုသည်လည်း အဓိက စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။ တချိန်က Facebook ခေတ်ဟု ပြောလို့ရသကဲ့သို့ပင် ယခုအခါ TikTok နှင့် AI ဉာဏ်ရည်တု နည်းပညာကြီးစိုးရာ ကမ္ဘာသို့ရောက်ရှိလာသည်။
ထိုနည်းပညာများကိုလည်း ခေတ်နှင့်တသားတည်းဖြစ်အောင် အမီလိုက်၍လေ့လာရသည်ဟု နိုင်ကျဉ်းဟောင်းအများစုက ဆိုကြသည်။
မန္တလေးမှ နိုင်ကျဉ်းဟောင်း တစ်ဦးကလည်း ခေတ်နှင့်ညီသည့်နည်းပညာများ၊ လုပ်ငန်းများ၊ လုပ်ခလစာများ၊ ကုန်ဈေးနှုန်းများနှင့် အသားကျစေရန် တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရသည်ဟု ဆိုသည်။
“အထဲမှာ ကျွန်တော် လေးနှစ်လောက်ပဲနေခဲ့ရတာပါ။ ဒါတောင်မှ ဒီနှစ်တွေအတွင်းမှာ နည်းပညာတွေရော၊ လုပ်ငန်းတွေရော၊ ကုန်ဈေးနှုန်းတွေရော အတော်ပြောင်းလဲသွားတယ်။ အဲဒီလိုပြောင်းလဲသွားတာတွေအပေါ် လိုက်လျောညီထွေနေနိုင်ဖို့ တစ်နှစ်ကျော်ကြာတယ်”ဟု ကိုကျော်သူက ဆိုသည်။
လက်ရှိတွင် နိုင်ကျဉ်းဟောင်းများအနေဖြင့် ခက်ခဲသော်လည်း အချင်းချင်းကူညီဖေးမ`i အလုပ်အကိုင် များပေးခြင်း၊ ခြိုးခြံမျှတစားသောက်ခြင်းတို့ဖြင့် ရှေ့ဆက်နေကြရသည်ဟု သူက ပြောသည်။
ထောင်ကထွက်လာသည့် နိုင်ကျဉ်းအချို့ဆိုလျှင် ရရာလုပ်ငန်းများ မဆိုင်းမတွ ကုန်းရုန်းလုပ်ကိုင်ကာ ထောင်ထဲ ကျန်ရစ်ခဲ့သည့် အကျဉ်းသားများကို ထောက်ပံ့ကူညီရန် ဝင်ငွေရှာကြသည်ဟု ဆိုသည်။
“ဘာပဲပြောပြော အပြင်မှာက အလုပ်လုပ်ပြီး စားလို့ရသေးတယ်၊ အထဲကသူတွေက အတော်ခက်ခဲကြတာ။ နေမကောင်းရင်တောင် ဆေးဝါးမရှိဘူး၊ ကျန်းမာရေးဖောက်ရင်တောင် အသေခံကြရတာ” ဟု ကြုံတွေ့ခဲ့ရဖူးသည့် ထောင်အတွင်းဆေးကုသပေးမှုအခြေအနေများ အကြောင်း ပြောပြသည်။
“အရေးပေါ်အသည်းအသန်ဖြစ်လို့တောင်မှ အဆင့်ဆင့်အကြောင်းကြားရပြီး တစ်နာရီကျော်ကြာမှ လာလုပ်ပေးတယ်။ သေမယ့်သူကသေနေပြီ။ အဲဒီလို အချိန်မမီလို့ သေသွားတဲ့သူတွေတောင်ရှိတယ်”
ထိုမျှကြမ်းတမ်းလှသည့်ကြောင့် ဆေးဝါးကုသနိုင်ရန်အပါအဝင် ထောင်ဝင်စာ အစားအသောက်များ ကောင်းကောင်းမွန်မွန်ရောက်ရှိရန် ၎င်းတို့နိုင်ကျဉ်းအချို့က ထောင်ပြင်ပတွင် ခက်ခဲစွာ ရုန်းကန်နေကြသည်။
“ကျွန်တော့်အသိ အမျိုးသမီးနိုင်ကျဉ်းတစ်ယောက်ဆိုရင် အထဲကလူတွေရဲ့ထောင်ဝင်စာအတွက် ကားဂိတ်တွေမှာ ပန်းလိုက်ရောင်းပြီး ရုန်းကန်တယ်။ တကယ်ချီးကျူးစရာ”ဟု သူကဆိုသည်။

ထောင်တွင်း၊ ထောင်ပြင် နိုင်ကျဉ်းဟောင်းများအတွက် အကူအညီများလိုအပ်
လက်ရှိတွင် အဆမတန်မြင့်တက်လာသောကုန်ဈေးနှုန်းအရှိန်အဟုန်သည် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုဝင်များအပေါ် ရိုက်ခတ်မှုအပြင်းအထန်ဆုံးဖြစ်နေသည်။
ယခင်ကငွေကျပ်တစ်သိန်းခန့်ဆိုလျှင် ထောင်ဝင်စာအတွက်လိုအပ်သည့် အစားအသောက်နှင့် ကုန်ပစ္စည်း အချို့ကို တစ်ပတ်စာစုံလင်စွာထည့်ပေးနိုင်သော်လည်း ယခုအခါ ထိုငွေပမာဏသည် တစ်ပတ်စာ ဟင်းနှစ်မျိုးစာ သို့မဟုတ် အခြေခံပစ္စည်းလေးငါးမျိုးခန့်ကိုပင် မနည်းဝယ်ယူနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ထိုသို့ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အချို့သောမိသားစုများသည် ထောင်ဝင်စာပေးပို့ရမည့် အကြိမ် အရေအတွက်ကိုလျှော့ချရသည်၊ သို့မဟုတ် ပမာဏကို သိသိသာသာလျှော့ချ၍ ပို့ဆောင်နေရသည်။
ထို့အပြင် နယ်ဝေးမှ လာရောက်တွေ့ရသည့် မိသားစုများမှာလည်း ရုန်းကန်လှုပ်ရှားမှုတွင် ပိုကျပ်တည်း လာကြသည်။
ထိုကဲ့သို့ မိသားစုများ ထောင်ဝင်စာလျှော့ချပို့နိုင်တော့သည့် နောက်ဆက်တွဲရလဒ်အဖြစ် နိုင်ကျဉ်းများမှာ တိုက်ရိုက်ဆိုးကျိုးခံစားနေရသည်။ အကျဉ်းထောင်အတွင်း ကျွေးမွေးသည့် အစားအစာများမှာ အာဟာရပြည့်ဝမှုမရှိပေ။ ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ရှင်သန်ရေးအတွက် မိသားစုက ပို့ပေးသည့်ထောင်ဝင်စာများကိုသာ မှီခိုနေရခြင်းဖြစ်သည်။
အာဟာရဓာတ်လုံလောက်စွာ မရရှိခြင်း၊ လိုအပ်သောဆေးဝါးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ပြတ်လပ်လာခြင်းတို့ကြောင့် ထောင်အတွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ပိုမိုစိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေကြသည်ဟု သိရသည်။
ထို့ကြောင့် သံတိုင်များနောက်က နိုင်ကျဉ်းများနှင့် ၎င်းတို့၏နောက်ကွယ်တွင် ရုန်းကန်နေရသည့် မိသားစုများအတွက် ပြည်တွင်းပြည်ပလူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက် ရှိနေသလို ထောင်ပြင်ပဆိုသော်လည်း အကျယ်ချုပ်ထဲရောက်ရှိနေသလို ခံစားနေရသည့် နိုင်ကျဉ်းဟောင်းများ၏ ဘဝရပ်တည်ရေးသည်လည်း စိန်ခေါ်မှုများပြည့်နှက်လာနေသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ- မြန်မာ (ICRC) နှင့် တော်လှန်ရေးအရပ်ဘက်အဖွဲ့အချို့ကလည်း ထောင်ကျနေသော အကျဉ်းသားများကို ကူညီပေးနေသည်ဟု ဆိုထားကြသည်။

ICRC က မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာနေထိုင်ရခြင်း၊ ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း သို့မဟုတ် ထိန်းသိမ်းခံရခြင်း တို့ကြောင့် ကွဲကွာသွားသော မိသားစုများ အဆက်အသွယ်ပြန်လည်ရရှိစေရန် ခရီးစရိတ်ပံ့ပိုးမှု အစီအစဥ်များ လုပ်နေသည်ဟု ဆိုထားသည်။ ထို့အပြင် ICRC က အရေးပေါ်ဖုန်းနံပါတ်နှင့် ဆက်သွယ်ရမည့် ရုံးရှစ်ရုံးခန့်၏ လိပ်စာကို ဖော်ပြကြေညာထားသည်။
ပြည်သူအချင်းချင်း ကူညီသည့် လှုပ်ရှားမှုတချို့လည်း ရှိသည်။
“ထောင်ဝင်စာ ပို့ကြမယ်” အမည်ဖြင့် ထောင်ကျသူများနှင့်မိသားစုဝင်များကို ထောက်ပံ့ကူညီနေကြသည့် အဖွဲ့များကို အွန်လိုင်းလူမှုကွန်ရက်တွင် တွေ့နိုင်သည်။
စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ရုပ်ပိုင်းဆိုင်ရာအရလွတ်မြောက်လာခဲ့သော်လည်း စိတ်ဒဏ်ရာများ၏ခြောက်လှန့်မှုကို ခံစားနေကြရသည့်နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးသည် လွန်စွာအရေးကြီးလှသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က PTSD, Depression, Anxiety စသည့်စိတ်ဝေဒနာများခံစားနေရသည့် နိုင်ကျဉ်းဟောင်းများကို ကူညီနေသည်၊ စိတ်ကျန်းမာရေး၊ မိမိကိုယ်ကိုပြန်လည်ပြုစုပျိုးထောင်ရေးဆိုင်ရာ အွန်လိုင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်ဟု သိရသည်။
“လက်လှမ်းမီတဲ့နိုင်ကျဉ်းဟောင်းတွေ၊ ဆက်သွယ်လာတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုတွေ လုပ်ပေးနေပါတယ်။ လတ်တလော လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ သင်တန်းတွေ လုပ်ပေးနေပါတယ်။ အဲဒီသင်တန်းလုပ်ရတဲ့ရည်ရွယ်ချက်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တလွဲသိမြင်နေတာတွေ လျော့ပါးသွားပြီး လိုအပ်လာရင် ကျွမ်းကျင်တဲ့သူတွေဆီကို ချိတ်ဆက်နိုင်ဖို့လည်း ပါဝင်ပါတယ်”ဟု AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော်က Myanmar Now ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်အထိ AAPP လက်လှမ်းမီသမျှ ပြုစုထားသည့် မှတ်တမ်းအရ ပြည်သူ ၈၀၀၀ ကျော် အသတ်ခံရ၊ ၃၁၀၄၀ ထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်၊ ထိုအထဲမှ ၁၄၂၅၆ ဦး ဆက်လက်ထိန်းသိမ်းခံထားရသည်။
အာဏာသိမ်းစစ်တပ်က အကျဉ်းသား ထောင်နှင့်ချီ ပြန်လွှတ်ပေးသည်ဟုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသား စောင့်ကြည့်ရေးအဖွဲ့များက ပြန်လွတ်လာသူများထဲတွင် နိုင်ကျဉ်း အရေအတွက် နည်းပါးသည်ဟု ဆိုထားကြသည်။



